အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 10

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၇)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

 

ဖြစ်ပျက် မုန်းအောင်ကြည့် နှင့် ဖြစ်ပျက် ဆုံးအောင်ကြည့်တရား

ဖြစ်ပျက်မုန်းအောင်ကြည့်ဆိုရာ၌၊ မုန်းခြင်းမှာ မလိုချင်ခြင်းဖြစ်သည်။ မလိုချင်ခြင်းဆိုသည်မှာ အလောဘဖြစ်သည်။ လိုချင်ခြင်းဆိုသည်မှာ တဏှာဖြစ်ပါသည်။

သတိပြုရမည်မှာ ဖြစ်ပျက်ကို မလိုချင်သူသည် –

(၁) ဖြစ်ပျက်ရှိနေခြင်းကို ဆင်းရဲသည်ဟုသိသည်။

(၂) ဖြစ်ပျက် ဆုံးသွားလျှင် ကောင်းမည်၊ ဟန်ကျမည်၊ လွတ်လပ်မည်၊ ပိုချမ်းသာမည်ဟု မှန်ကန်စွာ ခန့်မှန်းတွက်ဆတတ်သည်။

(၃) ဖြစ်ပျက်များကို ကုန်စေချင်နေမိသည်။

ယင်းဂုဏ်ရည်သုံးချက်ရှိနေသူသည် ဖြစ်ပျက်ကို မလိုချင်ပါ၊ မုန်းပါမည်။

ဖြစ်ပျက် ဆုံးခြင်းဆိုသည်မှာ ဘာမှမရှိခြင်း မဟုတ်ပေ။ ဖြစ်ပျက်ကို မုန်းနေသောဉာဏ်မှ ဖြစ်ပျက်မရှိတော့ခြင်းကို သိမြင်သောဉာဏ် ဖြစ်လာရခြင်းဖြစ်သည်။

ထိုဉာဏ်သည် ဖြစ်ပျက်များ ဒလဟောပျက်စီး ဆိတ်သုဉ်းသွားသဖြင့် ရှင်းသွားခြင်း၊ ကြည်သွားခြင်း၊ ဟာသွားခြင်း၊ ပေါ့သွားခြင်း၊ လွတ်သွားခြင်း၊ နောက်ဆုံးကောင်းသွားခြင်းကို သိမြင် သည်။ ဘာမှမရှိတော့ခြင်းမှာ ဖြစ်ပျက်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဘာမှမရှိတော့ခြင်း၊ မကျန် တော့ခြင်းကို သိမြင်သည်မှာ ဖြစ်ပျက်ဆုံးအောင်ကြည့်သော ဉာဏ်၌ဖြစ်ပေါ်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှိတာကုန်အောင်လုပ်လျှင် မရှိတာရှိလာသည်ဟု ပညာရှိများ ပြောကြခြင်းဖြစ်သည်။ ဘာတစ်ခုမှ မရှိတော့လျှင် ထိုအခြေအနေကို ဘယ်လိုလုပ်သိသနည်းဟု မေးဖွယ်ရှိသည်။ သိမြင်သည်မှာ ဉာဏ်ဖြစ်ကြောင်း သတိချပ်ရမည်။ ဘာကိုသိမြင်သနည်းဟုမေးလျှင် ဒုက္ခဖြစ်ပျက်များ ကုန်ကင်း သည်ကိုသိမြင်သည်။ ထိုသို့ ကုန်ကင်းသဖြင့် ကြည်သည်၊ ရှင်းသည်၊ ဟာသည်၊ ပေါ့သည်၊ လွတ်သည်၊ ကောင်းသည် ဟုသိမြင်ခြင်း ဖြစ်သည်။ တရားအားထုတ်လို့ ကောင်းလိုက်တာ၊ ဘာကိုမှ မသိတော့ဘူးဟု ဆိုလျှင်မှားသည်။ ထိုသို့ဆိုလျှင် မေ့ဆေးထိုးပေးထားရုံမျှသာ ရှိသည်။

တရားအားထုတ်လို့ ကောင်းလိုက်တာ၊ ဒုက္ခအရှုခံတရားတွေ ဘာတစ်ခုမှ မရှိတော့ဘဲ ရှင်းပြီး ဟာပေါ့သွားပြီး၊ လွတ်ပြီး ချမ်းသာကြည်လင်နေတာပဲဆိုမှ ဉာဏ်ဖြင့် ချမ်းသာနေခြင်းဖြစ်သည်။ ယထာဘူတ ကျမည်။ ဆင်းရဲသော၊ ပျက်စီးနေသော၊ မပိုင်အပ်သော သုံးဆယ့်တစ်ဘုံ သင်္ခတဓာတ်ကို မျက်ကွယ်ပြုခြင်းဖြင့် ချမ်းသာသော၊ လွတ်မြောက်သော၊ တည်မြဲသော အသင်္ခတဓာတ် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းသည်သာ သဘာဝကျသည်။ ဘာမှမှရှိတော့၊ ဘာမှမသိတော့ဟုဆိုလျှင် နိဗ္ဗာန်ကို မည်သို့သိမည်၊ မျက်မှောက်ပြုလုပ်မည်နည်း။ ဆင်ခြင်စဉ်းစားဖွယ်ရာ ဖြစ်သွားလိမ့်မည်။

မြတ်စွာဘုရား၏တရားတော်သည် လက်တွေ့ကျသည်။ ကြောင်းကျိုးဆီလျော် ညီညွတ်သည်။ ဒုက္ခမှ လွတ်သည်။ ချမ်းသာခြင်းကို ဆောင်သည်ဟူသော ဂုဏ်တို့နှင့် ပြည့်စုံသည်သာတည်း။ လောင်စာ သိမ်း၍ မီးငြိမ်းသည်ဆိုသည်မှာ ဤသို့ဖြစ်သည်။ လောင်စာထည့်နေသရွေ့ မီးတောက်နေမည်ဖြစ်၍ လောင်စာကို ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ ရုပ်သိမ်းသည်ဆိုသည်ကို နားလည်ရမည်။ ဘာကိုရုပ်သိမ်း သနည်း။ အယုတ်တရားများကို ရုပ်သိမ်းခြင်းဖြစ်သည်။ အယုတ်တရားများကို သိမ်းကိုသိမ်းထားရမည်။ ရုပ်သိမ်းလိုက်ရသည်။ ပစ်မထားရ။ ဆက်အလုပ်မဖြစ်စေရ။ လောင်စာပွားမနေရ။ အယုတ်တရားတွေ ရုပ်သိမ်းလိုက်မှ အမြတ်တရားပေါ်မည်။ အယုတ်တရားများ ရုပ်သိမ်းနည်းကို သာသနာမှ ရသည်။ ဆရာကောင်း၊ သမားကောင်းများက ဆုံးမတော်မူသည်။ ထိုအဆုံးအမသည် သာသနာပင်ဖြစ်သည်။ ဒုက္ခ ခန္ဓာမီးတောက် ဆက်လက်မတောက်လောင်စေရန် ထိုမီးတောက်ကိုဖြစ်စေသော တဏှာလောင်စာကို ရုပ်သိမ်းစေခြင်းဖြစ်သည်။ ရုပ်နာမ်တို့သည် လောင်စာကို ဆက်၍ဆက်၍ထည့်နေ တတ်ကြသည်။ လောင်စာထည့်ခြင်း၌ အကျင့်ပါနေကြသည်။ လောင်စာထည့်နေသရွေ့ မီးတောက်သည် ဆက်လက် တောက်နေမည်သာဖြစ်သည်။ ယင်းသည် ပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်သည်။ မသိ၍လိုချင်ရာမှ ရအောင် လုပ်သောအခါ ရရှိခံစား တောက်လောင်ကြခြင်းဖြစ်သည်။ မီးတောက်မှန်းသိ၍ မလိုချင်တော့သဖြင့် မီးတောက်စေရန် လောင်စာထည့်နေခြင်းကို ရုပ်သိမ်းလိုက်ရာမှ မီးဆက်မတောက်တော့၊ မီးငြိမ်း သွားခြင်းသည် ခန္ဓာ့ ရပ်သွားခြင်းဖြစ်လေသည်။ လောင်စာကို ဆက်မထည့်ဖြစ်စေရန် ရုပ်သိမ်းလိုက်သော စွမ်းအင်သည် မီးတောက်ငြိမ်းသွားသဖြင့် မပူလောင်တော့သော ငြိမ်းအေးသွားခြင်း သဘောကို ခံစားဝင်စားခြင်းဖြစ်သည်။ ခန္ဓာ့ ရပ်လျှင် ဖြတ်လိုက်သောဉာဏ်မှ နိဗ္ဗာန်စံရာဆီ သို့ အကျိုးသက်ရောက်သွားတော့သည်သာတည်း။ ခန္ဓာဆက်လက် လှည့်လည်ဖြစ်ပေါ်မှုမှ ငြိမ်းအေး သွားသည်သာတည်း။

တရားတော်၌ သိမ်းသည်၊ ရုပ်သိမ်းသည်၊ အယုတ်တရားများကို ရုပ်သိမ်းသည်၊ မြင့်မြတ်စေသည်၊ ဖြင့် အယုတ်တရားကို ရုပ်သိမ်း၍ အမြတ်တရား ဖြစ်ပေါ်သည်ဆိုသည်ကို နားလည်သဘော ပေါက်ရန်လိုသည်။ စဉ်ဆက်မပြတ် တရစပ် လောင်စာထည့်နေသော မီတောက်ကို အလိုလို ငြိမ်းလိမ့် မည်ဟု မမျှော်လင့်ကောင်းပေ။

ထိုသို့မျှော်လင့်ခြင်းသည် အယူအဆမှားခြင်း ဖြစ်သည်။ အယုတ်တရားကို ရုပ်သိမ်းရမည်ကိုသိမှ ယထာဘူတကျသည်။ လက်တွေ့သဘာဝနှင့် ကိုက်ညီသည်။ ကောင်းကျိုးဖြစ်ထွန်းမည်။ ထို့ကြောင့် လောင်စာကို ရုပ်သိမ်းပစ်ရမည်။ ထိုအခါ အမြတ်တရား ပေါ်ထွန်းမည်သာတည်း။

ဤနေရာ၌ မီးတောက်သည် အလိုလို မငြိမ်းပါသလောဟု စောကြောကြသည်။ ထိုအခါ စာရေးသူ က ပြန်မေးလိုသည်။ လောင်စာ အဆက်မပြတ်ထည့်ပေးနေသည်ကို သတိရှိပါ၏လော ဟူ၍ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိမရှိပါဟု မည်သူဝန်ခံမည်နည်း။ ကာမသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀၊ အ၀ိဇ္ဇာသ၀ ဘာမှမလုပ်ရသေးဘဲနှင့် အပြီးအပိုင် ကုန်ခမ်းသွားကြပါပြီလောဟု မေးလိုသည်။ ထိုသို့ဆိုလျှင် အတိတ်ဘ၀က ဘာကြောင့် နိဗ္ဗာန်မစံဘဲ ဒီဘ၀လူလာဖြစ်နေရပါသနည်းဟု မေးလိုသည်။ အယူအဆ မှားနေသူအတွက် သတိပေးခြင်းဖြစ်သည်။ ယခုတရားမှာ ထင်ရှားလှပါသည်။ လောင်စာကို ရုပ်သိမ်းရမည် ဖြစ်ပါသည်။ အယုတ်တရားများကို ရုပ်သိမ်းလိုက်နိုင်ပါမှ မီးငြိမ်းပြီး အအေးဓာတ်ကြီး ပေါ်ပေါက်လာမည် ဖြစ်ပါသတည်း။

ခန္ဓာဆုံးတယ်ဆိုတာ တရားသမားတွေသိချင်မှာပဲ။ ဘယ်လိုများဆုံးသွားလဲပေါ့။ တချို့ကလည်း အမှန်တကယ် ဆုံးတာမှ ဟုတ်ရဲ့လားလို့ တောင်တွေးမြောက်တွေး တွေးမိနိုင်ကြသေးတယ်။ ပညာရှိ စကားပဲဗျာ၊ မဆုံးဘဲ ဆုံးတယ်လို့ ဘယ်အမိန့်ရှိပါ့မလဲ။ ( မိုးကုတ်ဆရာတော် ဘုရားကြီးကို ရည်ညွှန်းသည် ) ဆုံးသမှ ငုတ်တုတ်ထိုင်လျက်ကြီးနဲ့ ဆုံးသွားတာ။ တရားထိုင်ရင်း ပြောပါတယ်။ ဆုံးသွားတာ။ ဒါဆို စာဖတ်သူ ယုံပြီ။ ဆုံးတာတော့အမှန်ပဲ၊ ယုံကြည်သွားပြီ။ အဲ – ဘယ်လို ဆုံးသွားတာလဲ။ ဒါသိချင်တယ်။ ကောင်းပြီ – သိရမယ်။ စာရေးသူလည်း ပညာရှိသူတော်ကောင်းကြီးတွေ ရဲ့စကားကို ပြောရတာပဲဗျာ။ ဘယ်လိမ်ညာရဲပါ့မလဲ။ အမှန်အကန်ပဲ။

ဒါနဲ့ စာဖတ်သူ၊ မိမိတို့ရဲ့ မြတ်စွာဘုရားဟာ ဝေဒနာနဲ့ တဏှာအကြားမှာ ဘုရားပွင့်တော်မူ သွားတယ် ဆိုတဲ့စကား မှတ်မိတယ်နော်။ ကြားလည်း ကြားဖူးတယ်နော်။ အဲ – ဟုတ်ပြီ။ ဝေဒနာလည်း ဆုံးရော၊ တဏှာဘက်မကူးခင်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပွင့်ပေါ်ဖြစ်ထွန်းသွားတာပေါ့ဗျာ။ ရှင်းတယ်နော်။ အဲဒီလိုပဲ၊ ယောဂီတစ်ဦး တရားရှုနေတယ်ဆိုတော့ ဝေဒနာနဲ့ တဏှာအကြားပဲ ဖြစ်ပျက်ဆုံးအောင် ရှုတယ် ဆိုပါတော့။ ကျွန်တော် ဥပမာတော့ ပေးကြည့်ချင်တယ်။ သိပ်အကောင်းကြီးတော့ မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်ပိုင် ဥပမာမို့။

ဒီလိုလေ ဇနက္ကမင်းသာ သင်္ဘောပျက်လို့ ရေကူးနေတဲ့ အချိန်ရယ်နော်။ ( သေသေချာချာ စဉ်းစားနော် ) ရေကူးနေတဲ့အချိန်ရယ်။ ( ဥပမာပြောတာနော် ) ရေမကူးနိုင်တော့လို့ ရေနစ်သွားတဲ့ အချိန်ရယ် ဆိုပါတော့။ အဲဒီအကြားမှာ မေခလာနတ်သမီးက ကယ်ဆယ်သွားရော၊ ဟုတ်တယ်နော်။ ဒီတော့ ရေနစ်သွားတယ်ဆိုတာ ဖြစ်မသွားဘူးပေါ့ဗျာ။ မနစ်ခင်မှာ ကယ်ဆယ်သွားတာကိုး။ ဟုတ်ပြီလား။ ရေနစ်တယ်ဆိုတာ တဏှာဘက်ကူးသွားတာ။ မေခလာကယ်တာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပွင့်သွားတာ၊ ဖြစ်ပျက်ရှုတာပေါ့။ ဒီလိုပဲ ဝေဒနာအဆုံးမှာ အဆုံးကို မြင်တွေ့လိုက်ရတော့၊ တဏှာဘက်မကူးခင်မှာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပွင့်လိုက်တော့ လွတ်သွားတဲ့သဘော။

ခန္ဓာဖြစ်ပျက်လည်း ဒီလိုပဲ။ ဖြစ်ပျက်အဆုံးမှာ ဆုံးသွားပြီလို့ ကတဉာဏ်နဲ့ ဖြစ်ဖြစ်ပေါ့ဗျာ၊ အနတ္တ ဉာဏ်နဲ့ ဖြစ်ဖြစ်၊ အဆုံးကြီးကိုမြင်တွေ့လိုက်ရတော့ အဲဒီလို မြင်တွေ့လိုက်ရတဲ့ ဉာဏ်အဖို့ ခန္ဓာ မရှိတော့ဘူး။ ဘယ်သူ့အတွက် မရှိတော့သလဲဆိုတော့ အဲဒီမဂ်ဉာဏ် ဖိုလ်ဉာဏ်အတွက် ခန္ဓာ မရှိတော့တာ။ သူကပိုင်းခြားသွားပြီကိုး။ နောက်ဖြစ်စရာ အကြောင်းတွေလည်း ပယ်သတ်လိုက်ပြီးပြီ။ အခုဖြစ်ဆဲ ခန္ဓာရဲ့အဆုံးကိုလည်း မြင်လိုက်ပြီဆိုတော့ သူ့အဖို့ အဲဒီမဂ်ဉာဏ် ဖိုလ်ဉာဏ်အဖို့ နောက်ခန္ဓာ ဆက်ဖြစ်တယ်ဆိုတာ မရှိနိုင်တော့ဘဲ ခန္ဓာဆုံးသွားပြီ။ ဖိုလ်ဉာဏ်က နိဗ္ဗာန်မျက်မှောက်ပြုသွားတယ်။ ဒီတော့ ခန္ဓာဆုံးတယ်ဆိုတာ ဖိုလ်ဉာဏ်အတွက်ပြောရတာ။ ဘေးကကြည့်နေသူ အတွက်ကတော့ဗျာ ငုတ်တုတ်ကြီးပေါ့။ သူက ပုထုဇဉ်မျက်စိနဲ့ ကြည့်နေမှာကိုး၊ ဟိုကတော့ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဖြစ်သွားပြီ။ အဲဒီခန္ဓာဆုံးတာ ဖြစ်ပျက်ဆုံးတာပဲ။ သူ့အတွက်၊ သူ့မဂ်ဉာဏ် ဖိုလ်ဉာဏ်အတွက်  အရိယာဉာဏ်အတွက် ဆုံးတာ။ ပုထုဇဉ် အကြည့်နဲ့ မကြည့်နဲ့လေ။ ဖြစ်ပျက်ဆုံးလျှင် သုံးဆယ့် တစ်ဘုံကြီးနဲ့ ရောငြိနေပါဦးမလား။ မငြိတော့ဘူး။ ထွက်သွားပြီ၊ သုံးဆယ့်တစ်ဘုံက ထွက်တာကိုတော့ နောက်မှ ပြောကြစို့လားဗျာ။

ဆက်လက်ဖော်ပြပါမည်။

Admin (www.chitnge.com)

 

 

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *