နိဗ္ဗာန်ကိုဝင်စားကြသောအခါ

Share

နိဗ္ဗာန်ကိုဝင်စားကြသောအခါ

နိဗ္ဗာန်ကို ၀င်စားကြသောအခါ နိဗ္ဗာနံ အရဟတ္တောဂတိ ဟူသော အဆိုတော့ရှိသည်။ ရဟန္တာများသည် ရုပ်နာမ်ခန္ဓာ ကိလေသာကို ပယ်သတ်ပြီးနောက် နိဗ္ဗာန်ကို စံမြန်းကြသည်၊ လားကြသည် ဆိုသည့်သဘောပင် ဖြစ်သည်။

စာရေးသူတို့သည် သူတော်ကောင်းများကို အတုယူ၍ စံမြန်းရန် ကြိုးစားရမည်။ ထိုအခါ ထုံးစံအတိုင်း လောဘ၊ ဒေါသ၊ မောဟ  ပြွန်းသိပ်နေရင်တော့ နိဗ္ဗာန်ကို စံမြန်းဖို့ဆိုတာ အခက်အခဲအများကြီး ရှိနိုင်မှာပါ။ ရုပ်နာမ်ဆိုတာလည်း အမြဲတမ်း လောဘ၊ ဒေါသ၊ မောဟတွေက ဖိစီးနေတာမဟုတ်ဘူး တစ်ခါတစ်ခါ သဒ္ဒါတရားရှိတယ်၊ မိတ်ကောင်းဆွေကောင်းနဲ့ တရားဆွေးနွေးတယ်၊ တရားဝင်စားတယ်၊ ကြည်တယ် အဲဒီအချိန်အခါမှာ ကျွန်တော်တို့ကလည်း ဖမ်းပြီးတဲ့နောက် ၀င်စား ကြည့်မယ်ဆိုရင် ဉာဏ်နဲ့ပဲ သွားရတယ်၊ ဒါကတော့…စတုမဂ္ဂ ဉာဏေန သစ္ဆိကာတပ္ဗံ ဆိုတဲ့ အဆိုလည်း ရှိတယ်လေ။ လေးပါးသော မဂ်ဉာဏ် ဖိုလ်ဉာဏ်က နိဗ္ဗာန်ကို သွားရမှာပဲ။

နိဗ္ဗာန်သာ ရောက်ရင်တော့ ဉာဏ်ဖြစ်ပြီ၊ ဒါအရိယာဉာဏ်၊ (သို့မဟုတ်) မဂ်ဉာဏ် ဖိုလ်ဉာဏ်ပဲ။ နိဗ္ဗာန်မရောက်ခင်ကတော့ မှန်းဆရတာတွေလည်း ရှိတာပေါ့နော်။ အနုမာန မျက်မှန်းဆတယ် ဆိုတာ (Hypothetical Assumption) ဆိုတာ လုပ်ကြရတာပေါ့။ ဒီ အနုမာန မျက်မှန်းဆတာပါပဲ၊ ဆကောင်းပါတယ်။ ကိလေသာနဲ့ သိပ်ထူပြစ်နေတဲ့အခါသာ လက်တံလှမ်းချီ ဖမ်းမမှီသို့ မြင့်သည်ဝေးမျှော် ထင်ရေးရော်၍ တော်နိဗ္ဗာန်ကို လွမ်းရေးပို ဆိုသလို လွမ်းရတာပေါ့၊ ကိုယ်က လောဘ၊ ဒေါသ၊ မောဟ များနေတာကိုး။

ဒါပေမယ့် ပါးတဲ့အခါလည်းရှိမှာပဲ။ မိတ်ကောင်းဆွေကောင်းနဲ့ တရားဆွေးနွေးသည်ဖြစ်စေ၊ တရားဝင်စား သည်ဖြစ်စေ၊ ကိုယ်ကိုယ်တိုင် သဒ္ဒါတရား ထက်တဲ့အခါပဲ ဖြစ်စေ ပါးမှာပဲ။ ပါးတဲ့အခါမှာ ဉာဏ်နဲ့ ပစ်လွှတ် လိုက်လို့ရှိရင် နိဗ္ဗာန်နဲ့နီးလေလေ၊ ချမ်းသာမှုက များလေလေပဲ။ (Practice makes perfect.) ဆိုတာမျိုးလိုပေါ့နော်။

ဒီတော့ နိဗ္ဗာန်နဲ့နီးလေလေ တဏှာကိလေသာ သန့်စင်ဖို့ ကြိုးစားထားတဲ့ စင်ကြယ်အောင် ဆေးကြောထားတဲ့ အဲဒီဉာဏ်သတ္တိထူးက ချမ်းသာလေလေ ဖြစ်မှာပဲ။ နိဗ္ဗာန်ဆိုတာကတော့ ၀င်စားတဲ့ တွေ ကို ချမ်းသာစေတယ်တဲ့။ ဒီတော့ ကျွန်တော်တို့ နိဗ္ဗာန်ကို ၀င်စားတဲ့အခါတော့ ချမ်းသာမှာကတော့ သေချာပြီးသား ဒါကတော့။ မ၀င်စးနိုင်တဲ့အခါကျရင် အနီးကပ်လေး လုပ်ရင်လည်း ကျွန်တော်တို့က မြတ်ပါတယ်။

ရုပ်နာမ်ကို အပျက်ရှုတယ်၊ ကိလေသာကို ခဏခေါက်ထားတယ်၊ လောဘ၊ ဒေါသ၊ မောဟကို ပယ်ထားတယ်၊ သဒ္ဒါတရားကို တက်ကြွထားတယ်၊ တရားဓမ္မကို ၀င်စားဆင်ခြင်တယ်၊ ယောနိသော မနသီကာယ ခေါ်တဲ့ နှလုံးသွင်းတွေ မှန်တယ်ဆိုရင် နိဗ္ဗာန်နဲ့နီးတာပဲ။ နိဗ္ဗာန်ကိုတော့ မဂ္ဂဖလာန မာရမ္မနဘူတော အသင်္ခတ ဓမ္မော ဆိုတာ အသင်္ခတဓာတ်၊ နိဗ္ဗာန်ကတော့ အသင်္ခတဓာတ်ပဲ။ ပြုပြင်စီရင်ခြင်း မရှိဘူးလေ၊ ဒီဖက်က ပြုပြင်စီရင် တယ်။ အဲဒီမှာ သွားတယ်ဆိုရင်တော့ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ပဲ သွားရမှာပဲ။

ဒီတော့ ကျွန်တော်တို့က ၀ိပဿနာကြိုးစားလိုက်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရမယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရင် နိဗ္ဗာန်သွားမယ်ပဲ။ ဒီတော့ ကျွန်တော်တို့က မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်သွားဖို့၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်သွားဖို့ဆိုတာက နိဗ္ဗာန်ကိုလည်း သွားချင်ရမယ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်လည်း တည်ဆောက်ရမယ်။ တည်ဆောက်နည်းကလည်း ရုပ်နာမ်ကို အပျက်ရှုတာပဲ၊ အပျက်ပြင် မဂ္ဂင်ပဲ ဒီတော့ ကျွန်တော်တို့ဟာ တော်တော့ကို ဟုတ်နေကြပြီ။ မဟုတ်ဘူးလား မဂ္ဂင်ဖောင်ကြီးကို ကျွန်တော်တို့ ဖွဲ့တတ်နေပြီ၊ အနိစ္စနဲ့ပဲ ဖွဲ့တာပဲ ဖွဲ့တဲ့အခါကျတော့ ပြည့်စုံသွားလိုရှိရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် မဂ္ဂဖလာန မာရမ္မနဘူတော အသင်္ခတ ဓမ္မော စောစောက ဖော်ပြခဲ့တဲ့အတိုင်း အသင်္ခတဓာတ် မြတ်သောသဘောကို မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ သွားမယ်တဲ့။

ဒီတော့ နိဗ္ဗာန်ကို ၀င်စားတယ်၊ စံမြန်းတယ်၊ ထိုးထွင်းဆင်ခြင်တယ်၊ သက်ရောက်စေတယ်၊ လားတယ်၊ ပုန်းတယ်၊ အောင်းတယ်၊ ပြေးဝင်တယ် စသည်ဖြင့်ပေါ့နော် အမျိုးမျိုးတော့ သုံးနှုန်းနိုင်တာပေါ့။ ဒီတော့ နိဗ္ဗာန်ကြီးကို စံမြန်းဖို့ဆိုတာ ကျွန်တော်တို့က အဲဒီ ကိလေသာ ပါးတဲ့အချိန်မှာ စွတ်ရွတ်ပြီးတော့ ကြိုးစားပြီး သွားဖို့ပဲ။ မပါးတဲ့အခါတော့လည်း ငုံးစုံပစ် ခံရုံပေါ့လေ၊ ဒါကတော့ မတတ်နိုင်ဘူး။ ရုန်းထွက်လို့များ အင်အားကောင်းလို့ ပါးသွားပြီဆိုရင်တော့ သဒ္ဒါတရားတက်ကြွတဲ့အခါ နိဗ္ဗာန်ဘက်ဆီကိုသာ ပြေးပြီးတော့သာ ကိုယ့်ဉာဏ်ကို လွှတ်ဖို့ပဲရှိတယ်။ လွှတ်တဲ့အခါကျတော့ အဲဒီဉာဏ်က နိဗ္ဗာန်နဲ့ နီးလေလေ ကောင်းလေလေ ဆိုတာတော့ မြေကြီးလက်ခတ်ပါပဲ။

ဒီတော့ ကျွန်တော်တို့ဟာ ၀ိပဿနာကို စိတ်ဝင်စားသည်နှင့်အမျှ နိဗ္ဗာန်နှင့် နီးနေပြီလို့ ကောက်ချက်ချနိုင်ပါ တယ်။ တရားရှုဖြစ်တယ် ဆိုလို့ရှိရင် မရှုဖြစ်တာထက် အများကြီးကောင်းတယ်လို့ ကျွန်တော် ပြောခဲ့ဖူးတဲ့ အတိုင်းပါပဲ။ ဒီတော့ ကျွန်တော်တို့ ကြိုးစားရအောင် တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲပေါ့နော်… အခါအခွင့်သင့်ရင် မြတ်စွာဘုရားရဲ့ တရားတော်က အကာလိကောတဲ့… အကာလိကောဆိုတာ အချိန်အခါမလပ် ကျေးဇူးပြုမှာ၊ ဘာရယ်ညာရယ်မဟုတ်ဘူး။ အချိန်အခါမလပ် ကျေးဇူးပြုမှာပဲ၊ သွားနိုင်ရင် နီးမှာပဲ၊ ရောက်မှာပဲ။

ဒီတော့ ကျွန်တော်တို့ နိဗ္ဗာန်ကို စံမြန်းဖို့ ကြိုးစားတဲ့အခါမှာ ဉာဏ်နဲ့သွားတဲ့သဘောနဲ့ အဲဒီ ဉာဏ်နဲ့များ ရောက်ပြီဆိုရင်တော့ ဒီဉာဏ်ကို နိဗ္ဗာန်က ချမ်းသာစေပါတယ်။ ဒါဟာ တရားဓမ္မရဲ့ ဂုဏ်ကျေးဇူးပါပဲ၊ မြတ်စွာဘုရားရဲ့ ကျေးဇူးတော်ပါပဲ၊ ဆရာကောင်း သမားကောင်းတွေရဲ့ စေတနာ မေတ္တာနဲ့ ဂရုဏာတော် တွေကို ခံယူရင်းနဲ့ ကျွန်တော်တို့သွားကြည့်ရအောင်။

နိဗ္ဗာန်ကိုသွားဖို့အတွက် ကျွန်တော်တို့ဟာ ဉာဏ်ကိုပြင်ရမယ်၊ ခန္ဓာကို အပျက်ရှုရမယ်၊ ခန္ဓာကို မမှီခိုဘူးကွာ မလဲလှောင်းဘူးကွာ၊ မလိုလားဘူးကွာ၊ ပယ်တယ်ကွာ၊ စွန့်တယ်ကွာ၊ သတ်တယ်ကွာ၊ ဖြတ်တယ်ကွာ၊ မင်းကို မရှင်သန်စေဘူးကွာ ဆိုပြီး အဲဒီလို ပယ်ခြင်းနဲ့ပဲ ကျွန်တော်တို့ သွားလို့ရတယ်။ ဒီတော့ အပျက်မြင် မဂ္ဂင်ပါပဲ ပယ်တယ်ဆိုတာက ပယ်လိုက်တဲ့အတွက် ကျွန်တော်တို့က သူ့ရဲ့ အပျက်ကို မြင်နိုင်တာ။ သူ့ကို ဖက်တွယ်ပြီး ချစ်မြတ်နိုးနေရင် အပျက်ကို မမြင်နိုင်ဘူး။

ဒီတော့ အပျက်မြင်အောင် ပယ်တယ်ကွာ ဆိုတော့ အဲဒီမှာမှ ဖျက်ချလိုက်တာကိုး ဖျက်ချလိုက်တော့ အပျက်မြင်မဂ္ဂင် အမှန်တရားကို ထွင်းဖောက်ပြီးတဲ့နောက် အ၀ိဇ္ဇာဥခွံလည်း ကွဲသွားပြီဆိုရင် အကွဲကြီးကို မြင်ပြီးတဲ့နောက် ခြေနဲ့ကန်ထွက်လိုက်ရင် မြန်မြန်များများ ကန်နိုင်လေလေ နိဗ္ဗာန်နဲ့ နီးလေလေ တိုးဝင်နိုင် လေလေ ဖြစ်ကြောင်း သတင်းကောင်းလေး ပေးလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

One Response to နိဗ္ဗာန်ကိုဝင်စားကြသောအခါ

  1.ွှ့Than Win says:

    တရားရှုဖြစ်တယ် ဆိုလို့ရှိရင် မရှုဖြစ်တာထက် အများကြီးကောင်းတယ်
    ဆိုတာကို ရင်ထဲမှာ သိမ်းပိုက်ထားမိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *