ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၄၀)

Share

ဝိပဿနာကျင့်စဉ်နှင့်အဆင့်မြင့်ကဏ္ဍများ (၄၀)

Bism2သစ္စာဝါဒီများ ပဌာန်းဆက်ပါသလိုပဲ ဝိပဿနာ နှလုံးသွင်း ဆင်ခြင်မှုတွေတတ်တော့ အားလုံး ဝမ်းသာစရာ ဖြစ်နေပါတယ်။ ဝိပဿနာဆိုတာ အားလုံးသိတဲ့အတိုင်း အဟုတ်ကျင့်ဖူးတဲ့ ပုဂ္ဂိုလ်က ပြောမှ ခိုင်တာပါ။ ဒါက မိမိက အဟုတ်ကျင့်ဖူးလို့ ပြောတာတော့ မဟုတ်ဘူး။ ဝိပဿနာဆိုတဲ့ အဓိပ္ပာယ်ကိုက အဟုတ်ကျင့်ဖူးတဲ့ ပုဂ္ဂိုလ်ကပြောမှပဲ ခိုင်တယ်။ လက်တွေ့နဲ့ ကျင့်ကြံ အားထုတ်ထားတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီး ပြောတာပေါ့နော် –။

စာရေးသူတို့ကျတော့ ဆရာကောင်း ဆရာမြတ်ထံမှာလည်း တပည့်ခံဖူး၊ ကျင့်ကြံ အားထုတ်ခဲ့ဖူးပြီး ကိုယ်ကလည်း ဆက်လက်ပြီးတော့ ကျင့်ကြံဖြစ်ခဲ့လေတော့ သစ္စာဝါဒီများအတွက် အားကိုးမယ်ဆိုလည်း အားကိုးစရာပါ။ ဝိပဿနာကတော့ စာရေးသူရဲ့ Specialization လို့ ပြောရင်လည်း ရပါတယ်။

သစ္စာဝါဒီများ အခုနှလုံးသွင်းနေတာ အင်မတန်မှလည်း ကောင်းပါတယ်၊ ရဲရဲရင့်ရင့်သာ နှလုံးသွင်းပါ၊ နေ့တိုင်းပဲ ဆင်ခြင်ဝင်စားပါ – အင်မတန် အကျိုးများပါတယ်။ မြတ်စွာဘုရားလည်း မိန့်တော်မူတယ်လေ ပုဝါဖြူလေး နှလုံးသွင်းနိုင်တဲ့ အခါမှာ မဂ်ပေါက် ဖိုလ်ဝင်အထိ ကျေးဇူးပြုသွားတာပေါ့နော်။ ဒီလိုပဲ နှလုံးသွင်းရင် အောင်မြင်တာပါပဲ။ ဒါ အောင်မြင်ဖူးတဲ့ ပုဂ္ဂိုလ်က ပြောတဲ့အခါကျ သစ္စာဝါဒီတွေလည်း ယုံကြည်သက်ဝင်မှု အင်အားကောင်း စေတာပေါ့။

အနိစ္စပါပဲ – သိပ္ပံပညာကလည်း ဒါပဲ ထောက်ခံတာပါပဲ – သူကတော့ အကြမ်းဖျဉ်းပေါ့၊ ဗုဒ္ဓဘာသာကတော့ အနုစိပ်ပေါ့၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ ဆိုတာ အရမ်းနုညံ့တယ်။ တစ်ခါတစ်ခါ တရားဝင်စားလို့ နေလို့ အရမ်းကောင်းတယ်၊ ပေါ့တယ်၊ ငြိမ်တယ်၊ ကြည်လင်တယ်၊ ဒါဟာ ဓမ္မသဘာဝတွေပါပဲ။ ရင်ထဲမှာ ဟာတာတာ ဖြစ်တယ်တို့ ဘာတို့က ဓမ္မသဘာဝတွေပါ။ နောင်တော့ အသေးစိပ်လည်း ဆွေးနွေးလို့ရပါတယ်။ အခုတော့ အနိစ္စသာဆင်ခြင်ပါ၊ ဘယ်သူပြောပြော ဂရုမစိုက်နဲ့ သစ္စာဝါဒီများ – လောကကြီးမှာ ဘေးထိုင်၊ ဘောက်ပြော၊ ဘုတီးတဲ့ အဖွဲ့အစည်းကရှိနေတာ အားလုံးလည်း အသိပဲ။ သူတို့တစ်တွေက မျောက်သစ်ကိုင်းလွတ် ဖြစ်နေကြတာ၊ ဟိုဟာလည်းမဟုတ် ဒီဟာလည်းမဟုတ်ဆိုတော့ ကိုယ့်ကိုလည်း ဟိုဟာလည်းမဟုတ် ဒီဟာလည်းမဟုတ်အောင်လို့ မြေခွေးအမြီးပြတ် ပြောချင်ကြရင် လက်မခံနဲ့ သစ္စာဝါဒီများ။ သူတို့က ဘာမှနားလည်တာလည်း မဟုတ်ဘူး၊ ကျင့်ဖူးတာလည်း မဟုတ်ဘူး။ (မပြောကောင်းလို့သာ) သစ္စာဝါဒီများကို အားရှိအောင်ပြောချင်တာက “မင်းတို့ တကယ့်တကယ် ကိုယ်တို့ကို ဆန့်ကျင်ဘက် တိုက်ချင်တယ်ဆိုရင် ငါတို့ရဲ့ စာရေးသူနဲ့ တွေ့မလား” ဆိုပြီးတော့ ဒီလိုထိပ်တိုက် (Confrontation) လုပ်လို့ရပါတယ်။ စာရေးသူဘက်ကတော့ ရပါတယ် – သို့သော်လည်း ထားပါတော့။

တရားလိုင်းမှာတော့ ဒီလိုတွေ မပြောလိုပါဘူး၊ သို့သော်လည်း သူတို့က အဖျက်တရားတွေက ဝင်တတ်လွန်းလို့ပါ။ ဝိပဿနာ စစ်တာမစစ်တာ သူတို့တစ်တွေက ကျင့်တာလည်း မဟုတ်ဘဲနဲ့။ သစ္စာဝါဒီများကတော့ ကျင့်ကြပါ၊ မိမိကိုယ်တိုင် ဆရာ့လက်အောက်မှာ (၁၀) နှစ် တိတိကျင့်ခဲ့တယ်။ အခုနှစ်ပေါင်း (၄၀) ကျော် လည်း ကျင့်ခဲ့ပြီ၊ ဒီထက် ခိုင်မာတာတော့ မရှိတော့ပါဘူး။

အနိစ္စသာ ဆင်ခြင်ပါ။ တစ်လုံးတည်း – များများ မဟုတ်ဘူး တစ်လုံးပဲ။ အလုပ်လုပ်ဖို့ အရေးကြီးတယ်။ ဟိုပြော ဒီပြော ပြောပြီးတဲ့နောက် အလုပ်မဖြစ်တော့ အလကားပဲ။ သူတို့က နောက်ပိုင်းကျတော့ ဘေးထိုင် ဘောက်ပြော ဘုတီးတဲ့အဖွဲ့ထဲ ရောက်သွားမှာပါ။

ဒီတော့ သစ္စာဝါဒီများ ကျင့်နေတာကို သာဓုခေါ်တယ်၊ လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါတယ်။ ကျင့်ပါ တရားတော်မှာ အာမခံချက် ရှိပါတယ်။ ကိုယ်တိုင် တွေ့သိ ခံစားဖူးလို့လည်း အကြံဥာဏ် ပေးနေတာဖြစ်ပါတယ်၊ ကြိုးသာ ကြိုးစားပါ၊ သစ္စာဝါဒီများရဲ့ ကျောထောက် နောက်ခံဘက်က စာရေးသူဟာ ထာဝရနဲ့ အင်အား အပြည့်ရှိတယ်ဆိုတာ ယုံကြည်သက်ဝင်ပါ။ ကိုယ့်အုပ်စုနဲ့ကိုယ်ပေါ့ ကိုယ့်ပဌာန်းဆက် ရှိတဲ့ ပုဂ္ဂိုလ် အချင်းချင်းပဲ ကျင့်ကြ၊ ဆင်ခြင်ကြ၊ ဝင်စားကြ၊ အောင်မြင်ကြ၊ တိုင်ပင်ကြ၊ နှီးနှောကြ၊ ပျော်ရွှင်ကြ – ဒါတွေဟာ မိမိတို့ ဝိပဿနာသမားများရဲ့ ခံစားထိုက်တဲ့ အကျိုးကျေးဇူးတွေပဲလို့ ဖော်ပြလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *