ပညာရဲရင့် ပွဲလယ်တင့်

Share

 ပညာရဲရင့် ပွဲလယ်တင့်

 

ပညာရဲရင့် ပွဲလယ်တင့် ဆိုတဲ့စကားကို ယောဂီများလည်း သိပါတယ်။ မိမိကိုယ်တိုင်လည်း Stable (2)ပညာရဲရင့်မှုတော့ ရှိပါတယ်။ ဒါပေမယ့် ပွဲလယ်ကိုဝင်လေ့ သိပ်မရှိဘူးလို့ ပြောရမှာပေါ့နော်။ ပွဲလယ်ကို ၀င်ရအောင် တချို့က ထိုးသွင်းနေကြတယ်။ ဘယ်လိုလည်းဆိုတော့ မင်္ဂလာဗျူဟာ စာစောင်မှာ စာရေးသူကို ရည်ညွှန်းပြီးတဲ့နောက် ရုပ်နာမ်တောင် မကွဲဘူးလို့ ပုဂ္ဂိုလ်တစ်ဦးက ဆုံးဖြတ်ချက်ချကြောင်း အဖြေပေးထားတယ်။ ဒါတော့ ၀မ်းနည်းစရာကောင်းတာပေါ့နော်။ မိမိကို လာလည်း မလေ့လာဘဲနဲ့ အဝေးကနေမှန်းပြီး ဂုဏ်သိက္ခာကြအောင် ရုပ်နာမ်တောင် မသိဘူးဆိုတော့ မခက်ဘူးလား ယောဂီများ။

 

မိမိအနေနဲ့ ယောဂီများကို ဆရာလုပ်နေတာ ရုပ်နာမ်မှ မသိရင်လည်း ဒီလို ဆရာဘယ်လုပ်ဖြစ်မလဲ။ ဒါကိုလည်း သူတို့ မစဉ်းစားဘူးပေါ့နော်၊ ရုပ်နာမ်သိတာက ကြာပါပြီ။ ရုပ်ဆိုတာ အခြေခံ၊ နာမ်ဆိုတာ အသိတရားလေးရှိပြီးတော့၊ ရုပ်ကတော့ အသိတရားမရှိဘူး သူ့အပေါ်မှာ မှီခိုတဲ့ နာမ်ဓာတ်လေး။ ရုပ်နာမ်အကြောင်းကတော့ သိတာပေါ့၊ ရုပ်နာမ်ကတော့ သိရုံတင်မကဘူး၊ ဒုက္ခဆိုတာလည်း သိတယ်၊ အနိစ္စဆိုတာလည်း သိတယ်၊ အနတ္တ ဆိုတာလည်း သိတယ်။ အဆင့်အများကြီး သိခဲ့တာကို မိမိကို (ကကြီး) (ခခွေး) တောင် မတတ်တဲ့ ပုံစံမျိုးနဲ့ ဆုံးဖြတ်ချက်ချတယ်။ ဒါတော့လည်း နှိမ်လွန်းရာ ကျတယ်။

 

ဒီတော့ ပညာရဲရင့် ပွဲလယ်တင့်ရမှာပဲ ချဲလိုက်တယ်၊ စိမ်ခေါ်လိုက်တယ်။ ရုပ်နာမ်မသိဘူးဆိုရင် အဲဒီ စွပ်စွဲချက်ကို ပြည်သူလူထု ရှေ့ကိုတင်ပါလို့၊ ဖြေရှင်းမယ်။ စွပ်စွဲတဲ့ ပုဂ္ဂိုလ်ကကော ရုပ်နာမ်ကို သိရဲ့လား ဆိုတာကို ပြန်တော့ မေးလိမ့်မယ်နော်လို့၊ ဒီက အစစအရာရာ ခေါင်းငုံ့ခံနေမှာ မဟုတ်ဘူး။ ဒီလို စိန်ခေါ်မှုတွေ ဖြစ်လာတာပေါ့ ယောဂီများရယ်။ ဒီတော့လည်း ရှိပါစေတော့ တရားအကြောင်းလည်း ပြောစရာ ရှိတာတော့ ပြောပါ့မယ်။ သို့သော်လည်း စိမ်ခေါ်မှုများကိုလည်း ဖြေရှင်းခွင့် ပေးပါ။ သူတို့ကို မဖြေရှင်းနိုင်ရင် ယောဂီများ နောက်ပိုင်းကျ အာရုံထွေးမှာလည်းစိုးလို့ ပွင့်ပွင့်လင်းလင်း ပြောတာပါ။

 

မိမိအနေနဲ့ကတော့ ကြွားချင် ၀ါချင်၊ ငါသိ ငါတတ် မလုပ်ချင်ပါဘူး။ သို့သော်လည်း ဘာမှမတတ်ဘူး ဆိုတော့လည်း၊ ကိုယ့်နေရာနဲ့ ကိုယ်က မကိုက်တော့လည်း တတ်ကြောင်းတော့ ပြရမှာပဲ။ တတ်လို့သာ ယောဂီများကို အကြံဉာဏ်ပေးနိုင်တာပေါ့။ မတတ်ဘဲနဲ့ အကြံလာပေး နေလို့ရှိရင်လည်း ယောဂီများလည်း ဒီလို ဘယ်လေးစားပါ့မလဲ။ အခုတော့ သိကြောင်း တတ်ကြောင်း ပြောရတာဟာ ကြွားချင် ၀ါချင်လို့ မဟုတ်ပါဘူး။ တဖက်က အရမ်းကို မှိုချိုး မျှစ်ချိုး နှိမ်နေလို့ ပြောရခြင်း ဖြစ်ပါတယ်လို့ ယောဂီများကို အစီရင်ခံပါတယ်။

 

တတ်တာပေါ့ ယောဂီများရယ် မိမိဟာ ဆရာကောင်း သမားကောင်းရဲ့ လက်အောက်မှာ သက်တော်ထင်ရှား ရှိစဉ်က ဆယ်နှစ်တိတိ ပညာယူခဲ့ရတာ အခုလည်း ကျင့်ကြံနေတာ နှစ်ပေါင်း (၅၀) ကျော်ပါပြီ။ ယနေ့ထက်တိုင်လည်း ကျင့်တုန်းပါပဲ။ အသေးစိပ်ပြောတတ်ပါတယ် မပြောချင်သေးလို့သာ နေတာ။ သူတို့က ခုတော့ သွယ်ဝှိုက်ပြီး ပြောခိုင်းသလို ဖြစ်နေတယ်။ ဒီလိုဆိုတော့ ကိုယ်လည်း ပညာရဲရင့် ပွဲလယ်တင့် ပြောစရာရှိတာ ပြောရမယ်။ ဆိုရေးရှိက ဆိုအပ်လှ ဆိုစများလျား ထားပချေမိ ကိုယ့်ဝန်ရှိ၊ ဆိုသလို ကိုယ့်တာဝန် ရှိမှာကို စိုးရတယ်။

မိမိဟာ ကိုယ့်တရားကိုယ် ကျင့်ခဲ့တာပါ။ ခက်တာက သူတို့ကို ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ဟာ မိမိကို မနာလိုကြဘူး။ မနာလိုကြတဲ့အခါကျတော့ မိမိကို ဂုဏ်သတင်း ပျက်အောင် ပြောတယ်၊ အတင်းတွေပြောတယ် တော်တော်ကိုပြောတာ။ ယောဂီများရှေ့မှာ ငိုလည်း မပြချင်လို့ သီးခံခဲ့တာ ကြာပါပြီ။ အခုတော့ သူတို့ကလည်း စာတစောင် ပေတစ်ဖွဲ့အဖြစ်နဲ့ တော်တော်လေး စော်ကား ပစ်မှားလာတဲ့ အခါကျတော့ ကိုယ်လည်း နဂါးမှန်းသိအောင် အမောက်ထောင်လာရတဲ့ အခြေအနေရှိသွားတာကို ယောဂီများကို တင်ပြခြင်း ဖြစ်ပါတယ်။

 

မိမိအနေနဲ့ သိတယ် ဒီတော့ နောက်လည်း မဆုတ်နိုင်ဘူး။ သိတာကတော့ သိတယ် ပြောရမှာပဲ။ ဒီခေတ်ဟာ အမှန်ကို အမှန်ပြောတဲ့ခေတ် ဖြစ်ပါတယ်။ သစ္စာကို မြတ်နိုးရတဲ့ ခေတ် ဖြစ်ပါတယ်။ မိမိဟာ သစ္စာကိုပဲ မြတ်နိုးတယ်၊ ဟိတ်ဟန်ကို မမြတ်နိုးဘူး၊ ထင်ပေါ်ကျော်ဇောခြင်းကို မမြတ်နိုးဘူး၊ လူမှုရေးဟန်ဆောင်ပြီး ငါတကောကောမှုတွေကို မိမိဟာ မလိုလားဘူး။ မိမိဟာ တရား အကြောင်းပဲ ပြောတယ်။ မဂ်အကြောင်းပြောတယ်၊ ဖိုလ်အကြောင်းပြောတယ်၊ နိဗ္ဗာန်အကြောင်း ပြောတယ်၊ အရိယာအကြောင်းပြောတယ်၊ ရဟန္တာအကြောင်းပြောတယ် ဒါပဲ။

 

ဒီတော့ ပုတ်ခတ်တဲ့ ပုဂ္ဂိုလ်ကလည်း ပုတ်ခတ်မှာပဲ၊ ယောဂီများကို နားမယောင်စေချင်ဘူးပေါ့နော်။ ဒါကတော့ အမှန်အကန်ကို ရှေ့ဆက် စိန်ခေါ်ရတော့မှာမို့ ရှေ့မှာ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပြောတာတွေကို ယောဂီများ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

 

မိမိက သိတယ်ယောဂီများ စိတ်ချ သိလို့ပြောတာ။ နှစ်ပေါင်းလည်း များစွာကြာပြီ။ ဆရာကောင်း ကိုးကွယ်ခဲ့ပြီးပြီ။ ဒီတော့ မိမိက သိတယ်၊ ဒါ ၊ ဒါ ရဟန္တာ၊ ဒါ ဆိုတာ ကောင်းကောင်း သိပြီးသားမို့ လုံးဝ ကျွမ်းကျင်နိုင်နင်းတဲ့ အတွင်းကျကျ အမှန်အကန် လေ့လာဆည်းပူးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သတင်းကောင်းပေးပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *