တရားအားထုတ်လိုလျှင် .. ..

Share

တရားအားထုတ်လိုလျှင် .. ..

တရားအားထုတ်တဲ့အခါ အသေးစိတ်နဲနဲ ပြောပြချင်ပါတယ် .. ..
တရားအားမထုတ်မီ ဘုရားကို ရုပ်နာမ်လှုတာကောင်းပါတယ်။ အဓိပ္ပာယ်ကတော့ ကိုယ်တွေးချင်ရာ မတွေးပါဘူးဆိုတဲ့ သဘောပါပဲ .. ..
အတွေးတွေပေါ်ရင် အပျက်ရှုမယ်ဆိုတဲ့ အဓိဌာန်ပါပဲ။ ဒီတော့ ရုပ်နာမ်ကို ဘုရားလှုလိုက်တော့ ကိုယ်က ကိုယ့်ရုပ်နာမ် ကိုယ်မပိုင်တော့ ကိုယ်တွေးချင်ရာ မတွေးဘူးဆိုတဲ့ သဘောပါပဲ။ အနိစ္စအတွက် အားတက်စရာ ဖြစ်တာပေါ့။
တစ်ချို့က “တရားထိုင်တာပဲ၊ တရားပဲ ဘာသာခြားလည်း ထိုင်နိုင်တယ်၊ ဗုဒ္ဓဘာသာ မဟုတ်လည်း ထိုင်နိုင်တယ်” လို့ ပြောတာဟာ ဒါ – အလကား စိတ်ကူးယဉ် ပြောတာပါ။ တကယ်ကျတော့ တရားရဖို့ဆိုတာ ဘုရားထားခဲ့တဲ့တရားကို ရချင်တာဆိုတော့ ဘုရားကို ဦးထိပ်ထားရတယ်။ ဘုရားကို ဦးထိပ်မထားရင် ရကိုမရဘူး။ ဒါ ဘယ်သူတွေဘာပြောပြော လက်တွေ့ကျတော့ မရဘူး။ မရဘူး၊ အရိယာ မဖြစ်ဘူး၊ နိဗ္ဗာန် မမြင်နိုင်ဘူး။ ထင်မိထင်ရာ သမထတို့ ဆာဒူးတို့ ဖကီးတို့ ကျင့်စဉ်တွေပဲရမယ်။ ဘုရားကို ဦးထိပ်မထားပဲ မရပါဘူး။
တစ်ချို့က သဘောထားကြီးသလိုလို ဘာလိုလိုနဲ့ ဘယ်ဘာသာမဆိုရတယ် ဘာညာနဲ့ ပြောနေတာ လွဲမှားနေတာ .. .. တကယ်တော့ နားမလည်လို့ပါ သူတို့ သိမှမသိပဲ .. .. နိဗ္ဗာန်တကယ် တွေ့အောင် မကျင့်တော့ လျှောက်ပြောတာပဲ။ တကယ်တော့ မြတ်စွာဘုရား ဦးထိပ်ထားရတယ်။
ဗုဒ္ဓဘာသာ (သို့မဟုတ်) ဘုရားထားခဲ့တဲ့တရားကို သိဖို့ ကြိုးစားတာ ဘုရားကို ဦးထိပ်ထားရမှာပေါ့။ ဒါ သဘာဝလည်း ကျပါတယ်။ ဦးထိပ်ထားပြီးတော့ ရုပ်နာမ်လှူလိုက်တော့ ကိုယ်က နည်းနည်းပေါ့သွား တာပေါ့လေ .. .. ကိုယ်က တွေးချင်ရာ မတွေးတော့ဘူး ဆိုတဲ့ သဘောပါပဲ။ တရားတစ်ထိုင်မှာ ကိုယ်မပိုင်တဲ့ သဘောလေးပေါ့။ အဲဒီအခါမှာ သန့်စင်တဲ့သီလ၊ တည်ငြိမ်တဲ့သမာဓိ၊ ရင့်ကျက်တဲ့ အိနြေ္ဒ ရလာတာ ဒါအခြေခံ အချက်တွေပေါ့နော် .. .. အဲဒီအခါကျတော့ ၀ိပဿနာ ဖြစ်ထွန်းတာပေါ့။
အဲဒီတော့ ခုနက ကျွန်တော်ပြောသလိုပဲ စိတ်ကိုချေလိုက် စိတ်ကို ဖောက်လိုက်ပြီး အလွှာတစ်ခုကို ထိုးဖောက်လို့ ပေါက်သွားရင် ပေါက်အောင်ဖောက်နိုင်တာက မဂ်အားလိုဖြစ်သွားပြီးတော့ မဂ်က နေပြီးတော့ ဖိုလ်ကိုကူးပြီး နိဗ္ဗာန်မျက်မှောက်ပြုဖို့ ရှိပါတယ်။
ဒီတော့ ကြိုးစားပါ .. .. ဖြစ်ရပ်တွေရဲ့ အကွေ့လေးတွေ အကွေ့လေးတွေမှာ ကျွန်တော်လည်း ရှိနေမှာပဲ။ ကြိုးစားကျင့်ရင် ကျွန်တော်လည်း ဆက်ဆက်ညွှန်မှာပဲ။ ဥပမာ စိတ္တာနုပဿနာနဲ့ ဆိုတာ မတူတော့ မတူဘူးပေါ့ .. .. စိတ္တာနုပဿနာက နည်းနည်းကြမ်းတာပေါ့နော် .. .. ဓမ္မာနုပဿနာက နုတာပေါ့ ဒီသဘောပါပဲ။ ဒီတော့ ဘာလာလာ အပျက်ရှုတယ်ဆိုတော့ ပြီးတာပါပဲ။ ဒါလိုရင်း တိုရှင်းပဲ သူတော်ကောင်းတွေ ချီးမြှင့်ထားတဲ့တရားပဲ .. .. ကြိုးစားပါ။
ကျင့်စဉ်နဲ့ ပတ်သက်လို့ကတော့ အသေးစိတ် ကျွန်တော့ကို အားနာစရာမလိုဘူး။ ကျွန်တော်ကတော့ ပြောပြမှာပဲ .. .. ဘာလို့တုန်းဆိုတော့ ကျွန်တော် ကျင့်ခဲ့တာကလည်း နှစ်ပေါင်းကလည်း များနေတော့ ကျွန်တော် ၀သီပေါ်လည်း ရနေပြီ .. .. အထုံကလည်း သိပ်ကောင်းနေပြီဆိုတော့ ကျွန်တော့ အဖို့မှာ ၀န်မလေးပါဘူး .. .. ပေါ့ပေါ့ပါးပါးနဲ့ ပြောပြ ရှင်းပြနိုင်ပါတယ်။ ဖြစ်လည်း ဖြစ်ထွန်းစေချင်ပါတယ်။
နိဗ္ဗာန်ကြီး တကယ်ရှိတာဆိုတော့ ဗုဒ္ဓဘာသာလည်း ဖြစ်တယ်ဆိုရင် ဒါ ကိုယ်က အားရှိစရာ သိပ်ကောင်းတာပဲ .. .. ကျင့်ချင်တယ်ဆို ရတာပါပဲ။ ရနည်းလေးကို ရဖူးတဲ့ပုဂ္ဂိုလ်က ပေးလိုက် တော့လည်း လွယ်သွားတာပေါ့ .. .. နောက်တစ်ခုက မရောက်ဖူးတဲ့ ပုဂ္ဂိုလ်က ပြောရင် ခက်နေတာ ပဲ။ သူမှ မရောက်ဖူးတော့ သူက လမ်းညွှန်တော့ မသိတဲ့ပုဂ္ဂိုလ်က ပြောတော့ ဘယ်ရမလဲ .. .. အခု သိတဲ့ပုဂ္ဂိုလ်က ပြောပြီဆိုတော့ ရပါပြီ။ အားတက်ပါ .. .. အားပေးလျှက်ရှိကြောင်း သိစေလိုပါ တယ် .. ..
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)
မြန်မာနိုင်ငံ

This entry was posted in Buddhism, Frontpage and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *