ဆရာဝန်နှင့်လူနာ ဉာဏ်နှင့်ခန္ဓာ

Share

 

နှင့်လူနာ ဉာဏ်နှင့်ခန္ဓာ

သစ္စာအရာ၌ ၀ိပဿနာ ရှုသတ်ဆင်ခြင် ရသောအခါ၊ ပိုင်းခြားသော သဘောကို နားလည်ရလေသည် .. ..

ပိုင်းခြားသည် ဆိုသည်မှာ ပါဠိဝေါဟာရအားဖြင့် “ပရိံဉာတပ္ဗကိစ္စ” ဟုခေါ်သည်။ ပိုင်းခြားရသည်၊ ဥပမာ — ရုပ်နာမ်နှင့် ဉာဏ် ပိုင်းခြားရသည်၊ ရုပ်နာမ်ကို ရုပ်နာမ်နှင့် ပိုင်းခြားနိုင်ခြင်း မရှိချေ .. .. ရုပ်နာမ်ကို ဉာဏ်နှင့်မှ ပိုင်းခြားနိုင်သည်။ ထိုဉာဏ်ကိုရအောင် သမားကောင်း၏ အကူအညီကို ယူရလေသည်၊ ကိုယ်တိုင် တည်ဆောက် ရရှိ အောင်မြင် ပေါက်မြောက်ဖူးသော ဆရာသမားသည် ဤနေရာ၌ လွန်စွာအရေးကြီးလေသည်။ သူတော်စင်များ ရုပ်နာမ်ခန္ဓာအပေါ် မည်ကဲ့သို့ ရှုမြင်သုံးသပ်သည် ဟုသောအသိဉာဏ်ကို ၀ိပဿနာရှုသော ပုဂ္ဂိုလ်အား ရှင်းပြ၍ အသိဉာဏ် ပေးရလေသည်။

ထိုအခါ ယုံကြည်ချက်ဖြင့် အသိဉာဏ်ရအောင် ကြိုးစား၍ ရရှိလာသောအခါ ရရှိသော အသိဉာဏ်ဖြင့် မိမိ ခန္ဓာကို ရှုရလေသည်။ ထိုအခါ ဉာဏ်နှင့်ခန္ဓာသည် ပိုင်းခြားလေသည်။ ဥပမာအားဖြင့် လူနာနှင့် ဆရာဝန် ပိုင်းခြားသကဲ့သို့ ဖြစ်သည်။ လူနာသည် သူ့ရောဂါကို သူနားမလည်ချေ .. .. ထို့ကြောင့် သူ့ဆန္ဒအတိုင်း သူ့အလိုလောဘအတိုင်း စားလိုက စား၍ နေချင်သလို နေပေလိမ့်မည်။ သူသည် ခန္ဓာ၏ အခြေအနေကို မသိချေ .. .. စွဲကပ်နေသော ရောဂါ၏ အကြောင်းအကျိုးကိုလည်း မသိမြင် – ထိုအချက်ကို ဆရာဝန်က သိမြင်လေသည်။ ဆရာဝန်သည် လူနာ၏ ရောဂါကို သိသဖြင့် ရောဂါပျောက်ရန် ဆေးများကို ၀င်စား၍ ကျွေးမွေးကုသရလေသည်။

ဤသို့ဖြင့် လူနာသည် ရောဂါမှ ထွက်မြောက်နိုင်လေသည်။ ဉာဏ်ပညာသည် ဆရာဝန်နှင့် တူလေသည်။ ခန္ဓာသည် လူနာနှင့် တူလေသည်။ ဤနေရာ၌ ခန္ဓာသည် (Natural Ginven) ကဲ့သို့ ရပ်တည်ရသည် – (Passive) ဖြစ်သည်။ ဆရာဝန်သည် ဤနေရာ၌ (Active) ဖြစ်သည် – ဉာဏ်နှင့်တူသည်။ ဆရာဝန်က ကုသသကဲ့သို့ ဉာဏ်က ရုပ်နာမ်၏ ဒုက္ခ အနိစ္စ အနတ္တကို ကုသရသည်။ ကုသ၍ အောင်မြင်သောအခါ လူနာသည် ရောဂါမှ လွတ်မြောက်သည်။ ထို လွတ်မြောက်သော အခြေအနေသည် နိဗ္ဗာန်မဟုတ်ချေ။ လွတ်မြောက်အောင် ကုသလိုက်သော ရှုသတ်လိုက်သော ဉာဏ်ပညာကသာလျှင် နိဗ္ဗာန်ကို တွေ့သည်။

ထိုကြောင့် လူနာသည် နိဗ္ဗာန်ကို မတွေ့နိုင် – ဥပမာအားဖြင့် ဆရာဝန်သည်သာ နိဗ္ဗာန်ကို တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာဝန်သည် လူနာမှ ပိုင်းခြားအပ်သော သဘောရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပိုင်းခြားခြင်းကို နားလည်အပ်လေသည်။ ကိုယ့်စိတ်ဖြင့် ကိုယ့်စိတ်ကို ရှု၍မရချေ .. .. ကိုယ့်စိတ်မှ အရိယာတို့၏ သုံးသပ်နှလုံးသွင်းနိုင်သော အသိဉာဏ်ကို တည်ဆောက်ကာ ဉာဏ်ရမှသာလျှင် ထိုဉာဏ်ကို အသိကပ်၍ ရုပ်နာမ် ခန္ဓာအား သူစိမ်းလို ရှုရလေသည်။ ဉာဏ်သည် ဆရာဝန်နှင့်တူ၍ ခန္ဓာသည် လူနာနှင့် တူလေသည်။

ဤနေရာ၌ မိုးကုတ်ဆရာတော် ဘုရားကြီးသည် ချီးကျုးဖွယ်ရာ ကြည်ညိုဖွယ်ရာ ကောင်းလေသည်။ အဘယ့်ကြောင့်ဆိုသော် “ခန္ဓာ ဉာဏ်ရောက်” ဟု မိန့်ဖူးလေသည် .. .. ထိုစကားလုံးကို မိုးကုတ်ဆရာတော် ဘုရားကြီးက စတင်သုံးခဲ့သည်ဟု လေ့လာနိုင်သည်။ ခန္ဓာအပေါ် ဉာဏ်ရောက်မှ ဖြစ်လေသည်။ ထို့အတူ လူနာကို ဆရာဝန်ကုမှ ရောဂါ ပျောက်ကင်းနိုင်လေသည်။ ဉာဏ်သည် ဆရာဝန်နှင့်တူ၍ လူနာမှ ပိုင်းခြားသော ဆရာဝန်ကဲ့သို့ ဒုက္ခရုပ်နာမ်မှ ပိုင်းခြားသော ဉာဏ်ဖြင့်သာလျှင် တရားရှုရသည်။

ရှုခြင်းသည် ကုသခြင်းနှင့်တူ၍ – ရှုသူသည် ဉာဏ်ပညာဖြစ်၍ ဆရာဝန်ဘက်မှ ရပ်သည်။ အရှုခံတရားသည် ရုပ်နာမ်ဖြစ်၍ ထိုရုပ်နာမ်သည် လူနာကဲ့သို့ ဖြစ်သည်။ ရှုခြင်းသည် ကုခြင်းပင်ဖြစ်သည်။ ကုသ၍ အောင်မြင်သောအခါ လူနာသည် ရောဂါမှ လွတ်မြောက်သွားသကဲ့သို့ ပုထုဇဉ် ဘ၀မှ လွတ်မြောက်၍ အရိယာဉာဏ်ရကာ – ထို ဉာဏ်ဖြင့်သာလျှင် နိဗ္ဗာန်သို့ စံဝင်နိုင်သည်။ သို့မှသာ “စတုမဂ္ဂ ဉာဏေန သစ္စိက တပ္ဗံ” ဟူသော ပါဠိတော်နှင့်လည်း ကိုက်ညီနိုင်ပေလိမ့်မည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ် (ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *