ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

Share

ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ .. ..

တိုးတက်တဲ့ခေတ်ကြီးမှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေကြားနေရတယ် .. ..

ဒီခေတ်ကြီးက တိုးတက်နေတာ အားရစရာလည်း တော်တော်ကောင်းပါတယ်။ အားကစားဆို အားကစားမို့၊ ကွန်ပြူတာဆို ကွန်ပြူတာမို့၊ အနုပညာဆိုလည်း အနုပညာပေါ့လေ၊ စီးပွားရေးဆိုလည်း စီးပွားရေး၊ သိပ္ပံ ဆိုလည်း သိပ္ပံ အစစအရာရာ တိုးတက်နေတာ ဒီခေတ်ကြီးပါ။ တိုးတက်အောင်လည်း ကြိုးစားကြတယ်။ လက်တွေ့လည်း လုပ်ကိုင်ကြတယ်။ ဇွဲသတ္တိလည်း ရှိကြတယ်။ အဲဒီအချိန်မှာ ဆုတ်ယုတ်တဲ့ အသုံးအနှုန်းတွေ ဘောက်ချီးတွေ ကြားလာရတာ တော်တော်အံချော်တဲ့ အသုံးအနှုန်းတွေပဲ .. ..

ဥပမာ —- လူတွေကိုလေးစားပေါ့ လေးစားသင့်ပါတယ်၊ လေးစားနိုင်ပါတယ်။ ဒါပေမယ့် “ဘုရားအလောင်းလို လေးစားကြည်ညိုတယ်” လို့ ပြောလာတဲ့ အခါကျတော့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ် ကျေးဇူးတော်နဲ့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ပေးဆပ်ရတဲ့ လမ်းခရီးမှာ ဖြတ်သန်းရတဲ့ ဖြည့်မှုတွေဟာ တန်ဖိုးလျှော့ပြီး ကြေငြာပေးသလို ဖြစ်နေတယ်။ ဒါ တော်တော်မကောင်းတဲ့ စကားတွေပဲ။

အမှန်ကတော့ လူလူချင်း လေးစားတာ ကောင်းပါတယ်။ သို့သော်လည်း ဘုရားအလောင်းလောက် လေးစား ပါတယ် ဆိုတော့ ဒါကျတော့ နည်းနည်းလွန်သွားပြီ။ ဘုရားအလောင်းဆိုတာကို ပေါ့သေးသေး တွက်နေတယ်။ ဒါဟာ ဗုဒ္ဓဘာသာအသံ မဟုတ်သလိုပဲ။ တွေဟာ မြတ်စွာဘုရားကို သိပ်ကြည်ညိုတာ။ မြတ်စွာဘုရားကို သိပ်တန်ဖိုးထားတာ။ မြတ်စွာဘုရားရဲ့ ပါရမီဖြည့်ပုံတွေကို သိပ်ပြီးတော့ အံ့မခန်း အမြတ်တနိုး တန်ဖိုးထားကြတာ .. .. “လူတွေကို မြတ်စွာဘုရားအလောင်းလိုပဲ ကြည်ညိုလေးစားပါတယ်” ဆိုတော့ မြတ်စွာဘုရားရဲ့ အလောင်းတော်ရဲ့ ဂုဏ်သိက္ခာကို တနည်းမဟုတ် တနည်းနဲ့ စော်ကားသလိုပဲ။

တိုးတက်နေတဲ့ ဒီခေတ်ကြီးမှာ ဒါတွေဘာလို့ ဒီလိုသုံးနှုန်း လာကြတာလည်းဆိုတာ စဉ်းစားလို့ကို မရဘူး။ မြတ်စွာဘုရားကို သပ်သပ်ထားပေါ့။ လူလူချင်းကတော့ လေးစားကြ ကြည်ညိုကြပေါ့။ ဒါ ကောင်းပါတယ်။ မြတ်စွာဘုရားကို လာပြီးတော့ နှိုင်းလိုက်တဲ့ အခါကျတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို မပူဇော်ရာ ကျတယ်။ တော်တော်ညံ့ဖျင်းတဲ့ အသုံးအနှုံးတွေပါပဲ။

ဒီလိုပါပဲ ဘာသာရေးမှာ သောတာပန်အလောင်းအလျာအသင်းတို့ ဘာတို့လည်း လေသံထွက်နေတာက တော်တော် နောက်ဆုတ်တယ်၊ နောက်ဆုတ်တာပဲ။ ဗုဒ္ဓဘာသာမှာ ကြိုးစားကြပါ – မြတ်စွာဘုရားက ဖြစ်သည်အထိ ချီးမြှင့်တော်မူတယ်၊ ဖြစ်မှလည်း ကျေနပ်တော်မူမယ်၊ ဒုက္ခ၀ဋ်မှ ကျွတ်တာ ဖြစ်မှ နိဗ္ဗာန်စံရမှာ” လို့ ဒီလို အသံပဲ ထွက်ခဲ့တယ်။ ခုဟာက သောတာပန် အလောင်းအလျာတို့ဘာတို့က ရွဲ့ပြီးတော့ တမင်တကာ ဗုဒ္ဓဘာသာကို နှိမ်ချသလို ဖြစ်နေတယ်။ ဒါတွေကလည်း တော်တော်ရုပ်ပျက်ဆင်းပျက် ပေါ်လာတဲ့ စကားလုံးအသုံးအနှုံးနဲ့ အသင်းအဖွဲ့တွေပဲ။ ဘယ်လိုဖြစ်နေကြလဲ မသိဘူး။

“တရားရှာ ခန္ဓာမှာတွေ့” ဆိုတာ သိပ်မှန်ကန်တဲ့ စကားပါ။ တရားမှာ ခန္ဓာကိုပဲကြည့်ရတာ။ ကျွန်တော်တို့လည်း နှစ်ပေါင်း(၄၀)လောက် ကျင့်လာတာ ခန္ဓာပဲ ကြည့်တာပါပဲ။ ကိုယ့်ခန္ဓာရဲ့ အပျက်ကို ကြည့်တာပါပဲ – ရှင်းပါတယ်။ နုပဿနာလေးမျိုးမှာ ဘယ်အမျိုးအစားပဲကြည့်ကြည့် ကိုယ့်ခန္ဓာရဲ့ အပျက်ကို ကြည့်တာပါပဲ။ ဝေဒနာဆိုလည်း ဝေဒနာမို့၊ စိတ်ဆိုလည်း စိတ်မို့၊ ဓမ္မာဆိုလည်း ဓမ္မာမို့၊ ကာယဆိုလည်း ကာယမို့ပေါ့နော် .. နုပဿနာဆိုတာ အပျက်ကို ကြည့်တာပါပဲ – အပျက်မြင်အောင် ကြည့်ကြတာ။

ဗုဒ္ဓဘာသာ သူတော်စင်တိုင်း ကြိုးစားကြတယ် – အထိုက်အလျှောက် အောင်မြင်နိုင်ကြတယ်။ ကိုယ်သန်ရာ ကိုယ်သန်ရာ ကျင့်ကြတယ်။ ဒါကို “တရားရှာ ထောင်မှာတွေ့” ဆို … ဇော်ကန့်လန်ကြီး ၀င်လာတဲ့ အခါကျတော့ ဗုဒ္ဓဘာသာကို ရိုက်ချိုးဖျက်ဆီးတဲ့ အသိုင်းအ၀ိုင်းရဲ့ လေသံလို ဖြစ်နေတယ်။ အခုတလောမှာ ဘာသာ သာသနာကို ရိုက်ချိုးတဲ့ ကိစ္စ၀ိစ္စတွေဟာ တော်တော်လေးကို ဟိုးလေးတကြော်ကြော်နဲ့ ဟိုကပေါ် ဒီကပေါ် ဖြစ်နေတာ စိတ်မကောင်းစရာပဲ။ တော်တော်လည်း အဆင့်အတန်းနိမ့်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အသုံးအနှုန်းပါပဲ။ ဘာသာ သာသနာကို သူတို့က ပေါ့သေးသေး ထင်နေတာ။ တော်တော် တန်ဖိုးလျှော့ပြီးတော့ လုပ်ကြတာ – “တော်တော်မကောင်းတဲ့ အကုသိုလ်ကောင်တွေပဲ” လို့ ပြောရမယ်။ ဒါဟာ အကုသိုလ်လုပ်ငန်းတွေ လုပ်နေကြတာပဲ။

ရှင်းရှင်းလင်းလင်း ကိုယ့်ကိစ္စကိုယ်လုပ်ကြ ကိုယ့်စကား ကိုယ်ပြောကြတာ ရှင်းပါတယ်။ ဘာဖြစ်လို့ ဘုရားအလောင်း ထည့်လိုထည့်၊ တရားအကြောင်း ထည့်လိုထည့်၊ သောတာပန်အကြောင်း ထည့်လိုထည့်တွေ လုပ်နေကြတာကတော့ ဘာသာ သာသနာကို တော်တော် စော်ကားတဲ့သဘော ဖြစ်နေတာကို သတိထားမိပါတယ်။ အမှန်က တိုးတက်တဲ့ခေတ်မှာ တိုးတက်တဲ့အကြောင်းတွေပဲ ကြားရတာ ကျက်သရေ မင်္ဂလာရှိတာပေါ့။ မဟုတ်တရုတ် ဘောက်ချီးတွေအကြောင်း ကြားရတာကတော့ ကျက်သရေတော့ မရှိဘူးပေါ့။

ဒါဟာ တိုးတက်တဲ့ခေတ်မှာ ဆုတ်ယုတ်တဲ့ သင်္ကေတတွေ ပြတာကတော့ ကန့်လန့်တိုက်တဲ့ လူတန်းစားတွေရဲ့ အသုံးအနှုန်းတွေ ဖြစ်လိမ့်မယ်လို့ပဲ ယူဆပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာကတော့ ရှေ့ကိုသွားနေတာပါ။ တရားလည်း ကျင့်ကြတယ်၊ မြတ်စွာဘုရား ခိုင်းတဲ့အတိုင်းလည်း အားထုတ်ကြတယ်။ မြတ်စွာဘုရားနဲ့ တရားကိုလည်း အရမ်းကြည်ညိုတာ။ မြတ်စွာဘုရားဆိုတာလည်း အရမ်းကြည်ညိုစရာ ကောင်းတာ။ သတ္တ၀ါတွေကို ရင်ဝယ်သားလို ချစ်သနားတော်မူတာ။ ဒါကြောင့် နိဗ္ဗာန်ပဲ စံစေချင်တာ။

နိဗ္ဗာန်ကိုစံရမှလည်း ဒုက္ခ၀ဋ်က ကျွတ်မှာကိုး။ နိဗ္ဗာန်ဆိုတာ ရုပ်နာမ်က လွတ်တာလေ။ ရုပ်နာမ်ရှိသမျှတော့ ရုပ်နာမ်ဒါဏ်တော့ တွေ့ကြရတာပဲ။ ရုပ်နာမ်က လွတ်ပြီဆှိတော့ အရမ်းကောင်းတာပေါ့။ မှန်းဆလို့တောင် နားလည်နိုင်ပါတယ်။ ရုပ်နာမ် မရှိတော့တဲ့ နိဗ္ဗာန်စံဝင်ရတဲ့ အခန်းကိုတော့ အရမ်းကို တန်ဖိုးထားတာ။

ဒါကြောင့် “မဂ္ဂဖလာန မာရမ္မဏဘူတော အသင်္ခတ ဓမ္မော” ဆိုတာ အသင်္ခတဓာတ် မြတ်တဲ့နိဗ္ဗာန်ကို စံမြန်း တာဟာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့ ပါပဲ။ အင်မတန်လည်း ကောင်းတဲ့ မြတ်စွာဘုရားရဲ့ တရားတော်၊ အင်မတန်ကောင်းတဲ့ ၊ အင်မတန် ကြည်ညိုစရာကောင်းတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အထိပ် မြတ်စွာဘုရား သခင်ကိုယ်တော်မြတ်ကြီးကို ဒီလိုပဲ ကြည်ညိုလေးစားရမှာ။ အခုတော့ –

“နိဗ္ဗာန်ကို ဆုမတောင်းပါဘူး” ဆိုတဲ့ လေသံတွေလည်း ပေါ်လိုပေါ်။

“တရားရှာ ထောင်မှာတွေ့” ဆိုတဲ့ စကားတွေ ပေါ်လိုပေါ်။

“ဘုရားအလောင်းတွေလို ကြည်ညိုပါတယ်” ဆိုတာ ပေါ်လိုပေါ်။

ကိုယ့်ဖာသာကိုယ် ကြည်ညိုလေးစားရင် ကြည်ညိုလေးစားကြောင်းပဲ ပြောသင့်တာပေါ့။ ဘုရားအလောင်းကို ဘာမှ ဥပမာနှိုင်းစရာ မလိုဘူး။ အမှန်ကတော့ ဒါတော်တော်ကို စော်ကားတဲ့ စကားတွေပါပဲ။

ဗုဒ္ဓဘာသာမှာ ဒီလို စော်ကားရဲလာတာတော့ သိပ်တော့ကောင်းတဲ့ လက္ခတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေဟာ ရင်နာတယ်၊ အသည်းနာတယ်၊ ရွာနာတယ် .. .. ဗုဒ္ဓဘာသာကို ဒီလိုဘောက်ချီးတွေ သုံးနှုန်းပြီး ပြောချင်ရာပြော ဆိုချင်ရာဆိုနေကြတာ၊ စည်းမဲ့ကမ်းမဲ့ ပေါက်လုပ်ပဲစားတွေ သုံးနှုန်း နေကြတာကတော့ ဘာသာရေးဘက်က ကြည့်ရင် တော်တော်ကို စိတ်မကောင်းစရာ ၀မ်းနည်းစရာ ဖြစ်ပါတယ်။

မြတ်စွာဘုရားကို ကြည်ညိုကြပါစို့ .. ..

တရားတော်မြတ်ကိုလည်း ပူဇော်ကြပါစို့ .. ..

အရိယာသံဃာတော် အရှင်သူမြတ်၊ မြတ်စွာဘုရား သားတော်တွေကိုလည်း လေးစားခင်မင် ကြည်ညို ကြပါစို့လို့ .. ..

ရတနာမြတ်သုံးပါးကို ဦးထိပ်ထားလိုတဲ့ သဘောနဲ့ ဖော်ပြောလိုပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

 

This entry was posted in Buddhism and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *