သိပ္ပံပညာရပ်၏ပြဿနာတစ်ခု 01

သိပ္ပံပညာရပ်၏ပြဿနာတစ်ခု

AlbertEinstein 1

အရာရာတိုင်း၌ ပြဿနာများ ရှိကြသည်သာဖြစ်သည်။ သိပ္ပံပညာ၌လည်း ပြဿနာများရှိခဲ့သည်။ ၎င်းထဲမှ ပြဿနာတစ်ခုမှာ ကွမ်တမ်သီအိုရီကို အဓိပ္ပာယ် ဖွင့်ဆိုခြင်းဆိုင်ရာ ပြဿနာဖြစ်သည်။ ဤပြဿနာကြောင့် ကမ္ဘာကျော် သိပ္ပံပညာရှင် နိုဘယ်(လ်)ဆုရ နှင့် အခြားသူ့သူငယ်ချင်း နိုဘယ်(လ်)ဆုရ မက်(စ)ဘွန်းတို့ သဘောထားခြင်း ကွဲလွဲခဲ့ကြဖူးသည်။ သို့သော် လွန်စွာ ချစ်ခင်ကြသော သိပ္ပံပညာရှင် အချင်းချင်းဖြစ်၍ မေတ္တာဓာတ်ကမူ မပျက်ချေ။ အယူအဆ ကွဲပြားကြောင်းကိုမူ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြဖူးသည်။

အိုင်းစတိုင်းသည် နှိုင်းရဘက်၌ ရပ်တည်၍၊ မက်(စ)ဘွန်းသည် ကွမ်တမ်ဘက်၌ ရပ်တည်သည်ဟု ပြောရန်ဖြစ်သည်။ တနည်းအားဖြင့် အိုင်းစတိုင်းသည် တရားသေ အကြောင်းအကျိုး ဝါဒဘက်၌ ရပ်တည်၍၊ မက်(စ)ဘွန်းသည် အခြေအနေအလားအလာ ရှိခြင်းဆိုင်ရာ ပြဿနာဘက်၌ ရပ်တည်သည်ဟု ယူတင်ပြစရာ ရှိသည်။ ယခုအခါ ကွမ်တမ်သီအိုရီကို အဓိပ္ပာယ်ဖွင့်ဖို့ ကြိုးစားခဲ့ရကြောင်းနှင့် အခက်အခဲများ ရှိကြောင်းကို သိပ္ပံပညာရှင် တော်တော်များများက ဝန်ခံကြသည်။

မက်(စ)ဘွန်းကတော့မူ ကွမ်တမ်ဘက်မှ အကြီးအကျယ် ရပ်တည်ကာ ရူပဗေဒပညာရှင် တော်တော်များများကို စုစည်း၍ ကွမ်တမ်ပညာရပ်ကို လေ့လာခိုင်းခဲ့ဖူးသည်။ အိုင်းစတိုင်းကတော့မူ ကမ္ဘာအရပ်ရပ်ကို လှည့်လည်၍ သူ၏သိပ္ပံဆိုင်ရာ အမြင်များကို ပြောဟောခဲ့ဖူးသည်။ သူတို့နှစ်ယောက်သည် လွန်စွာ ချစ်ခင်ကြသော သိပ္ပံပညာရှင် သူငယ်ချင်းများ ဖြစ်ကြသည်။ သို့သော် အယူအဆပားဖြင့်တော့မူ ထပ်တူထပ်မျှ မကျကြောင်း သမိုင်းအစဉ်အလာအရ သိရသည်။

ကွမ်တမ်ကို အဓိပ္ပာယ် ဖွင့်ဆိုရန် ခက်ခဲနက်နဲသည်ဟု အများသူငါ ပြောဆိုကြသည်။ မမြင်ကွယ်ရာ တစ်နေရာ၌ အခြခံအမှုန်တို့၏ တွေ့ပုံဆုံပုံ ရင်ဆိုင်ပုံတို့ကို အခြေခံ၍ အရာရာ အပြောင်းအလဲများ ဖြစ်တတ်ကြောင်းကို သတိပြုခဲ့ကြသည်။

 

ဟိုက်ဇင်ဘတ်ကတော့မူ အနာဂတ်အကြောင်းပြောလျှင် သေချာတိကျခြင်း ဆိုသည်မှာ မရှိနိုင် ဖြစ်တန်ရာချေရှိသည် ဟုသာဆိုနိုင်ကြောင်း အတိအလင်း ဖွင့်ပြခဲ့သည်။ သူဖွင့်ပြသော သီအိုရီမှာ မသေချာခြင်းဆိုင်ရာ နိယာမ (Principle of Uncertainty) ဖြစ်သည်။ သို့သော် ထိုပြဿနာကို ယခုအခါ အဖြေထုတ်ပြီးပြီလားဟု စဉ်းစားစရာ ဖြစ်လာသည်။ ဤကိစ္စမှာ ဖာမင်း ခေါ်ပညာရှင်က – သမိုင်းဆိုသည်မှာ အမျိုးမျိုးဖြစ်နိုင်သည်ဟု ယူဆအပ်ကြောင်း တင်ပြ ထုတ်ဖော်ခဲ့သည်။ ယင်းအဖြေသည် ကွမ်တမ်၏ အဖြေပင်ဖြစ်သည်ဟုလည်း တော်တော်များများက ကောက်ချက်ချ ကြသည်။

သမိုင်းဆိုသည်မှာ တစ်ခုတည်းမဟုတ် အမျိုးမျိုး ဖြစ်နိုင်သည်ဟု တင်ပြလာကြသည်။ ဤကိစ္စမှာ ဖြစ်တန်ရာချေများအပေါ်မှာ အခြေတည်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း နားလည် သဘောပေါက် မိသည်။ အရာရာသည် ဖြစ်ကိုဖြစ်ရမည်ဟုသဘောများ ရှိသကဲ့သို့ တစ်ခါတစ်ခါ ပစ္စုပ္ပန် တစ်ခုခုကြောင့် ဖြစ်တန်ရာချေ အနည်းငယ် ရွေ့လျောသွားတတ်ကြောင်းကို လူ့လောက၌ အထင်အရှား တွေ့ရှိရပါသည်။ သို့သော် ယခုအခါ ဟော့ကင်းတို့၏ ကျေးဇူးကြောင့် ကွမ်တမ်သည် (Sum over Histories) သမိုင်း၏ ဖြစ်တန်ရာချေ အမျိုးမျိုးရှိခြင်း အနက်အဓိပ္ပာယ်ဖော်ဆောင်ရင်း ကွမ်တမ်ကို အဓိပ္ပာယ်ဖွင့်ရန် ကြိုးစားခဲ့ကြောင်း အထောက်အထားများအရ သိရှိရပါသည်။

ဤအချက်များကို ဟော့ကင်း၏ (Grand Design) စာအုပ်တွင် တစ်စေ့တစ်စောင်း လေ့လာဖတ်ရှုမိကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , , . Bookmark the permalink.