တရားမရတာဘာကြောင့်လဲ?

Share

တရားမရတာဘာကြောင့်လဲ?

“ဗုဒ္ဓဘာသာများ တရားရှာပေမယ့် တရားမရတာ ဘာကြောင့်လဲ?” လို့ စိစစ်လိုက်ရင် အဓိကကတော့ ဆရာကောင်း မရှိလို့ပါဘဲ။ ဆရာကောင်းက အရမ်းလိုအပ်တာ .. .. ဆရာကောင်းက မြင်ဖူးရမယ်၊ ဆရာကောင်းက အရိယာဖြစ်ရမယ်၊ ဆရာကောင်းက တရားကို မြတ်စွာဘုရားအလိုတော်ကျ ဟောတတ် ရမယ် ပေါ့နော် .. .. ဆရာကောင်း လွတ်နေတော့ တရားမရကြဘူးပေါ့ .. ..

ကျွန်တော်လည်း ဘ၀တူချင်း တရားရှာကြတာပေါ့နော် .. .. စိတ်ဝင်စားကြည့်တယ် “ဘာဖြစ်လို့ မရကြတာလဲ?” ဆို .. .. ကျွန်တော်သိသလောက် နည်းနည်း တင်ပြမယ်။

တစ်အချက်က –

  • သူတို့က သိခြင်းနှစ်ခုကို မခွဲတတ်ဘူး .. ..

ဥပမာ – စိတ်ကသိတာနဲ့ ဉာဏ်ကသိတာ မခွဲတတ်ဘူး .. .. သူတို့က သိတယ်ဆိုရင် စိတ်လိုလို ဘာလိုလို ထင်နေကြတယ် အဲဒါ ဆရာကောင်းမှ ခွဲတတ်တာ။

ကျွန်တော်တို့ကျတော့ ဆရာကောင်းဆရာမြတ်က သေချာသင်တော့ စိတ်သိက တစ်မျိုး၊ ဉာဏ်သိက တစ်မျိုး ခွဲခြားနိုင်တယ်။ အဲဒါကို မသိကြဘူး .. .. တစ်ချို့ကျတော့လည်း ယောင်ဝါးဝါး ဆရာတွေနဲ့ပဲ တွေ့တော့ နိဗ္ဗာန်အကြောင်း ပီပီပြင်ပြင် မပြောတတ်တော့လည်း ၀ါးတားတား ဖြစ်နေတာပေါ့။ နိဗ္ဗာန်အကြောင်းက တကယ်ပီပြင်တဲ့ ဆရာကပြောမှ ပီပီသသ လိုက်လို့ ကောင်းတာပေါ့ .. .. ကျွန်တော် တို့ကတော့ ကံကောင်းခဲ့တယ်လို့ ပြောရမှာပေါ့ .. .. ကျွန်တော်တို့က ဆရာကောင်းနဲ့ တွေ့တာ .. .. ဒါပေမယ့် အခု ကျွန်တော်လည်း ကျွန်တော့ဆရာ သင်ပေးတာလေးတွေကို ပြန်တော့ ပြောပြနေပါတယ်။

နောက်တချက်က-

  • နိဗ္ဗာန်မှာ သိသေးတယ် ဆိုတာကိုလည်း သိပ်မသိကြဘူး။

တစ်ချို့တော့ သိတယ် .. .. တစ်ချို့တော့ မသိကြဘူး .. .. နိဗ္ဗာန်မှာ သိသေးတာပေါ့ .. .. နိဗ္ဗာန်က မေ့ဆေး ပေးခံပေးရတာနဲ့ မတူဘူးလေ။ တစ်ချို့က လွဲမှားစွာပြောသေးတယ် .. .. “အိပ်ပျော်နေတာနဲ့ တူတယ်” တဲ့။ အိပ်ပျော်နေတာနဲ့ ဘယ်တူမလဲ .. .. ဘလက်ဟိုး(လ်) ထဲကိုကျတာနဲ့ မတူသလို နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေကို ဖိုလ်ဉာဏ်က ထိုးထွင်းပြီး သိသေးတာပေါ့။

ဖလသမာပတ် ၀င်စားတဲ့အခါ နိဗ္ဗာန်မှာ ကျွန်တော်ပြောပြောနေတဲ့ နိစ္စ၊ ဓူဝ၊ နိပူဏ၊ အနိဒဿန၊ အစ္စရိယ စတဲ့ တရားတွေကို ဖိုလ်ဉာဏ်က ထိုးထွင်းပြီး သိသေးတယ်။ နိဗ္ဗာန်ရဲ့ ဂုဏ်ရည်တွေကတော့ ပြောမကုန်နိုင်ပါဘူး။ ဒီတော့ အဲဒီဟာလည်း မသိကြဘူးပေါ့နော် .. ..

နောက်တစ်ခုက-

  • တရားကိုလည်း တကယ်တမ်းကျတော့ ဉာဏ်ပညာနဲ့ မရှုတတ်ဘူး။ စိတ်နဲ့ မှတ်နေကြတယ် .. ..

ဒီတော့လည်း တရားနဲ့ ဝေးကြတာပေါ့။ ကျွန်တော် သုံးသပ်ကြည့်တာပါ။

ဒီတော့ ကျွန်တော်ကတော့ ဆရာကောင်းနဲ့လည်းတွေ့ ကိုယ်တိုင်ကလည်း ရှုသတ်ဖူး၊ ပေါက်မြောက်ဖူးတော့ ဒါတွေ အကုန်မြင်နေရ၊ သိနေရတာပေါ့နော် – ဒီတော့ တရားလိုချင်တဲ့ ပုဂ္ဂိုလ်တွေဟာ ဖိုလ်ဉာဏ်နဲ့ သိတဲ့တရားရယ်၊ စိတ်နဲ့သိတဲ့ တရားရယ် မတူကြောင်းကို ကွဲကွဲပြားပြား ခွဲခြားနားလည် နိုင်ရမယ်။

စိတ်ဆိုတာ အတ္တဘက်ကို ညွှတ်တယ်၊ အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတာက အမှန်ကို ထိုးထွင်းမြင်တယ် – ဒါလေးတွေကို ခွဲခွဲခြားခြား နားလည်နိုင်ရမယ်။ ဒါလေးတွေကို ခွဲခြားနိုင်တယ် ဆိုရင်ကို  ကျွန်တော်က သာဓုခေါ်ပါပြီ။

ဆက်လက်ပြီး တင်ပြပါဦးမယ် လမ်းညွှန်ပါဦးမယ် – အားလုံးသော ပရိသတ်များကို လေးစားပါတယ်။ တစ်သီးပုဂ္ဂလ ပရိသတ်တွေလည်း ရှိပါတယ်၊ ယေဘုယျ ပရိသတ်လည်း ရှိပါတယ်၊ နှစ်မျိုးစလုံးကို ကျွန်တော် လေးစားပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism, Frontpage and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *