နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 03

Share

နိဗ္ဗာန်​သို့ချဉ်းနင်းဝင်​​ရောက်​ထိုး​ဖောက်​ရန်​ကြိုးစားခြင်း 03
Bism 001သစ္စာဝါဒီများ ကံကောင်းပါတယ်၊ ကံလည်း ကောင်းသင့်ပါတယ်။ ၀ိပဿနာ ကျင့်ကြံကြိုးစား အားထုတ်တယ်ဆိုတော့ ကံကောင်းရမှာပဲ။ ဆက်ပြီး ကံကောင်းစရာ အကြောင်းအရာ ပြောပြပါမယ်။ တော်တော်များများက နိဗ္ဗာန်စံဝင်တဲ့ ပုံစံကို မသိကြဘူး – သူတို့မှာ မရှိလို့ပါ။
နိဗ္ဗာန်ကို စံဝင်တဲ့အခါကျတော့ (ခန္ဓာ့နိယောဓေါ နိဗ္ဗာနံ) ဆိုတဲ့ စကားကို တန်ဖိုးထားရမယ်။ (ခန္ဓာ့နိယောဓေါ နိဗ္ဗာနံ) ဆိုတာ ခန္ဓာချုပ်တော့မှ နိဗ္ဗာန်စံမှာ။ ဒီတော့ ဘာနဲ့စံသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ အဲဒါ စာရေးသူတို့လိုကျင့်တဲ့ ပုဂ္ဂိုလ်မှသိတာ။ နိဗ္ဗာန်ကို စံတာက ရုပ်နာမ်မဟုတ်ဘူး၊ မဂ်ဥာဏ် ဖိုလ်ဥာဏ်နဲ့ စံတာ။
ဒါပေမယ့် တော်တော်များများက မသိကြဘူး – စိတ်နဲ့ သွားချင်ကြတယ်။ အဘိဓမ္မာဆရာ မိုက်တွင်းနက် သမားတွေကတော့ နိဗ္ဗာန်ကို ချမ်းသာတဲ့ စိတ်ကလေးလို့တောင် ဘာသာပြန်ပြီး အခိုင်အမာ တရားဝင်ရေးတယ် – တော်တော်မိုက်တဲ့ ပုဂ္ဂိုလ်ပဲ၊ သူ့ထက်မိုက်တာတော့ မရှိသလောက်ဘဲ။ အမှန်က နိဗ္ဗာန်ကို စိတ်နဲ့သွားလို့ ဘယ်ရမှာလည်း။ ရုပ်နာမ် မရှိပါဘူးဆိုမှ စိတ်နဲ့သွားချင်တော့ တော်တော့်ကို ဆိုးတာပါပဲ။
အဘိဓမ္မာသမားတွေက မြတ်စွာဘုရားရဲ့ တရားကို နားလည်အောင် မကြိုးစားဘဲ မှန်းတုတ် ရမ်းတုတ်တွေက များနေတယ်။ ဒီတော့ အဘိဓမ္မာ ပညာရပ်ကတော့ ဂုဏ်သိက္ခာ မကျဘူး။ အဘိဓမ္မာကို လိုက်စားတဲ့ ပုဂ္ဂိုလ်တွေကတော့ ဂုဏ်သိက္ခာကျတယ် – ရေလည်အောင် နားမလည်ရင်ပေါ့လေ။ ၀ိသုဒ္ဓိမဂ် တတိယနှစ်ကျောင်းသားကလည်း အိုးလိုလို ချိုးလိုလိုနဲ့ – နိဗ္ဗာန်ကို ခန္ဓာနိယောဓေါဆိုတာကို မမှီးတတ်ဘူး။ တော်တော်လေးတော့ `န´ တဲ့ ပုဂ္ဂိုလ်တွေပါပဲ။
အဘိဓမ္မာသမားတွေဟာ အဘိဓမ္မာကို အထင်ကြီးတိုင်း သူတို့ကို အထင်ကြီးလို့ မရဘူး။ အဘိဓမ္မာကိုသာ အထင်ကြီးတာ သူတို့ကို အထင်ကြီးလို့ မရဘူး။ အဘိဓမ္မာကို ကောင်းစွာ အဓိပ္ပာယ်ပြန်မှ ဖြစ်မယ်။ သူတို့ပြန်လို့လည်း အဓိပ္ပာယ်က မှန်ကန်ဖို့ မနီးစပ်ပါဘူး။ တကယ်လက်တွေ့ ကျင့်သုံးဆောက်တည် နှလုံးသွင်းပြီး ကျင့်ကြံပေါက်မြောက် အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေကပဲ ပြောပြနိုင်မယ် ထင်တယ်။
ဒီတော့ သစ္စာဝါဒီများကို ဗဟုသုတဖြစ်အောင် ပြောတာပါ။ နိဗ္ဗာန်ကို စံတဲ့အခါ မဂ်ဥာဏ် ဖိုလ်ဥာဏ်နဲ့စံတယ် – ဒါလေးပြောပါရစေ။ သစ္စာဝါဒီများ ကျင့်နေတာဟာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရဖို့အတွက် အထူးအရေးပါတဲ့ ကျင့်စဉ်တစ်ရပ်ကို ကျင့်နေတယ်လို့သာ နှလုံးသွင်းပါ။ တစ်နေ့သောအခါမှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် ရပြီဆိုလို့ရှိရင် ဘယ်လို ဘယ်လို ဖြစ်သွားတယ်ဆိုတာကို စာရေးသူရှင်းပြပေးပါမယ် – သာဓုခေါ်ပါတယ်။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *