ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-18

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-18

အခန်း(၁၁) အဆက်

စာရေးသူသည် ကိုယ်တော်မြတ်ကြီးအား လွန်စွာကြည်ညိုသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။ ထို စာရေးသူ၏ ကိုယ်တော်မြတ်ကြီးသည် မြန်မာဗုဒ္ဓဘာသာ သံဃာတော်တစ်ပါးမျှသာ ဖြစ်လေသည်။ ထိုကိုယ်တော် မြတ်ကြီးအပြင် အခြားသော ပြီးပြည့်စုံတော်မူကြသော ရဟန္တာကြီးများ၊ ဆရာတော်ကြီးများ မြန်မာနိုင်ငံ၌ အထင်အရှား သီတင်းသုံးနေကြသည်သာ ဖြစ်သည်။  သို့သော် ထိုအမိမြန်မာနိုင်ငံရှိ သူတော်စင်ကြီးများကို ကျော်လွန်၍ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ ရဟန်းသံဃာများ၊ လူပညာရှိစာရေးဆရာများကို ဖူးဖူးမှုတ် အမွှန်းတင်နေကြသော မြန်မာပြည်ဖြစ် ပညာရှင်ကြီးများသည် တကယ်တော့ အံ့ဩစရာ ကောင်းနေပေ တော့သည်။ အမေကျော် ဒွေးတော်လွမ်းနေကြသည့် အဖြစ်မှာ မညှာမတာ ကောက်ချက်ချရပါမူ မြန်မာနိုင်ငံ၌ ထိုက်သင့်သောနေရာ မရ၍လော။ (သို့မဟုတ်) မြန်မာပြည်မှ ဆရာတော်သမားတော်ကြီးများ၏ ထိုက်တန်သော နေရာကို ပေးအပ်ခြင်း မခံရ၍လော။ (သို့မဟုတ်) နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ ပညာမရှင့်တရှင်များကို အရွဲ့တိုက် ပူဇော်ကိုးကွယ် အမွှန်းတင်နေကြခြင်းပေလော။ စောကြော စိစစ်ဖွယ်ရာ ရှိနေပေသည်။ နိုင်ငံခြား စာရေးဆရာများ ရေးသားသော ဗုဒ္ဓဘာသာအကြောင်းကို ဖတ်လိုက်ရမှ ဗုဒ္ဓဘာသာအကြောင်း ကောင်းကောင်းကြီး သဘောပေါက် သွားသည်ဆိုသော စကားမှာ အဘယ်ကို ရည်ညွှန်းပါသနည်း။ အမှန်တကယ်ပင် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဆိုင်ရာ  ပညာဉာဏ်ထူးချွန်သော ပညာရှိ မရှိ၍ပေလော။ ယင်းသည် မဖြစ်နိုင်ချေ။ သို့ဆိုလျှင် မြန်မာပြည်ရှိ ပညာရှင်များကို မြင်အောင်ကြည့်နိုင်စွမ်း မရှိ၍သာဖြစ်မည်။  သို့သော် မမြင်ချင်လို၍ ဖြစ်မည်။ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်က ပညာရှိကို မရွေးတတ်၍ ဖြစ်မည်။ သို့တည်းမဟုတ်ပါမူ မြန်မာနိုင်ငံမှ ပညာရှင်များကို တန်ဖိုးမထားတတ်၍လည်းကောင်း၊ အရွဲ့တိုက်သော သဘောဖြင့်လည်းကောင်း၊ မိမိနေရာရလို၍လည်းကောင်း ဖြစ်သည်။ မည်သို့ဆိုပါစေထိုပုဂ္ဂိုလ်များအတွက် မကောင်းသော အလားအလာမျှသာဖြစ်နေသည်။ အနာဂတ် သာသနာရေးအတွက် ၎င်းတို့သည် ရင်လေးဖွယ်ရာ ဖြစ်သည်။

စာရေးသူ ဗောဓိညောင်ပင်ကို မော့ကြည့်လိုက်သည်။ အိုမင်းရင့်ရော်သည်နှင့်အမျှ တည်တံ့ခိုင်မာလှသော ထုထည်အင်အား ကောင်းပါပေသော ဗောဓိပင်စည်တော် အကိုင်းအခက်တို့ အချက်ကျကျ ဖြန့်ဝေလိုလှပါသော အေးမြရိပ်သာ ဗောဓိပင်ညောင်ရွက် အလွှာလွှာတို့ ပဏာတင့်ပုံ ဆင့်ဆင့်ငယ်စုံလေသည်။

ရဂုံသာမော၊

တောလည်းမဟုတ်၊

ဝန်းကျင်ငြိမ်သက်၊

တိတ်ဆိတ်ချက်ကြောင့်၊

လွမ်းချက်မတူ၊

ဆောင်စွဲငယ်ယူလေသည်၊

မွှေးကြူငယ်တည့်သည်ပန်း၊

ကြိုင်လှိုင်ကာလွှမ်းတော့သည်၊

အောင်ပန်းငယ်တည့်အမတာ၊

သည်အရာသည်လွန်စွာအံ့ဩ၊

မသိသူမောလောက်တဲ့၊

အတောဘယ်မသတ်၊

ဖွင့်ပြောငယ်မတတ်ဘူး၊

မြတ်သမျှအရာသည်၊

မဟာမှာကြည်သာ၊

တည်ရာမှီရာ ဆန်းတော့သည်၊

ပန်းကြာတည့်ဝတ်မှုံငယ်၊

ညွတ်ရုံသာဦးချမိသည်၏လေး …..

မွေ့သိမ်သော ခြေလှမ်းများဖြင့် ရတနဃရ  ဌာနဖက်ဆီသို့ သွားခဲ့သည်။ ဤနေရာ ဤဌာနသည် သုံးလူ့ထွတ်ထား ရှင်တော်မြတ်ဘုရား တရားဒေသနာ အဘိဓမ္မာကို ဆင်ခြင်ကာဖြင့် ခြောက်လွှာရောင်ခြည် ကွန့်မြူးငယ်ကြည်သည် မဟိတသိုက် လွမ်းမောငယ်ငိုက်မျှ ဦးခိုက်သည့်ရတနာ အံ့ဩဖွယ်ဖြာသည် သတ္တဌာန န၀ဂအစစ်ပေမို့ ကျစ်လျစ်ကယ် သစ္စာမေတ္တာငယ် ပို့လိုက်သည် လွန်းဖို့လွန်ကောင်းလေလိမ့်လော …..

စာရေးသူသည် ရတနာဃရ ဌာနဖက်မှ တဖန် ရတနာစင်္ကမ စင်္ကြန်လမ်းဖက်ဆီသို့ လွမ်းတစ်သက်သက် လျှောက်လာခဲ့ပြန်သည်။ တည်ငြိမ်၍လော အေးဆေး၍လော မပြောတတ်။ ပြောတတ်သည်မှာ မကြာမီ ဤမည်သော နေရာဌာနမြတ်မှ ခွဲရတော့မည်ဆိုသည့် အကြောင်းတို့ပင်တည်း။

နောက်တစ်နေ့တွင် နယူးဒေလီဖက်ဆီသို့ ဦးတည်လှည့်လည်ရဦးမည်။ ထိုဌာနမှသာလျှင် တငင်တန်းတန်း လွမ်းရရမ်းဖြင့် မှန်းမှန်းဆဆ သတိရနေသည့် အမိမြန်မာနိုင်ငံတော်မှ ယောဂီပရိသတ်တို့အား All lndia Radio မှ မဆိုင်းမတွ ပြောပြပေဦးမည်။ နေရဉ္စရာမြစ်ကမ်းခြေမှ သဲဗွေသောင်ဖျာ ဆိပ်ကမ်းသာလည်း နောက်တစ်ခါနော် လာလှည့်ပါဟု ခေါ်သည့်နှယ်။ ပျော်ပျော်ကြီးနေဦး၊ လုံးလုံးကြီးတရားရ၊ နန်းအမတ နိဗ္ဗူအဆူဆူကို တူရူငယ် ၀င်စား၊ မျက်မှောက်ကယ်ပွားရအောင်၊ ခံစားဖို့ဆောင်သည့်နှယ်၊ သောင်ပြင်ကဖွေးဖွေး၊ တော်စဉ်တစ်ရေးရေးနှင့် အေးလေသည့်မြစ်ပြင်၊ မခင်မင်လို့ ဟုတ်ပေဘူး။ ရည်စူးငယ်ဇာနည် ဘာမထီမို့၊ ဦးတည်ရှေ့လမ်း၊ ခရီးငယ် လှမ်းရမည်၊ လွမ်းချင်လည်းလွမ်းကြစို့၊ စွမ်းပကားဇာနည်မှာ သာသာကြည်ကြည်၊ ဖြိုးမောက်ကယ်စည်ရအောင်၊ အဓွန့်တည်ရှည်ကြာ၊ သည်သာသနာ ကမ္ဘာဖြန့်ဖြူးချင်တဲ့ ဇွဲ။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

တက္ကသိုလ်ဘုန်းဆင့် ( မဟာဝိဇ္ဇာ ) – သည် ဆရာ၏ ကလောင်ခွဲဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည် —

Admin: www.chitnge.com

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *