နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် .. ..

Share

နိဗ္ဗာန်ကိုရောက်ဖို့ဆိုရင် .. ..

နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာက ရောက်ပါတယ်။ ကိုယ်ကသွားချင်ဖို့ပဲလိုတာ။

ယောဂီတစ်ချို့က နိဗ္ဗာန်ကို အဝေးကြီးလို့ထင်ကြတယ်။ အဲဒါမှားတယ်။ နိဗ္ဗာန်ဆိုတာ အဝေးကြီးလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို ကာလဌာနကို မရှိတာ။ ဒီတော့ ဝေးတယ်လို့ ပြောလို့မရဘူး။ ကိုယ်သွားချင်တဲ့အပေါ်မှာနဲ့ ကိုယ်ကျင့်ကြံတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ခက်ခဲတာတော့ ခက်ခဲပါတယ်။ မဖြစ်နိုင်တဲ့ဟာတော့ မဟုတ်ပါဘူး။ ဒါဟာ ရှင်းပါတယ်။

ဗုဒ္ဓဘာသာတွေဟာ အားလုံးထက်သာတာ အဲဒီအချက်ပဲ။ နိဗ္ဗာန်ရှိရမယ်လို့ အနုမာနမျက်မှန်းဆ နိုင်တယ်။ အဲဒါက ဗုဒ္ဒဘာသာတွေက သာလည်းသာတယ်၊ ချစ်စရာလည်းကောင်းတယ် – အမှန်ပါပဲ။ တွေက တွေ့ပြီးပြီပဲ။ သိပ္ပံပညာရှင်တွေက သဘာဝရဲ့ အခြေခံအမှုန်လေးတွေကို တွေ့သလိုပဲ။ ဗုဒ္ဓဘာသာ သူတော်ကောင်းကြီးတွေဟာ နိဗ္ဗာန်ကို တွေ့ပြီးသွားပြီ။

သူတော်ကောင်းကြီးတွေဆိုတာတော့ သိတဲ့အတိုင်းပဲ နိဗ္ဗာန်ကိုတွေ့အောင် ကြိုးစားတယ်လေ။ ခက်တော့ ခက်တာပေါ့ သူတို့က ရုပ်နာမ်ကို အကောင်းဆုံးလို့ မယူဘူး။ အဲဒါက အရေးတော့ကြီးတယ်။ ရိုးရိုးပုဂ္ဂိုလ်တွေက နိဗ္ဗာန်မတွေ့ဘူးသေးတော့ ရုပ်နာမ်ကို အကောင်းဆုံးလို့ယူတယ်။

ကောင်းတာကတော့ ဗုဒ္ဓဘာသာအဆိုအဆုံးမက နိဗ္ဗာန်ကို မရောက်သေးလို့ ရောက်သလို ယုံတာမျိုးတော့ မခိုင်းဘူး၊ မတောင်းဆိုဘူးပေါ့။ မရောက်နိုင်ဘူး၊ မရှိနိုင်ဘူးလို့ မယူရင်ပြီးတာပဲ – အဲဒီလောက်ပါ ပဲ။ ရောက်နိုင်လို့ သူတော်ကောင်းတွေက ရောက်အောင်ကြိုးစားပြီး ရောက်တဲ့အခါမှာ ရောက်ကြောင်းတွေ ဟောတော်မူကြတာပဲလို့ ဒီလို အနုမာန မျက်မှန်းဆနိုင်ရင် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်တာပါပဲ။

ရုပ်နာမ်ကိုတော့ မကောင်းဘူးလို့မြင်ရတယ်။ နိဗ္ဗာန်သွားတဲ့ပုဂ္ဂိုလ်က ရုပ်နာမ်ကို မကောင်းဘူးလို့ မြင်ရတယ်။ ဒီတော့ ရုပ်နာမ်ဆိုတာလည်း အို၊နာ၊သေဘေးက မလွတ်တော့ မကောင်းဘူးလို့ ယူလို့ရပါ တယ်။ နိဗ္ဗာန်ကတော့ ရုပ်နာမ်ထက် ကောင်းတာကိုး။ နိဗ္ဗာန်ကိုသွားတဲ့ အခါကျတော့ ရုပ်နာမ်မပါဘူး။ အဲဒါလေးက အံ့သြမယ်ဆို အံ့သြစရာပဲ။ ဆရာကောင်းသမားကောင်း ဖူးတွေ့ဖူးတဲ့ပုဂ္ဂိုလ်မှ သိကြတာ။

နိဗ္ဗာန်ကိုသွားတဲ့အခါကျတော့ အရိယာတိုရဲ့ နဲ့သွားတာ။ ဉာဏ်ဆိုတာက ရုပ်နာမ်ကို ပိုင်းခြားတယ်။ အဲဒီစကားလုံးကို ပါဠိလို (ပရိံညာတဗ္ဗကိစ္စ) လို့ခေါ်တယ်။ အရိယာတွေရဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ်က ရုပ်နာမ်ကို ပိုင်းခြားပစ်လိုက်တာ။ ပိုင်းခြားနိုင်တဲ့ သတ္တိလည်းရှိတယ်။ အဲဒီသတ္တိထူးနဲ့ စွမ်းရည်နဲ့ ဉာဏ်နဲ့ ပေါင်းပြီးတော့ နိဗ္ဗာန်ဘက်ကို ပြေးဝင်လိုက်တော့ နိဗ္ဗာန်ကြီးကိုတွေ့တာပေါ့။

နိဗ္ဗာန်ကတော့ အတွေ့ခံဓာတ်ပါပဲ။ အသင်္ခတဓာတ်၊ အနုတ္တရဓာတ်လို့လည်း ခေါ်တယ်။ အတွေ့ခံ ဓာတ်ပဲ။ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရတဲ့ အရိယာတွေက သွားတွေ့ရတာ။ အရိယာဆိုတာက အရိယာတို့ရဲ့ ဉာဏ်ပေါ့နော် လောကုတ္တရာဉာဏ်ပေါ့ အရိယာဉာဏ်နဲ့သွားတွေ့ရတာ။ အဲဒီဉာဏ်က ရုပ်နာမ် မဟုတ်တော့ဘူး။ ရုပ်နာမ်ကနေ အဆင့်ဆင့်သွားတဲ့ ဉာဏ်ဖြစ်သွားတယ်။ ရုပ်နာမ်ကိုပါ ပိုင်းခြားပစ်ခဲ့တယ်။ ကိုယ့်ရုပ်နာမ်ကို “သဘာဝ အစိတ်အပိုင်း” လို့ “သွေးပြည်သလိပ် အကောင်ပုပ်ကြီး” လို့ကို ယူပြီးတော့ ထားပစ်ခဲ့တာ။

ဒီသတ္တိထူးကိုတော့ မွေးရတယ်။ ဒီလိုမွေးရင်းနဲ့ ဒီရုပ်နာမ်ကို တပ်မက်တဲ့ တရားတွေကို “အပျက်ရှုရင်း၊ အပျက်ရှုရင်း၊ အပျက်ရှုရင်း” နဲ့ နောက်ဆုံးတော့ ပျက်တာကို မြင်သွားတဲ့ အခါကျတော့ မုန်းပြီးတော့ ဒါကြီးကို ဆုံးအောင်ရှုလိုက်တဲ့အခါ နိဗ္ဗာန်ကို ပြေးဝင်သွားတာပါပဲ။

နိဗ္ဗာန်ကတော့ စောစောကဖော်ပြောခဲ့သလို အတွေ့ခံဓာတ် (passive)ပေါ့။ သစ္စာဝါဒီတွေက တရား ကြိုးစားရင်းနဲ့ အရိယာဖြစ်ရင် အရိယာတွေရဲ့ဉာဏ်က ရှိတယ်။ အဲဒီဉာဏ်က (active) ပေါ့ မျက်မှောက် သွားပြုတာပါပဲ။

အတိအလင်းပြောတယ်လေ ဓမ္မဒီန္နာက

“သမုဒ္ဒရာရေရဲ့အရသာဟာ ငန်သောအရသာရှိသလို – နိဗ္ဗာန်ဟာ ချမ်းသာသောအရသာ၊ လွတ်မြောက်သောအရသာရှိတယ်”

လို့ မိန့်ဖူးသားပဲ။

ဒီတော့ လွတ်မြောက်တယ်ဆိုလည်း လွတ်မြောက်တာပေါ့ ရုပ်နာမ်က လွတ်သွားတာကိုး။ ဒါပေမယ့် အိပ်ပျော်သလိုလည်း မဟုတ်သလို၊ ဘလက်ဟိုး() ထဲ ကျသလိုလည်း မဟုတ်သလို၊ မေ့ဆေးထိုးသလိုလည်း မဟုတ်ဘူး။ ဒီဖိုလ်ဉာဏ်က အသိရှိပြီးတော့ (၃၁)ဘုံမှာ ထားခဲ့ပြီးတော့ နိဗ္ဗာန်ကို ပြေးဝင်တာ။

အဲဒီအခါမှာ နိဗ္ဗာန်ရဲ့ ချမ်းသာခြင်း လွတ်မြောက်ခြင်းကို တွေ့တာပါပဲ။ နိဗ္ဗာန်ကတော့ တွေ့ပါတယ်။ ကိုယ်က ကျင့်နိုင်ဖို့ပဲ လိုတာပါ။ မကျင့်နိုင်သေးလို့ ကျင့်နိုင်သလောက်လေးပဲ ချမ်းသာတာပေါ့နော်။ ကျင့်နိုင်လေလေ ချမ်းသာလေလေပါပဲ။ ရုပ်နာမ်ကို အနိစ္စရှုနိုင်တဲ့အား သိပ်ကောင်းလာရင် တဖြည်း ဖြည်းနဲ့ ဖြတ်လို့ရပါတယ်။

ကျွန်တော်တို့လည်း ဒီလိုပဲကျင့်တာပဲ။ ကျင့်လွန်းအားကြီးလာတဲ့ အခါကျတော့ ရုပ်နာမ်ကို ဖြတ်လို့ရ သွားတာပါပဲ။ ရတော့လည်း ဒါပါပဲ။ မထူးပါဘူး။ ဖြတ်နိုင်တဲ့သတ္တိ ရှိတာပဲ။ အဲဒီဖြတ်နိုင်တဲ့သတ္တိက အရိယာဉာဏ် လောကုတ္တရာဉာဏ်ပဲ အဲဒီဉာဏ်ကို ပိုင်ပြီဆိုတော့ ဒီဉာဏ်နဲ့သွားလိုက်ရင်ရတာပါပဲ။

ဒါကြောင့်မို့ နိဗ္ဗာန်က နီးတယ်ဝေးတယ်လို့ပြောလို့မရဘူး။ ဉာဏ်နဲ့သွားတာဆိုတော့ ကာလဌာနက လွတ်တယ်။ အဲဒါက အံ့သြစရာတော့ ကောင်းတာပေါ့လေ။ ဒါကတော့လည်း အရိယာ ဖြစ်သွားတော့လည်း နားလည်သဘောပေါက် သွားတာပါပဲ။ လက်တွေ့ကျကျ ကျင့်ရင်တော့ လက်တွေ့ကျကျ ဖြစ်ကိုဖြစ်ပါတယ်။ မကျင့်ဖြစ်ကြလိုပါ။

နဲနဲထူးဆန်းတာက ရုပ်နာမ်ကိုမကောင်းဘူးလို့ ယူရတယ်။ နိဗ္ဗာန်ကမှ ကောင်းတယ်လိုပဲ အနုမာနမျက် မှန်းဆပြီး ယူရတယ်။ နိဗ္ဗာန်ရှိတယ်ဆိုတာလည်း အနုမာနမျက်မှန်းဆပြီး ဘ၀င်ကျပြီးယုံထားရတယ်။ ယုံတယ်ဆိုတာ ရောက်ပြီးသားလို ယုံခိုင်းတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာက အဲဒါသိပ်ကောင်းတာပဲ။ မျှတတယ်။ ရောက်ပြီးသားလို ယုံတာမျိုးကို မတောင်းဆိုဘူး။ ဘာကြောင့်လဲဆိုတော့ ရောက်မှမရောက် သေးတာကိုး။

ဒါပေမယ့် ရောက်နိုင်လောက်တယ်။ ဖြစ်တန်ရာချေရှိတယ်လို့ အဲဒီလိုလက်ခံပြီးတော့ မရှိနိုင်ဘူး၊ မဖြစ်နိုင်ဘူးလို့ ဆန့်ကျင်ဘက် မတိုက်ရင် ပြီးတာပါပဲ။ ကြိုးစားရင်း ကြိုးစားရင်းနဲ့ နောက်ကျတော့ တရားက ဆောင်သွားတာပါပဲ။ ကြိုးစားကြည့်ရင် သိပါတယ်။ ရုပ်နာမ်ကို အပျက်ရှုလေလေ ကောင်းလေလေပါပဲ။ ရုပ်နာမ်ကို သမုဒယတွယ်တဲ့ သမုဒယကို ဖြတ်နိုင် တောက်နိုင်သလောက် လွတ်မြောက် ချမ်းသာတာပါပဲ။ များများဖြတ်နိုင်ရင် များများ လွတ်မြောက်ချမ်းသာတာပါပဲ။

ကျင့်ရုံပဲ လိုတာပါ။ ကျင့်ရင်ရပြီလို့ ယုံထားရင်ကို ဒါဟာ အရိယာနဲ့နီးတယ်လို့ သတ်မှတ်ကြတာပါပဲ။ ကျင့်ရင်ရမှာပါ။ ဒါအပျက်ဟာ အပျက်မှန်နေတာပဲ။ ငါတို့ဟာ အပျက်ကြီးကို သွားပြီးမက်နေလို့ မက်တဲ့ အ၀ိဇ္ဇာတဏှာရဲ့ အခိုင်းခံ ခံလို့သာကိုး။ တကယ်တော့ ပျက်နေတာကြီးပဲ ။ ဒါထိုးထွင်းသိမြင် ပြီးတဲ့နောက်ပိုင်းမှာ ကိစ္စက ပြတ်သွားတာပါပဲ။

သူတော်ကောင်းတွေက ဒီလိုကြိုးစားပြီး အောင်မြင်တော်မူကြတာပဲ။ ကိုယ်က နောက်က လိုက်ကျင့်ရုံ ပါပဲ။ ဒီတော့ နိဗ္ဗာန်ဆိုတာ တွေ့ဖို့ရှိရင် တွေ့ကို တွေ့ပါတယ်။ နိဗ္ဗာန်က ထွက်လည်း မပြေးပါဘူး။ ကိုယ်က အရိယာဉာဏ်ရဖို့နဲ့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရဖိုပဲ အရေးကြီးကြောင်း သတင်းကောင်း ပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *