တရားရှုသည်ဆိုသည်မှာ

Share

တရားရှုသည်ဆိုသည်မှာ

တရားရှုနည်း အကြောင်းကို တရားရှုနေသူက ပြောသောအခါ သဘာဝကျသည်။ ရေရေ လည်လည်လည်း ဖြစ်တတ်သည်၊ အကြောင်းအကျိုး ညီညွတ်ပြည့်စုံနိုင်သည်၊ လက်တွေ့နှင့်လည်း ယှဉ်သဖြင့် စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။

အမှန်တော့မူ ဟောကြားတော်မူသည့် သတိပဌာန် လေးပါးတွင် ဝေဒနာ၊ ကာယ၊ စိတ္တ၊ ဓမ္မ ဟူ၍ လေးမျိုးရှိသည်။ စာရေးသူသည် စိတ္တအကြောင်းကို ပြောလေ့ရှိသည်။ ဆိုသည်မှာ ပေါ်သော စိတ်ကလေးအား ရှုရန် ဖြစ်သည်။ ယင်းကိစ္စမှာ လွယ်ကူသည် ပေါ်လာသော စိတ်ကို သိသည်နှင့် ဤစိတ် မမြဲဘူးဟု အနိစ္စရှုခြင်း ဖြစ်သည်။ ပေါ်လာသမျှတိုင်း အနိစ္စ ရှုသောအခါ အနိစ္စ ရှုသော ကမ္ဘာ၌ ကျင်လည် ကျက်စားရင် အခြား မည်သည့် အာရုံမှ မ၀င်တော့ပါ။

ဤကိစ္စမှာ လေ့ကျင့်လျှင် ဖြစ်သည်သာ ဖြစ်သည်။ အနိစ္စ ရှုဖန်များသောအခါ အနိစ္စရှုခြင်း ကမ္ဘာထဲ၌ တိုးဝင်သွားသည်။ ထိုအခါ အနိစ္စရှုခြင်း မှတစ်ပါး ဘာမှမ၀င်စား ဖြစ်တော့ချေ။ အနိစ္စ ရှုနေခြင်း ကမ္ဘာထဲ၌သာ ကျင်လည်ကျက်စားရင်း ဆက်လက်၍ ရှုဖန်များသောအခါ လောကကြီးနှင့် အဆက်ပြတ်သွားသည်။ ထိုအခါ ငြိမ်းချမ်းမှုမှတစ်ပါး အခြား ဘာမှ အာရုံမရတော့ပါ။

ဤလေ့ကျင့်ခန်းမှာ ကြိုးစားလျှင် ဖြစ်သည်သာ ဖြစ်သည်။ ကျင့်ဖူးသော နားလည်သူက ပြောသဖြင့်လည်း နည်းနိဿယမှာ လွယ်ကူ သက်သာသည်၊ တိကျသည်။ အနိစ္စ ရှုရန်သာ အားထုတ်ရသည်၊ ရှုဖန်များလာ သောအခါ အနိစ္စရှုခြင်း ကမ္ဘာထဲ၌သာ ကျင်လည် ကျက်စားလာလျှက် လောက၏ အပူအပင်များမှ ကင်းဝေးကာ ငြိမ်းချမ်းမှုကို ရရှိသွားသည်။

ဤကိစ္စမှာ လက်တွေ့ ကျင့်ဖူးသူတိုင်း သိကြသည်။ လက်တွေ့ ကျင့်လျှင် အနိစ္စရှုရခြင်း၌ ပျော်ရွှင်စရာ ကဲ့သို့ ဖြစ်သွားသည်။ ပျော်ရွှင်ခြင်းကိုမူ လျှော့တွက်၍ မရချေ၊ “သဗ္ဗရသော ဓမ္မရသာဇိနာတိ” ဟူသော စကားလည်း ရှိသည်။ “သဗ္ဗရတိံဓမ္မရတိံဇိနာတိ” ဟူသော စကားရှိရာ ခပ်သိမ်းကုန်သော မွှေ့လျော်ဖွယ်ရာ အရသာတို့တွင် တရားနှင့် မွှေ့လျော်ခြင်း အရသာသည် အထူးအကဲဆုံး ဖြစ်သည်။ ထို့ကြောင့် တရားနှင့် မွှေ့လျော်ခြင်းကို လေးစားရမည်သာ ဖြစ်သည်။ တရား၌ ၀င်စားနေလျှင် ချီးကျူးရမည်သာ ဖြစ်သည်။

တရား၌ အရသာရှိသည် ဆိုသည်ကို ကျင့်ဖူးသူတိုင်းသာ သိသည်၊ မကျင့်ဖူးသူများ မသိချေ။ ထို့ကြောင့် ၎င်းတို့က ကန့်ကွက် တတ်သည်။ “တရားပဲဗျာ အရသာ ရှိရဦးမှာလား?” လို့ ဟူ၍ တရား၏ အရသာအား လောဘနှင့် ယှဉ်၍ ပြစ်မှား ပုတ်ခတ် တတ်သည်။ အမှန်မှာ တရားကို အရသာ ရှာဖွေ တွေ့ရှိကြောင်း ကိစ္စမှာ တရားနှင့် ညီသည်။

တရားအရသာသည် အခြားအရသာနှင့် မတူချေ။ တစ်နည်းအားဖြင့် အာရုံငါးပါးနှင့် မတူချေ။ အာရုံငါးပါးမှ ရသော အရသာသည် ယာယီအရသာဖြစ်၍ အပေါ်ယံ သုခသာ ဖြစ်သည်။ တရားအရာသာမှာ အတွင်းအနှစ်သာရ သုခ ဖြစ်သည်။ ထို့ကြောင့် တရားဖြင့်ရသော အတွင်းအနှစ်သာရ အရသာကို တန်ဖိုးထား ရလေသည်။ တရားနှင့် အပြစ်ကင်းစွာ ငြိမ်းချမ်းလျှက် ချမ်းသာနေခြင်းသည် ဗုဒ္ဓဘာသာတို့ လိုလားအပ်သော ငြိမ်းချမ်းမှုပင် ဖြစ်သည်။

အနိစ္စကမ္ဘာထဲ၌ ရှုဖန်များလျှင် အလေ့အကျင့် ရလာသည်။ အလေ့အကျင့် ကောင်းလာလျှင်မူ အနိစ္စကမ္ဘာ ထဲ၌သာလျှင် ၀င်စားလျှက် နောက်ပိုင်း ထိုးဖောက်သွားရာ အထိ ရရှိသွားနိုင်သည်။ “ကိလေသေ မာရန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” ဟူသော စကားရှိသည်။ အာရုံ ပေါ်လာသမျှတို့ကို အပျက်တရားဟု ရှုဖန်များလျှင် ရှုသောတရားမှာ မဂ်ဉာဏ်သို့ ကူးသည်။ ရှေ့ကဖြစ်ပျက် နောက်ကမဂ် ဟူသော စကားလည်း ရှိသည် မဟုတ်ပါလား။

ထို့ကြောင့် တရားရှုခြင်း ဆိုသည်မှာ ပေါ်သမျှ သိသမျှကို အနိစ္စတင်ခြင်းပင် ဖြစ်သည်။ တင်နိုင်လေလေ ကောင်းလေလေ ဖြစ်သည်။ အနိစ္စတင်ဖန် များသောအခါ ကျွမ်းကျင် နိုင်နင်းလာသည်။ မသိစိတ်များပါ အနိစ္စ တင်လာနိုင်သည်။ ထိုအခါ ငြိမ်းချမ်းမှုသည် မလွှဲမသွေ ရတော့သည်သာတည်း။ အနိစ္စတရား များသည် ငြိမ်းချမ်းမှု ဖက်သို့ ခေါ်ဆောင် သွားတော့သည် သာတည်း။

အနိစ္စတရားများကို အားကိုးရ သကဲ့သို့ ရှိသည်။ အနိစ္စသည် နိဗ္ဗာန်ကို တစ်နည်းအားဖြင့် လမ်းပြ သကဲ့သို့ ရှိသည်။ အနိစ္စတရား ရှုဖန်များသော် အနိစ္စကို ရှုရင်း “ကိလေသေ မာရန္တော နိဗ္ဗာနံ ဂစ္ဆတီတိ မဂ္ဂေါ” ဟူသကဲ့သို့ မဂ်ဉာဏ် မှ ဖိုလ်ဉာဏ်သို့ ကူးကာ နိဗ္ဗာန်သို့ စံမြန်းနိုင်သည်။ မဂ္ဂဖလာန မာလမ္ဗဏဘူတော အသင်္ခတဓမ္မော ဟူ၍ ဖြစ်သည်။ မဂ်ဉာဏ်သည် ဖိုလ်ဉာဏ်သို့ ကူးကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင် စွမ်းလျှက် ချမ်းသာခြင်းကို ဖြစ်စေသည်။

ထို့ကြောင့် အနိစ္စရှုခြင်း၊ အပျက်ရှုခြင်း၊ အနိစ္စလက္ခဏာ တင်ခြင်း၊ ပယ်ခြင်း၊ လက်မခံခြင်း တို့သည် စိတ္တသင်္ခါရ များအပေါ် အောင်နိုင် လွှမ်းမိုးနိုင်သော ကျင့်စဉ်များ ဖြစ်သည်။ ဤကျင့်စဉ်ကို လက်တွေ့ ကျင့်သောအခါ မိမိ၏ ပေါ်စိတ်အား အနိစ္စ ရှုရမည်ကို ၀န်မလေး သကဲ့သို့ ဖြစ်လာသည်။ ထိုအခါ ရှုရင်း ရှုရင်း အရှုခံတရား များသည် နူးညံ့ သိမ်မွေ့လာရာ နောက်ဆုံး အနုဆုံး အပိုင်းအထိ ရှုမြင်လာနိုင်သည်။ (Practice makes perfect.) ဆိုသကဲ့သို့ လေ့ကျင့်ဖန် များသောအခါ ကျွမ်းကျင် နိုင်နင်းလာသည်။

ထို့ကြောင့် တရားရှုလိုသော ပုဂ္ဂိုလ်များသည် ပေါ်စိတ်ကို အနိစ္စ ရှုရန်သာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *