နိဗ္ဗာန်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်

Share

နိဗ္ဗာန်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်

သစ္စာဝါဒီများ .. ..

နိဗ္ဗာန်ကို ဘယ်အရွယ်က စတင်မြင်ဖူး ပါသလဲ ? ဆိုတဲ့ မေးခွန်းလေး ပေါ်လာတယ် –

ကျွန်တော်ကတော့ သိပ်မှတ်မထားပါဘူး၊ ဒါပေမယ့် ကျွန်တော် အိမ်ထောင်ကျပြီးတဲ့နောက် ဆရာမြတ်ကြီးကို ဖူးတွေ့ရတော့ စပြီးကျင့်လိုက်တာ (၃၅)နှစ် ၀န်းကျင်လောက်ပဲ နေမှာပါ။ ငါးနှစ်လောက် ကျင့်တဲ့အခါမှာ မြင်သွားတဲ့သဘော ပါပဲ။

မြင်ရတော့ တော်တော်လည်း အံ့သြတယ်။ ကျွန်တော် ရိုးရိုးဝန်ခံရမယ်ဆိုရင် နိဗ္ဗာန်ဆိုတာ – “ဘာမှမရှိဘူး” လို့ ထင်ခဲ့တာပေါ့နော် .. .. အခုကျတော့ ဘာမှမရှိဘူးဆိုတာ ဘာကို ပြန်အဓိပ္ပါယ် ဖွင့်တတ် လာတာပေါ့။ ပြည့်စုံအောင်ပြောရရင်တော့ နိဗ္ဗာန်မှာ ဘာဒုက္ခမှ မရှိဘူး၊ ဘာရုပ်နာမ်မှ မရှိဘူး၊ ဘာကိလေသာ တဏှာမှ မရှိဘူး၊ ဘာလောကဓံမှ မရှိဘူး၊ ဘာစိတ္တသင်္ခါရမှ မရှိဘူးဆိုတာတွေ သိလာတာပေါ့၊ ဘာကို အဓိပ္ပါယ် ဖွင့်တတ်လာတာပေါ့။

ကျွန်တော် လက်လှမ်းမီသလောက်ပေါ့လေ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ မြန်မာနိုင်ငံမှာ ဘာ ကို အဓိပ္ပါယ် ဖွင့်ဆိုတာတော့ ကျွန်တော်ပဲနဲ့ တူတယ်။ ကျွန်တော် လက်လှမ်းမီသလောက်ပေါ့လေ ဒါ ကျွန်တော် ရိုးရိုးသားသားနဲ့ ရဲရဲရင့်ရင့် ပြောပါတယ်။ နိုင်ငံခြားသားတွေက နိဗ္ဗာန်မှာ ဘာမှမရှိရင် ဘာမှမရှိတဲ့ ဟာကို မင်းတို့က ရည်ရွယ်ချက်လုပ်ပြီး အပင်ပန်းခံ ကျင့်ရသလား? ဆိုတဲ့ မေးခွန်းတွေ အကြိမ်ကြိမ်ပေါ်တော့ ကျွန်တော့် လက်ထက်မှာ ဘာဆိုတာကို အဓိပ္ပါယ် ဖွင့်လာတယ်။ နိဗ္ဗာန်မှာ ဘာမှမရှိဘူးဆိုတာ မဟုတ်ဘူး ဆိုတာ ဥပမာ — ဘာလွတ်မြောက်မှုမှ မရှိဘူးဆိုတာ မဟုတ်ဘူး၊ ဘာချမ်းသာမှုမှ မရှိဘူးဆိုတာ မဟုတ်ဘူး ဆိုတာ ကျွန်တော် ပြောလာတယ်။ ဘာဒုက္ခမှ မရှိဘူး၊ ဘာရုပ်နာမ်မှ မရှိဘူး၊ ဘာလောကဓံမှ မရှိဘူး၊ ဘာ စိတ်ညစ်စရာမှ မရှိဘူး ဆိုတာတွေကတော့ အမှန်အကန်ပါပဲ။

ဒီတော့ ဒါ ကျွန်တော်ပေါ်ထွန်းလာတယ်ပေါ့ (သို့မဟုတ်) ကျွန်တော့် ဆရာက ကျွန်တော့ကို မွေးထုတ်လိုက် တဲ့အခါမှာ ဗုဒ္ဓဘာသာနဲ့ လူ့လောကကြီး တစ်ခုလုံးအတွက် အမြတ်အစွန်း ရလိုက်တာကတော့ နိဗ္ဗာန်မှာ ဘာမှမရှိဘူး ဆိုတာထက် ဘာဒုက္ခ၊ ဘာရုပ်နာမ်၊ ဘာလောကဓံမှ မရှိဘူးဆိုတာ ပိုမှန်တဲ့ အကြောင်းလေး ပေါ်လာတယ်။ သိပ္ပံနည်းကျပြောရရင်တော့ ဘာ ဆိုတဲ့ စကားလုံးကို အဓိပ္ပါယ် ဖွင့်တတ်လာတယ်။

ကျွန်တော်က အဓိပ္ပါယ်ဖွင့်တာကို သိပ္ပံလေ့လာရင်းနဲ့တော့ ပိုမိုအလေးအနက် ထားတယ်။ ဥပမာ – ဟိုင်ဇင်ဘတ်က ပြောတယ်လေ .. .. ဒီ “မသေချာမှုနိယာမက ကန့်သတ်ထားတဲ့ ဥပဒေရဲ့ အတွင်းမှာ မဟုတ်ပဲနဲ့ သူ့ ဥပဒေကို ကျော်လွန်ပြီးတော့ ပြောချင်ရင် အဲဒီ့ ပြောတဲ့ စကားတွေဟာ အဓိပ္ပါယ်မဖွင့်ဆိုပဲနဲ့ သုံးနှုံးတဲ့ စကားတွေနဲ့ အတူတူပါပဲ” လို့ ပြောဖူးတယ်။ ဟိုင်ဇင်ဘတ်ကိုလည်း ကျွန်တော်က အရမ်းလေးစား တာကိုး သူ့ကိုလည်း ကျွန်တော် အထူး စိတ်ဝင်စားတယ်လေ၊ မသေချာခြင်း နိယာမဆိုတာ သူက ဖေါ်လိုက် တာကိုး .. ..

ဒီတော့ စိတ်ကိုစိတ်နဲ့ မှတ်လို့ မရဘူးဆိုတာကို သူက သက်သေပြလိုက်တဲ့ သဘောပေါ့နော် .. .. ဒီ ရုပ်ကို ရုပ်နဲ့ တိုင်းတဲ့အခါ အမှန်အကန် အတိအကျ မရနိုင်ဘူးဆိုတာ သူကပြောတော့ ကျွန်တော်သူ့ကို စိတ်လည်း ၀င်စားတယ်၊ လေးလည်း လေးစားတယ်၊ ဒါကြောင့် ကျွန်တော် ကွမ်တမ်မက်ကင်းနစ်ပညာမှာ အဲဒီ့ မသေချာမှုနိယာမဆို ကျွန်တော် အင်္ဂလိပ်လိုကို ကျေကျေလည်လည် ပြောနိုင်တဲ့ အဆင့်ထိ ရောက်သွား တယ်။ ဒါကတော့ ကျွန်တော် ၀ါသနာပါလွန်းလို့ပါ၊ စပ်မိလို့ ပြောတာပါ။

ဒီတော့ နိဗ္ဗာန်ဆိုတာက ကျွန်တော်တို့ လက်ထက်မှာ ပီပြင်လာတယ်ပေါ့။ တစ်ချို့ကလည်း တွေက နှိမ်ကြတယ်ပေါ့ ဗုဒ္ဓဘာသာက နိဗ္ဗာန်နဲ့ တခြားစီပဲ ဘာဆိုင်လဲ နိဗ္ဗာန်အကြောင်း မပြောပါနဲ့ဦး၊ ဒါနပဲ လှူပါဦး လိုလို ဘာလိုလိုနဲ့ တွေက တော်တော်တော့ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေပဲ နေရာလည်း နှံ့စပ်တယ်၊ ဗဟုသုတလည်း ရှိတယ်၊ တော်တော်လည်း ဖျက်ဆီးတတ်တယ်၊ ညစ်ပတ်ယုတ်မာတဲ့ နေရာမှာတော့ တော်တော်လေးကို ထိရောက် နက်နဲပုံရတယ်။

ကွန်မြူနစ်က ဖျက်ဆီးလိုက်တာ ဗုဒ္ဓဘာသာကို ရစရာမရှိ အောင်ဖြစ်နေတာ ဒါပေမယ့် ကျွန်တော် တတ်နိုင် သမျှ ထိမ်းပါတယ်၊ ကျွန်တော့်ကိုတော့ တိုက်လို့မရဘူး။ ကျွန်တော်က အကျင့်နဲ့လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ ကျွန်တော်က ခိုင်တယ်၊ ရဲရင့်တယ်၊ မာတယ်၊ လက်တွေ့ပြနိုင်တယ်၊ ပြောနိုင်တယ်၊ ဆွေးနွေးနိုင်တယ်၊ ရဲရင့်တယ်၊ ကျွန်တော်က ပေါ်တင်ချဲလင့်လုပ်ပြီးတဲ့နောက် စင်မြင့်ပေါ်တက်ရဲတဲ့ ပုဂ္ဂိုလ်ကိုး .. .. ကျွန်တော် မြင်တာကို မြင်တဲ့အတိုင်း ပြောနိုင်တယ်၊ ပွင့်လင်းနိုင်တယ်၊ နောက် ဒီ့ထက်ပွင့်လင်းတော့မှာပါ။ ဒီ စာပေ လွတ်လပ်မှုတွေနဲ့ အတူတူ “ကျွန်တော်တို့ရဲ့ တကယ့်ထူးခြား၊ မြတ်နိုးပြီး၊ တန်ဖိုးထားစရာ နိဗ္ဗာန်ရဲ့ အတွေ့ အကြုံနဲ့ အင်မတန် အံ့သြဖွယ်ရာကောင်းတဲ့ ဓာတ်သဘာဝကို မြန်မာဗုဒ္ဓဘာသာတွေဟာ တွေ့ဖူး၊ မြင်ဖူး၊ နားလည်ဖူး၊ သဘောပေါက်ဖူးပြီ” လို့ တင်ပြနိုင်တာကတော့ ကျွန်တော်တို့ရဲ့ ဂုဏ်ပါပဲ၊ မြန်မာရဲ့ ဂုဏ်ပါပဲ၊ ဗုဒ္ဓဘာသာရဲ့ ဂုဏ်ပါပဲ။

ကျွန်တော်က အချိန်ဇယားတွေပါတွေနဲ့ ကျင့်တယ်ဆိုတော့ ယေဘုယျအားဖြင့် ကျွန်တော် မကြာခဏပြော တယ်၊ မနက်တစ်ကြိမ် ညတစ်ကြိမ် ကျင့်ပါတယ်။ မနက်တစ်ကြိမ် ကျင့်တာကတော့ အဲဒီ မနက်အတွက် နှလုံးသွင်းမှန်အောင်လို့ ဦးဆောင်လိုက်တာပေါ့နော်.. .. ညတစ်ကြိမ် ကျင့်တာကတော့ တနေကုန် ဘယ်လောက် သတိထားထား နှလုံးသွင်း မှားတတ်တဲ့အတွက် ပြန်လည်ဆေးကြောတဲ့ သဘောပါပဲ။

ဒီတော့ မနက်တစ်ကြိမ် ညတစ်ကြိမ်ကတော့ ပုံမှန်ကျင့်တာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ဟာ အပြင်းအထန်ပေါ့လေ စာမေးပွဲနီးလို့ စာကျက်သလို အပြင်းအထန် ကျင့်တဲ့ အခါတွေကတော့ ကျွန်တော်တို့ဟာ တစ်ခါတည်းကို ဘ၀ပေးကျင့် လိုက်တာပါပဲ။ အဲဒီနေ့မှာတော့ စားစရာရှိစား တရားဆွေးနွေး၊ တရားစကားပြော၊ ကျင့်စရာရှိ ကျင့်တာပါပဲ .. အပြတ် တနေကုန် (the whole day) ပေါ့နော် – အဲဒါမျိုး ကျင့်ပါတယ်။

ဒီတော့ အချိန်ဇယားကြီး အတိအကျကြီး ဘာကြီးညာကြီး အဲဒီလောက်ကြီးတော့လည်း မဟုတ်ပါဘူး၊ ဒီလိုပဲ သက်တောင့် သက်သာလေးနဲ့ (သို့မဟုတ်လည်း) ပြင်းပြင်းထန်ထန်လေး ကျင့်တဲ့အခါ ကျင့်တယ်။ ကျွန်တော်တို့က သိပ်ပြီး ကျပ်ကျပ်တည်းတည်းကြီး မဟုတ်ပါဘူး။ ကျွန်တော်တို့က မသေမချင်း ကျင့်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတော့  ကျွန်တော်တို့က တစ်ခါတည်းကျင့်ရင်းနဲ့ တစ်ခုခုဖြစ်အောင် ဆိုတာထက်ကို ကျွန်တော်တို့က မသေမချင်း ကျင့်မယ်ဆိုတဲ့ သဘောနဲ့ ခံယူပြီး ကျင့်တာ။ ကျင့်တာတော့ ကျင့်ရပါတယ် တော်တော့်ကို ကျင့်ရပါတယ် .. .. ကျွန်တော်ဆိုရင် ၊ စိတ္တာနုပဿနာ၊ .. .. ကျွမ်းကျင်နိုင်နင်း လိုက်တာတော့ ပြောမနေနဲ့တော့ – အကြိမ်ပေါင်း သိန်းသန်းကုဋေ ကျင့်ခဲ့တာကိုး၊ ဒါတော့လည်း “Practice makes perfect” ပါပဲ။ ကျွန်တော်တို့က ဆရာကောင်း ဆရာမြတ် လက်အောက်မှာ ကျင့်ကြံရတာဆိုတော့ သိတာပေါ့။ တတ်တာလည်း တတ်တာပေါ့၊ ဒါပေမယ့်လည်း ပြောနိုင်တာတွေ ပြောပေးပါတယ်။ စေတနာရိုးနဲ့ ပြောပါတယ် – ကျွန်တော့်ကို စေတနာ မရိုးဘဲနဲ့ ချည်းကပ်ရင်လည်း ကျွန်တော်က စေတနာရိုးနဲ့ပဲ ပြန်ပါတယ်။ ကျွန်တော်က သိတာလေးတွေကို လူ့လောကကို တန်ဆာဆင်ပြီးတဲ့နောက် သစ္စာမွှေးရနံ့လေး ပျံ့သင်းစေရရင် ကျွန်တော် ကျေနပ်ပါတယ်။

ဒါကြောင့် သစ္စာဝင်စားတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ တစ်ဆက်တည်းမှာပဲ သစ္စာဝါဒီတွေကို သာဓုခေါ်နေပါတယ်။ သစ္စာဝါဒီတွေလည်း ဒီထက်ဒီ တရားတွေ တိုးတက်ကြတော့မှာ – ဒီထက်ဒီလည်း နာကြားရတော့မှာ၊ ဒီထက်ဒီလည်း အသိအမြင်တွေ တိုးတက်တော့မှာ၊ ဒီထက်ဒီလည်း သစ္စာတရား ပွင့်လင်းတော့မှာပါ၊ အင်မတန်မှ ထူးမြတ်လှတဲ့ အံသြဖွယ်ရာကောင်းတဲ့ နိဗ္ဗာနဓာတ် မြတ်သော တရားကြီးကို မြန်မာ ဗုဒ္ဓဘာသာ တစ်ယောက်က ပီပီသသနဲ့ ပြောနိုင်ဆိုနိုင်၊ တင်ပြနိုင်၊ ဆွေးနွေးနိုင်၊ ရဲရဲရင့်ရင့်နဲ့ ရှင်းပြနိုင်တဲ့ အခြေအနေရှိနေတယ်ဆိုတော့ သစ္စာဝါဒီများလည်း အားရ ၀မ်းသာစွာ ဂုဏ်ယူလိုက်ပါတော့လို့ ပြောလိုပါတယ်။

ကျေးဇူးတင်ပါတယ် .. ..

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *