ပြောအပ် မပြောအပ်ပြဿနာ

Share

ပြောအပ် မပြောအပ်ပြဿနာ

စာရေးသူတို့ Big dark pink Lotus Flower photoအသိုင်းအဝိုင်း၌ မေးခွန်းတစ်ခု ပေါ်လာသည်။ ယင်းအချက်မှာ

“တရားအားထုတ်သူသည် အောင်မြင်လျှင်၊ သူ့ကိုယ်သူ အောင်မြင်ကြောင်း၊ ပြောအပ် မပြောအပ်”

ဟူသော ပြဿနာပင်ဖြစ်သည်။

အမှန်တော့မူ ရိုးရှင်းပါသည်၊ ဤခေတ် ဤကာလမှာ မှန်လျှင် ပြောအပ်သည်သာ ဖြစ်သည်။ မမှန်လျှင်တော့မူ မပြောအပ်ချေ — မြတ်စွာဘုရားသည် မမှန်လျှင် မပြောကောင်းကြောင်း ပညတ်တော် မူခဲ့ဖူးသည်။ မိမိက အရိယာ မဖြစ်ပါဘဲနှင့် လာဘ်သပ္ပကာကို မျှော်ကိုး၍ အရိယာ ဖြစ်သည်ဟု လိမ်လည်၍ မပြောကောင်းကြောင်း မိန့်တော်မူဖူးသည်။

အမှန်တကယ် အရိယာဖြစ်လျှင်၊ အမှန်တကယ် ရဟန္တာဖြစ်လျှင် ဖြစ်ကြောင်းကို ပြောပိုင်ခွင့် ရှိသည်သာဖြစ်သည်။ ကိုယ်တော်တိုင်ပင်လျှင် ထိပ်ဆုံးမှ –

“ကိလေသာကို အောင်နိုင်၍၊ ခန္ဓာအိမ် တည်ဆောက်ရန် တဏှာလက်သမား၌ အခွင့်မရှိပြီ”

ဟု ကြွေးကြော်တော် မူခဲ့ဖူးသည်။ (အားလုံးအသိပင် ဖြစ်ပါသည်) ရဟန္တာတော်တော် များများလည်း ကြွေးကြော်တော် မူခဲ့ကြဖူးသည်သာ ဖြစ်သည်။ (ဥဒါန်းပါဠိတော်ကို လေ့လာလျှင် တွေ့နိုင်ပါသည်။) ဓမ္မဒိန္ဒာတို့လည်း ကြွေးကြော်ခဲ့သည်သာ ဖြစ်သည်။ သို့သော် အချို့က ကြွေးကြော်သင့်မသင့် သံသယဖြစ်နေကြသည်၊ တွေဝေနေကြသည် – ထိုအခါ စာရေးသူတို့လို ကျင့်ကြံဖူးသော ပုဂ္ဂိုလ်က အဖြေပေးရန်သာ ဖြစ်သည်။

အဖြေမှာ ကြွေးကြော်ပိုင်ခွင့် ရှိသည်။ မှန်ကန်ဖို့သာလိုသည်၊ မှန်မှန်ကန်ကန် အောင်မြင်လျှင်၊ မှန်မှန်ကန်ကန် ကြွေးကြော်နိုင်သည်။ မမှန်မကန်ဘဲနှင့်မူ လာဘ်မျှော်၍လည်းကောင်း၊ လူအထင်ကြီး ခံရစေလို၍ လည်းကောင်း မပြောအပ်ချေ။ စာရေးသူအဖို့မှာမူ မှန်မှန်ကန်ကန် ကျင့်၍၊ မှန်မှန်ကန်ကန် အောင်မြင်ခဲ့သည် ဖြစ်၍၊ မှန်မှန်ကန်ကန်ပဲ ကြွေးကြော်ခဲ့သည်။

စာရေးသူသည် အခြားသော ကိစ္စများ၌ နှံစပ်ချင်မှ နှံစပ်ပေလိမ့်မည်၊ တရားကျင့်ခြင်း၌ နှံစပ်ခဲ့သည်။ ဆရာကောင်းကိုလည်း ဖူးတွေ့ခဲ့ရသည်၊ ယခုအချိန်မှာဆိုလျှင် အနှစ်လေးဆယ် ဝန်းကျင် တရားအားထုတ်ခဲ့ဖူးသည်။ အားထုတ်ခဲ့ဖူးကြောင်းကိုလည်း အတော်အသင့် ပြောပြ၊ ရှင်းပြခဲ့ဖူးသည်။ မြတ်စွာဘုရား ဟောတော်မူသော ကျင့်စဉ်လေးမျိုး၊ နုပဿနာလေးမျိုး အနက် လေးမျိုးစလုံး ကျင့်နိုင်သည်။ သို့သော် လောလောဆယ် ကျင့်နေသည်မှာ နှင့် ဓမ္မာနုပဿနာပင် ဖြစ်သည်။ နှင့် ဓမ္မာနုပဿနာကို မည်သို့မည်ပုံ ကျင့်အပ်ကြောင်း အကြိမ်ကြိမ် အခါခါ ပြောခဲ့ပြီးပြီ။ နောက်နောင်လည်း ပြောဦးမည် ဖြစ်သည်။

အဖြေမှာ ထင်ရှားပါသည်။ အမှန်တကယ် ကျင့်သော ပုဂ္ဂိလ်တို့ အောင်မြင်လျှင်၊ ပြောရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာသည် သဘောတရား သက်သက်ပဲ ဖြစ်သည်၊ လက်တွေ့မပါပါ၊ လက်တွေ့အောင်မြင်သူ မရှိပါဟု ထောက်သူများကို၊ ထောက်ခွင့်ပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။ အောင်မြင်နေပါလျှက်နှင့် ရေငုံနုတ်ပိတ် နှိမ့်ချနေရန် မလိုပါ။ နှိမ့်ချသည် ဆိုသည်မှာ မာန်မာန မတက်ကြွရန်သာ ဖြစ်သည်။ ယခုအခါ စာရေးသူအနေနှင့် ငါသိ၊ ငါတတ်၊ ငါမြတ် ကြွေးကြော်နေပုံမျိုး မဟုတ်မူ၍၊ ပရိသတ်အား သတင်းအမှန် ပေးရန်၊ ပရိသတ်သိလိုသည်များကို ဖြေရှင်းပေးရန်နှင့် အသက်ထင်ရှား ရှိနေစဉ် နိဗ္ဗာန်ကို မြင်ဖူးသဖြင့် ဗဟုသုတ ရနိုင်သော အချက်အလက်များအား ဖြန့်ဝေရန် အခြေအနေ၌ ရှိသည်။

စာရေးသူ ကျင့်ကြံခဲ့သည်မှာလည်း မနည်းတော့ချေ။ လူသည် သူကျင့်ကြံလျှင် သူရသည်။ ကျွမ်းကျင်ရာ လိမ္မာကြသည် မဟုတ်ပါလား — (Practice makes perfect.) ဖြစ်သည်။ ထို့ကြောင့် ကိုယ်သန်ရာမှ ဤလောကကို အလှဆင်ရပေလိမ့်မည်။ ကိုယ်ကျင့်ရာမှ အောင်မြင်လျှင် အောင်မြင်ကြောင်း တင်ပြရပေလိမ့်မည်။ ယင်းကား လူသားတို့၏ အောင်မြင်ခြင်း တစ်မျိုးဖြစ်၍၊ သတင်းအမှန် ပေးခြင်းသာ ဖြစ်သည်။ ဤကိစ္စမျိုး ဖြန့်ဖြူးမှသာ တော်ကာကျမည်။ သို့မှသာ ဗုဒ္ဓဘာသာကို ပူဇော်ရာကျမည်။

မိမိအား အရိယာဖြစ်ရန် သွန်သင်တော်မူသော ဆရာကောင်း၊ ဆရာမြတ်ကိုလည်း ဦးထိပ်ပန်ဆင်ရာ၊ ကျေးဇူးဆပ်ရာကျမည်။ ထို့ကြောင့် စာရေးသူသည် ဖွင့်အံ ပြောခဲ့ရခြင်း ဖြစ်သည်။ စာရေးသူသည် သဘာဝကျကျ ပြောတတ်သည်။ အမှန်အကန်လည်း ကျင့်တတ်သည်။ နိဗ္ဗာန်ကို စာရေးသူ၏ လက်ထက်တွင် တော်တော်များများ အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။

နိဗ္ဗာန်သည် ဘာမှမသိခြင်း မဟုတ် ဟူ၍ အတိအကျ ပြောခဲ့သည်။ ဘာမှမသိလိုလျှင် မေ့ဆေးထိုးပါ၊ တွင်းမည်ကြီးထဲ ဝင်သွားပါဟု ပြောခဲ့ဖူးသည်။ ၌ နူးညံ့သည်၊ သိမ်မွေ့သည်၊ အသိခက်သည်၊ နက်ရှိုင်းသည်၊ ချမ်းသာခြင်း မျိုးစုံစုပုံနေသည်ဟု စာရေးသူ ပြောခဲ့သည်။ ငြိမ်းသော လက္ခဏာရှိ၍ ထိုငြိမ်းသော လက္ခဏာမှ မရွေ့လျောသော၊ သဏ္ဍန်နိမိတ် ကင်းဆိတ်သည့် နိဗ္ဗာန်သည် ဓာတ်ဖြစ်သည်။ အဝင်စားခံဓာတ် ဖြစ်သည်၊ မျက်မှောက် အပြုခံဓာတ်ဖြစ်သည်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်က ဝင်စားသည် စသည်ဖြင့် စာရေးသူသည် ဂဃနဏ သေသေချာချာ ယုတ္တိနည်းကျကျ၊ ကြောင်းကျိုး ညီညွှတ်ဆီလျော်စွာ ပြောခဲ့သည်။

ထို့ကြောင့် အမှန်တကယ် ကျင့်ကြံ၍၊ အမှန်တကယ်ရလျှင် ပြောကောင်းပါသည်။ ပြောကြပါ – သို့သော် မှန်ကန်ဖို့တော့ လိုသည်။ မိမိပြောသောစကားကို မိမိတာဝန်ယူရသည်။ (ဤစကားကို ထပ်မံပြောပါဦးမည်။) မိမိပြောသော စကားကို မိမိတာဝန်ယူရမည်၊ မိမိလုပ်သောအလုပ်ကို မိမိတာဝန်ယူရမည်။ စာရေးသူသည် မိမိပြောသောစကားကို မိမိတာဝန်ယူခဲ့သည်။ မိမိသည် ပိုင်သော နိုင်သောကြောင့် ပြောခြင်းဖြစ်သည်။

အမှန်တော့မူ ဉာဏ်ပညာဖြင့် ဆင်ခြင်၍ ဝေဖန်ပါလျှင် လိမ်ညာသော ပုဂ္ဂိုလ်နှင့် အမှန်အကန် ရဲရဲရင့်ရင့် ပြောသော ပုဂ္ဂိုလ်တို့က သိသာထင်ရှားသည်ဟု စာရေးသူ၏ မြင်ကွင်း၌ ထင်ထင်လင်းလင်း သဘောရပါသည်။ လိမ်သူသည် အမှန်ပြောသူနှင့် မတူနိုင်ချေ။ အမှန်ပြောသူသည် ရဲရင့်ပွင့်လင်း၍ ဟုတ်တိုင်းမှန်ရာ ယုတ္တိနည်းကျကျ ကျင့်ကြံအားထုတ် အလုပ်လုပ်ခဲ့သဖြင့်၊ ဆရာကောင်း ဆရာမြတ်ထံ နည်းနာခံခဲ့သဖြင့် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ဘောက်ချီး ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် စသော ပုဂ္ဂိုလ်များ၏ အပြောအဟောမျိုး မဟုတ်ချေ။ ဤကိစ္စကို အနည်းဆုံး ပညာရှိ ပရိသတ်ကြီးက ဝေခွဲနိုင်ပါသည်။

စာရေးသူကတော့မူ သိထိုက် သိအပ်သည်များကို ဆက်လက်၍ ပြောနေရဦးမည်သာ ဖြစ်သည်။ မေးသည်များကိုလည်း သဘာဝကျကျနှင့် ရိုးသားလျှင် ကောင်းမွန် စိတ်ရှည်စွာ ဖြေပေးနေရဦးမည်သာ ဖြစ်သည်။ စာရေးသူသည် အောင်မြင်သူ ဖြစ်ရာ၊ ဤအောင်မြင်ခြင်းသည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကြောင့် ဖြစ်သည်။ ရတနာမြတ် သုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် ဖြစ်သည်။ ဆရာကောင်း သမားကောင်း၏ ဂုဏ်ကျေးဇူးကြောင့် ဖြစ်ကြောင်း ဝန်ခံပြီး ဖြစ်သည်။

“ဆရာမပြ နည်းမကျ” ဟူသောစကားသည် ရှိသည်။ အထူးသဖြင့် လောကုတ္တရာတွင် ဆရာကောင်း ဆရာမြတ် ရှိမှသာလျှင် အောင်မြင်နိုင်မည် ဖြစ်ကြောင်း မိမိသည် အကြိမ်ကြိမ် ပြောခဲ့ပါသည်။ ဆရာကောင်း မရှိလျှင်တော့မူ တစ်ဆယ့်သုံးမိုင် ပတ်လည်ရှိသော သံမဏိတုံးကြီး တစ်တုံးကို လက်သည်းခွံနှင့် ခြစ်၍ ဟိုဘက်ပေါက်အောင် ကြိုးစားနေသကဲ့သို့ ဖြစ်နိုင်သည်ဟု ဥပမာတင်စား၍ တစ်ဆင့်စကား ပြောကြား ခဲ့ဖူးပါသည်။ ဆရာကောင်း တွေ့လျှင်တော့မူ  အရိယာဖြစ်ရန် များစွာမခက်ပါ — မိမိက လိုက်နာ ကျင့်ကြံရန်ဖြစ်သည်။

မိမိသည်  နှစ်ပေါင်းလေးဆယ် ဝန်းကျင် ကျင့်ကြံခဲ့သည် ဖြစ်ရာ၊ အရိယာဖြစ်၍ ရင့်ကျက်နေပြီ ဖြစ်သည်။ မေးလိုသူများ၊ သိလိုသူများနှင့် ဗဟုသုတ ရလိုသူများအား ထာဝရလမ်းဖွင့်ကာ အမှန်အကန် ဖော်ပြနေသော၊ လက်တွေ့ကျသော၊ အမှန်ကျင့်ခဲ့သော၊ ဂဃနဏ ပိုင်ပိုင်နိုင်နိုင်ရှိသော၊ ကြောင်းကျိုး ညီညွှတ်လျက်ရှိသော၊ ယုတ္တိနည်းကျသော ခံယူချက်များဖြင့် ရှင်းပြနေခြင်း ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *