ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-17

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-17

အခန်း(၁၁)

သစ္စာဂုဏ်ရှိုန် ထိန်ထိန်လင်းရမည်

စာရေးသူအဖို့ ဤနေ့သည် အောင်မြင်သောနေ့ (သို့မဟုတ်) အောင်မြင်သည်ဟု သိရသောနေ့ပင် ဖြစ်သည်။ ဗောဓိပင်အောက် ရောက်ခဲ့စဉ်ကတည်းက သမာဓိအားများပွားများ၍ သိပ်ကောင်းနေသည်။ မိမိကိုယ်ကို ထူးခြားမှန်းသိနေမိသည်။ ဉာဏ်ပညာကိုလည်း ရှင်သန်စေလျက် ကောင်းစွာ အသုံးပြုနေနိုင်သည်။ သိသိသာသာ ဉာဏ်ယှဉ်၍ နေနိုင်တော့သည်။ ဉာဏ်ပညာသည် ထက်မြတ်လျက်ရှိ၏။ ရှင်သန်နိုးကြား ပေါ်ထွန်းလျက်ရှိ၏။ အစစအရာရာကို ဉာဏ်ပညာဖြင့် ဦးထိပ်ပန်ဆင်လိုက်မိသည်။ သာသနာ့အရိပ်သို့ဝင်ရောက် ခိုလှုံရခြင်း၏ ကြီးစွာသောတန်ဖိုးကို နိုးနိုးကြားကြား သိနားလည်ထားရပြီး မဟုတ်ပါလော။

ဗောဓိပင်အောက်မြေ၌ စာရေးသူလည်း အောင်မြင်ရပေမည်။ စာရေးသူ၏ ရည်မှန်းချက်ပန်းတိုင်ကို စာရေးသူ အသိဖြစ်သည်။ ယခုမူ စာရေးသူအတွက် ရည်မှန်းချက် ပန်းတိုင်သည် ပြည့်စုံရပေတော့မည်။ ဤသည်မှာ သာသနာတော်မြတ်ကြီး၏ ဂုဏ်ကျေးဇူးတော်ကြောင့်ပင် မဟုတ်ပါလော။

ဉာဏ်သည် ခန္ဓာကိုလည်းကောင်း၊ ဉာဏ်အရာကိုလည်းကောင်း ထိုးထွင်းဆင်ခြင်ကြည့်မိသည်။ ခန္ဓာသည်ဉာဏ်ပညာ၏အောက်တွင် မလိုလားအပ်သော ဒုက္ခအဖြစ်နှင့်လည်းကောင်း၊ ပျက်စီးအပ်သော ပျက်စီး တတ်သော အနိစ္စအဖြစ်နှင့်လည်းကောင်း၊ ပျက်စီးချုပ်ပျောက် သွားရသည်ဖြစ်၍ မပိုင်ဆိုင်အပ်သော အနတ္တအဖြစ် လည်းကောင်း ထင်ရှားခဲလေပြီတည်း။ ကုသိနာရုံ အင်ကြင်းစုံ၌ ၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ – သခါင်္ရတရားတို့၏ ပျက်စီးချုပ်ငြိမ်းတတ်ပုံကို မမေ့မလျော့စေရန် မြတ်ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့သည် မဟုတ်ပါလော။

မြတ်စွာဘုရားကို ကြည်ညိုရာ၌ ဘုရားဟောအတိုင်း ကျင့်သုံးဆောက်တည်ခြင်းဖြင့် ကြည်ညိုခြင်းသည် ကောင်းမြတ်သော အဆီအသားပါသော အနှစ်ပြည့်ဝသော အကျိုးများသော ကြည်ညိုခြင်းအမျိုးအစားပင် မဟုတ်ပါလော။

တရားသဘောကို ထိုးထွင်ဆင်ခြင် သိမြင်နေမိပေသည်။ ဒုက္ခကို အပျက်တရားမှန်း မသိသော ပုထုဇဉ်တို့၏ အဖြစ်သည် ဆိုဝါးလေစွတကား။ ဒုက္ခကို ဒုက္ခဟူ၍ပင် မသိမြင်နိုင်ကြသော သတိမယှဉ်နိုင်ကြသော ဉာဏ်အမြင်မရှိသူတို့၏ အဖြစ်သည် ဆင်းရဲတွင်း နက်စေချေ၏ တကား။

ဒုက္ခကို ဒုက္ခဟု ပြသနိုင်တော်မူသော ဆရာကောင်း ဆရာမြတ်တို့ ရရှိခြင်းသည် အဖိုးထိုက်တန် လေစွတကား။ တရားဘာဝနာ ဆင်ခြင်၍ ပွားမိပြန်သည်။

ရုပ်နာမ်သည် ငါမဟုတ်ချေ။ ငါမဟုတ်သော ရုပ်နာမ်ကို ငါလုပ်လျှင် ဒုက္ခလှလှနှင့် တွေ့ရတော့မည် သာတကား။

ရုပ်နာမ်သည် မမှီခိုအပ်ချေ။ မမှီခိုအပ်သော သဘောတို့၌ လူသည် ဒုက္ခဖြစ်ခြင်းကြောင့်လည်ကောင်း၊ အနစ္စပျက်ရမည် သဘောကြောင့်လည်းကောင်း၊ ပျက်စီးချုပ်ပျောက်သဖြင့် မပိုင်အပ်သည့် အနတ္တသဘောကြောင့် လည်းကောင်း၊ မပိုင်လျှင် မဆိုင်ရသည်သာ ဖြစ်ခြင်းကြောင့်လည်းကောင်း ရုပ်နာမ်ကို မမှီခိုအပ်သည်သာဟု ဆုံးဖြတ်ချက် ချရပေလိမ့်မည်။

ရုပ်နာမ်ကိုမှီခိုလျှင် ရုပ်နာမ်မချုပ်နိုင်ချေ။ ရုပ်နာမ်မချုပ်လျှင် ဒုက္ခမချုပ်သည်သာတည်း။ ထိုဒုက္ခ ချုပ်ငြိမ်းကုန်ဆုံးမှု၏ နိဂုံး ရရှိအပ်သော ကြီးစွာသောချမ်းသာခြင်းကို ရရှိနိုင်းလိမ့်မည် မဟုတ်တော့ကြောင်း သာတည်း။

ရုပ်နာမ်ကို မမှီခိုအပ်သကဲ့သို့ ရုပ်နာမ်ကို မခံစားအပ်ပေ။ အဘယ်ကြောင့် မခံစားအပ်ပါသနည်း။ ရုပ်နာမ်သည် ဖြစ်ပြီးပျက်သွားသည် မဟုတ်လော။ ပျက်သွားသည့်အရာအပေါ် ခံစားနေလျှင် ခံစားမှုကြောင့် စွဲမက်သောအခါ ပျက်သွားသောအရာအပေါ် စွဲမက်နေမိပေလိမ့်မည်။ ထိုအခါ စွဲမက်ခြင်းသည်သာ ဒုက္ခအဖြစ် ကျန်ခဲ့၍ အစွဲအမက်ခံအရာကြီးမှာ ပျက်စီးချုပ်ငြိမ်း ပျောက်ကွယ်ကာ မပိုမဆိုင်သော အသွင်သဏ္ဌာန်ကို ဖော်ပြ သွားတော့မည်သာတည်း။ ဤနည်းသည် အပျက်တရား ရုပ်နာမ်အပေါ် မခံစားအပ်ကြောင်း ဆင်ခြင်နိုင်ဖွယ် မဟုတ်ပါလော။

စာရေးသူသည် မမှီခိုအပ်သည်ကို မမှီခိုအပ်တော့ကြောင်း၊ မခံစားအပ်သည်ကို မခံစားအပ်တော့ကြောင်း ကောင်းစွာနားလည် သဘောပေါက်လိုက်မိပေသည်။

စာရေးသူအား ဤအသိဤအမြင် ဤဆင်ခြင်တုံတရားတို့ကို ပေးအပ်ပါသော ဤဗောဓိညောင်မြေ အခြေအနေတို့ကို စာရေးသူသည် မလွှဲသာ၍ ခွဲခွာရပေဦးတော့မည်။ အဓိဋ္ဌာန် အောင်မြင်ပြီးစီးကြောင်း သိနားလည်ပြီးသည့် နောက်၌လည်း ဆက်လက်၍ နေစရာအကြောင်းအရာ ရှာမရတော့ချေ။ အနာဂတ် ကာလတွင် ထမ်းဆောင်စရာရှိသည့် သာသနာ့တာဝန်များကို ဆက်လက်၍ ထမ်းဆောင်ရဦးမည် မဟုတ်ပါလော။ မြတ်စွာဘုရားသားတော်မည်သည် အနက်အဓိပ္ပာယ်ရှိသော နေရာမျိုး၌သာ နေထိုင်လေ့ရှိကြသည် မဟုတ်ပါ လော။ ဤမြေဤလေနှင့် ဤအခြေအနေတို့ကို ခွဲခွာရတော့ မည်ဆိုသော် မိမိ၏အောင်မြင်ခြင်းကို ပြန်ပြောင်းသတိရနေမိပြန်သည်။ အောင်မြင်ခြင်း၊ လွတ်မြောက်ခြင်း၊ ငြိမ်းအေးချမ်းသာခြင်း၊ ပေါ့ပါးခြင်း၊ ဟာလပ်ခြင်း၊ တည်ငြိမ်ခြင်း၊ ကြည်လင်ခြင်းတို့ကို ယောဂီများအား မျှဝေပေးရဦးမည် မဟုတ်ပါလော။

ဗောဓိညောင်ပင်ကိုလည်းကောင်း၊ အနိမိတ္တကုန်းကိုလည်ကောင်း၊ မုဉ္စလိန္ဒာအိုင်ကိုလည်းကောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းကိုလည်ကောင်း စာရေးသူသည် မည်သို့လျှင် မေ့ပျောက်နိုင်စွမ်း ရှိနိုင်ပါတော့မည်နည်း။ ဤနေရာဤဒေသတို့သည် စာရေးသူ၏ အောင်မြင်ခြင်းကို ကြီးစွာသောအထောက်အပံ့ ပြုခဲ့ကြသည် မဟုတ်ပါလော။ မည်၍မည်မျှ အတိုင်းအတာအထိပင် ဖြစ်ပါစေ….။ အောင်မြင်ခြင်းသည် အောင်မြင်ခြင်းပင် မဟုတ်ပါလော။ ဤလောက၌မည်သူသည် မအောင်မြင်ခြင်ပဲ ရှိပါလိမ့်မည်တည်း။ အထူးသဖြင့် စာရေးသူရရှိသော ကြီးစွာသောချမ်းသာမှု အောင်မြင်ခြင်းမျိုးကို မည်သူသည် လက်မခံလိုပဲ ရှိကြပါမည်နည်း။

အောင်မြင်ခြင်း၏နောက်ကွယ်၌ အခြားလိုအပ်သော အရည်အချင်းများသည်လည်း ထပ်ချပ်မကွာ လိုက်ပါလာကြသေးသည် မဟုတ်ပါလော။

ဤသို့သော အောင်မြင်ခြင်းကို စာရေးသူသည် စာဖတ်သူတို့အား ခွဲဝေပေးရာ၌ ဤစာအုပ်သည်ပင် ပရိတ်သတ်ကြီးအတွက် စာရေးသူ၏ မေတ္တာဖြန့်ဝေချက်ဟူ၍ သတ်မှတ်နိုင်ကြရန် ရည်သန်လိုက်ပါသတည်း။

ဤလောက၌ တာဝန်ကိုယ်စီ ရှိကြသည်ဖြစ်ရာ စာရေးသူသည် မိမိ၏တင်ရှိနေသော တာဝန်ဝတ္တရားများကို တစ်စိတ်တစ်ပိုင်းမျှပင်ဖြစ်စေ ကျေပြွန်စွာ ထမ်းရွက်လိုက်ရပေပြီ။ အခြေအနေမှာ မေတ္တာခွဲဝေ ပေးလိုက် သော်လည်း အဆုံးအဖြတ်မှာ စာဖတ်သူ၏ ခံစားချက်အပေါ် မူတည်သေးသည် မဟုတ်ပါလော။ စာရေးသူ သိသမျှ မြင်သမျှ တတ်သမျှ စွမ်းသမျှတော့ မှတ်တမ်းတင်လိုက်ပေပြီ။  မည်၍မည်မျှ အတိုင်းအတာအထိ အောင်မြင် မည်ကို ခန့်မှန်းရာ၌ စာဖတ်သူ၏ ၀မ်းပန်းတသာ ကြိုဆိုနိုင်မှုအပေါ် တည်ရှိသေးသည် မဟုတ်ပါလော။ ဤသို့ အောင်မြင်နိုင်စေရန် စာရေးသူသည် အမှန်တော့ ဆရာကောင်းဆရာမြတ်ထံ (၁၁)နှစ် ချဉ်းကပ်၍ အဆိုအဆုံးအမ ဩ၀ါဒခံယူခဲ့ရပေသေးသည်။ အရှင်မွေး နေ့ချင်းကြီးလာရသူတော့ မဟုတ်ပေ။ အကယ်၍ ဟုတ်သည် ဆိုလျှင်လည်း စာရေးသူ၏ ဆရာမြတ်ကြီးက လက်ဆင့်ကမ်း ပညာအမွေ ပေးချင်လာအောင် အဆင့်ဆင့်သော ပါရမီတို့ကို စွန့်တန်သရွေ့ စွန့်၍ ဖြည့်ဆည်းခဲ့ရသေးသည် ဆိုသည့်အချက်ကိုတော့မူ သက်ညှာစွာ စဉ်းစားနိုင်ရန် တင်ပြရပါလိမ့်ဦးမည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

တက္ကသိုလ်ဘုန်းဆင့် ( မဟာဝိဇ္ဇာ ) – သည် ဆရာ၏ ကလောင်ခွဲဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည် —

Admin: www.chitnge.com

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *