ဝိပဿ နာ နှင့် အဆင့်မြင့်ကဏ္ဍများ 32

Share

ကျင့်စဉ်နှင့် အဆင့်မြင့် ကဏ္ဍများ

အပိုင်း ၃၂

ယောဂီများကို အားရလျက်ရှိပါတယ်။ ယောဂီများကလည်း ၀ိပဿနာကို စိတ်ဝင်စားတယ်။ ကျင့်နည်းကလည်း အလွယ်တကူရထားတော့ ကျင့်သာတာပေါ့။ ပေါ်သမျှ ရှုရုံပါပဲ။ ငါးမိနစ်ရရ၊ ဆယ်မိနစ်ရရပေါ့။ တစ်ချို့ကတော့ လည်း တစ်နာရီ အဓိဌာန်တယ်။  နှစ်နာရီ အဓိဌာန်တယ်။ ဒါပေမယ့် အဓိဌာန်ချင်တဲ့ ပုဂ္ဂိုလ်တွေကတော့ အဓိဌာန်ပါစေ။ ယောဂီများကတော့ အဓိဌာန်ဖို့လိုတယ်လို့ မတိုက်တွန်းပါဘူး။ ရသလောက်သာကျင့်။ နှလုံးသွင်း။ အနိစ္စသာကျင့်။ ဒါလိုရင်းနဲ့ သော့ချက်ပဲ။ အနိစ္စသာကျင့်။ ဘာမဆိုပျက်တာပဲ။ စိတ်ကပျက်တယ်။

တစ်ချို့ကစိတ်ကို ပျက်တယ်လို့ မရှုရဲဘူး။ သနားစရာကောင်းတယ်။ ဗုဒ္ဓဘာသာ မဖြစ်သေးလို့ပါ။ ဗုဒ္ဓဘာသာဖြစ်ရင် စိတ်ဆိုတာ ဒုက္ခသစ္စာထဲမှာလေ မြတ်စွာဘုရားဟောတာပဲ။ ဒုက္ခသစ္စာထဲမှာ ရုပ်နာမ်ကပါတာ။ အဲ့ဒီတော့ စိတ်ဆိုတာ ရှုရမှာပဲ။ ရှုသာရှု ယောဂီများ အမှန်အကန်ပဲ။  တစ်ချို့က နားမလည်ကြလို့ပါ။ တောပြော တောင်ပြောနဲ့။ မြတ်စွာဘုရားရဲ့ တရားကို လိုက်တာ သိပ်ကောင်းတယ်။ ဒါပေမယ့် အဓိပ္ပာယ်မှန်ကန်တိကျဖို့လိုတယ်။ အဲ့ဒါ ဆရာကောင်းသမားကောင်းလည်း ရဖို့လိုတယ်။ တစ်ချို့ကအဘိဓမ္မာကြီးတောင်လိုက်တာပဲ။ ဒါပေမယ့် အဓိပ္ပာယ် တိကျမှန်ကန်စွာ မလိုက်တတ်ဘူး။ အဲ့ဒီတော့ အဘိဓမ္မာရွှေတံဆိပ်ရတဲ့ ပုဂ္ဂိုလ်ကလည်း အိုးနင်းခွက်နင်းနဲ့။ နိဗ္ဗာန်ဆိုတာ ချမ်းသာတဲ့စိတ်တို့ဘာတို့။ သူတို့က စိတ်ကို မလွှတ်နိုင်ဘူး။ အထူးသဖြင့် အဘိဓမ္မာလိုက်ပြီးတဲ့နောက် မှန်မှန်ကန်ကန် မြတ်စွာဘုရားရဲ့တရားကို အဓိပ္ပာယ် အနက် ကောင်းစွာမဖော်နိုင်တဲ့ ပုဂ္ဂိုလ်တွေက ဒီစိတ်ကို မလွှတ်နိုင်ဘူး။ သနားစရာပဲ။ သူတို့ဟာ ဗုဒ္ဓဘာသာမစစ်သလိုပါပဲ။

တစ်ချို့လည်း သာသနာသန့်ရှင်းရေးတွေဘာတွေ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဟိတ်ဟန်ကြီးပြီး ရာထူးတစ်ချိန်က ကြီးခဲ့ပြီးတော့ သာသနာကို လုပ်ချင်တာ လုပ်ခဲ့တာ။ ပရမ်းပတာ လုပ်ခဲ့တာ။ ဒါပေမယ့် သူတို့ဟာ အနှစ်သာရမရှိဘူး။ အကျင့်အားလည်းမရှိဘူး။ ဘယ် ဘုန်းကြီးတွေကို နှိပ်စက်ရမလဲဆိုတဲ့ ရှုထောင့်ကပဲ ကြည့်တာ။ ၀မ်းနည်းစရာကောင်းပါတယ်။ သွားရာလမ်းကတော့ သေချာပါတယ် အဂတိသွားမှာပဲ။ သွားပါစေ။ သွားမယ့်ဒီပုဂ္ဂိုလ်တွေက မစွံပါဘူး။ သာသနာအတွက် အနှောင့်အယှက်ဖြစ်တယ်။ နိုင်ငံတော်ကလည်း သူတို့ဟာ အနှောင့်အယှက်ဖြစ်ကြောင်းသိလို့ တစ်ချိန်ကလည်း တော်တော့်ကို ပြစ်ပြစ်နှစ်နှစ် ပြစ်တင် ရှုံ့ချခဲ့တာပဲ။ ခေါင်းထောင်ချင်လို့လည်းမရပါဘူး။ နိုင်ငံတော်က ဦးနှောက်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ သူဘယ်ဆရာလုပ်လို့ ရမလဲ။ ဒါပေမယ့် ကြိုးစားနေရှာတယ်။

တချို့ကလည်း တရားပလ္လင်ပေါ်ကနေ တသီးပုဂ္ဂလပေါ့။ ဥပမာ စာရေးသူတို့လို ပုဂ္ဂိုလ်ကို ချိုးချိုးနှိမ်နှိမ်ပြောချင်တယ်။ စာရေးသူတတ်တဲ့ ဒဿနိကတောင် မိစ္ဆာဒဿနဆိုပြီး လုပ်သေးတယ်။ အံ့သြစရာကောင်းပါတယ်။ စာရေးသူကို မုန်းရင် မုန်းလိုက်စမ်းပါ။ ဘာဖြစ်လို့ ဘာသာရပ်ကို သွားပြီး မုန်းရတာလဲ။ ယောဂီများ ဒါတွေကို တိုင်ပင်ပြောပြောနေတာပါ။ ယောဂီများကတော့ အနိစ္စပဲ ရှုပါ။ မှန်ကန်လွန်းလို့ပြောတာပါ။ မနာလိုခံပြီးတော့ ပြောနေရတာလဲဖြစ်ပါတယ်။ ဒါပေမယ့် ယောဂီများ ဘာမှ ကြောင့်ကျ စရာမရှိဘူး။ မှန်တာပဲ။ အနိစ္စသာရှု။ အနိစ္စတစ်လုံး ပိုင်ရင် ကိစ္စပြီးတယ်။ ကဲ . ယောဂီးများ တစ်ခွန်းသင်ပေးလိုက်မယ်။ အနိစ္စတစ်လုံး ပိုင်ရင် ကိစ္စပြီးတယ်။ ကြိုးသာ ကြိုးစားပါ။ သာဓုခေါ်လျက်ရှိတဲ့အကြောင်း သတင်းကောင်းပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *