ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-16

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-16

အခန်း(၁၀)

မုစလိန္ဒာ အိုင်သာယာ

မုစလိန္ဒာအိုင်ဖက်သို့>

မုစလိန္ဒာအိုင်သည် စိမ်းမြကြည်လင်သော ရေတို့ဖြင့် ပြီးသည်။ ခန့်ထည်၍ ထုထည်ကြီးမားသော ကွန်ကရစ်ကန်ဘောင်ရိုးကြီးရှိသည်။ ကန်အလယ်၌ နဂါးရုံဘုရား တည်ထားကိုးကွယ်ရန် ပလ္လင်ဆောက် ထားသည်။ ကန်၏ရေမျက်နှာပြင်ပေါ်တွင် လန်းဆန်းသန့်ရှင်းသော ကြာဖြူ ကြာနီ ကြာညိုစသည့်တို့ မွေးမြူ ထားရာ ကန်၏အလှ ကျက်သရေကို ပိုမိုတိုးတက်စေသည်။ စာရေးသူသည် မုစလိန္ဒာအိုင်ကို စိတ်ဝင်စားမိသည်။

၇-ရက်၇-လီ မိုးသည်းထန်စွာရွာစဉ် မြတ်စွာဘုရားကိုယ်တော်ပေါ်သို့ မိုးရေတစ်ပေါက် မကျရောက်စေရန် နဂါးမင်းက မိမိခန္ဓာဖြင့် မြတ်စွာဘုရားကို ရစ်ပတ်လွမ်းခြုံ ပူဇော်လှူဒါန်းခဲ့သည်။ (၇)ရက်ပြည့်သော် လူယောင်ဖန်ဆင်းပြီးသော နဂါးမင်းအား သခင် ကိုယ်တော်မြတ်ကြီးက အထူးတရား ဟောကြားတော်မူခဲ့သည်။

သုခေါ ၀ိဝေကော တုဋ္ဌဿ

သုတ ဓမ္မဿ ပတ္တတော

လေးမဂ်လေးဖိုလ်ဖြင့် နိဗ္ဗာန်ချမ်းသာရခြင်းသည်လွန်စွာမှ ချမ်းသာသည်တကား …..

မုစလိန္ဒာအိုင် ရေမျက်နှာပြင်တွင် ကြည်လင်စိမ်းလဲ့သော ရေရိပ်သည် မြင်ရသူ၏မျက်စိဝယ် အေးမြငြိမ်းချမ်းစေလေသည်။ စာရေးသူသည် ထိုရေမျက်နှာပြင်ကို ကြည့်ရာမှ မြန်မာနိုင်ငံမှ ယောဂီများကို သွားသတိရမိသည်။ ခက်ပါဘိလေး ….။ အကယ်၍ စာရေးသူတတ်နိုင်ပါမူ သူတော်စင်ယောဂီတို့အား ဤနေရာဤဌာနကို အရောက်ပိုပေးလိုပေသည်။ ထို့ကြောင့် မိမိတရားအားထုတ်သမျှတို့၏ အကျိုးအမြတ် အဖို့ဘာဂသည် ယောဂီပရိသတ်များ ဤနေရာဤဒေသသို့  ဘုရားဖူး တရားအားထုတ် လာနိုင်စေရန် အထောက်အကူဖြစ်ပါစေသား ….. ကိုယ်တိုင် မရောက်နိုင်ကြသည် ဆိုစေကာမူ ကိုယ်တိုင်ရောက်နိုင်ကြသကဲ့သို့ ကုသိုလ်ထူး ကုသိုလ်မြတ်တို့ဖြင့် ပြည့်စုံကြပါသည်စေသား …..။ ဆုတောင်းမေတ္တာ ပို့သလိုက်ရပေသည်။ ထိုဆုတောင်းသည် တိုက်ဆိုင်မှုရှိနေကြောင်း ဗုဒ္ဓဂယာ ဘုန်ကြီးကျောင်းသို့ ပြန်ရောက်လာသော အခါ သတင်းကောင်း ကြားသိရလေသည်။ ထိုသတင်းမှာ မြန်မာနိုင်ငံမှ ဘုရားဖူးများ လာနိုင်ကြစေရန် နိုင်ငံတော်အစီုးရကိုယ်တိုင်က စီစဉ်နေပြီဟူသတည်း။

ထိုသတင်းနှင့်အတူ ကုလားအမျိုးသမီး ဝေဒနာရှင်တစ်ဦး သူ့မိခင်နှင့်အတူ စောင့်ကြိုနေကြောင်း သိရှိရပြန်လေသည်။ မိခင်ဖြစ်သူက မြန်မာစကားပြောတတ်၍ သူ့သမီး၏ကိုယ်စား ပြောသည်။ ယမန်နေ့က ပိုးထိသဖြင့်သတိလစ်နေသော ဝေဒနာရှင် ပျောက်ကင်းချမ်းသာရာ ရသွားသည်ကို သိရပါသည်။ ယခု သူ့သမီး၏ ဗိုက်နာနှင့် လေထိုးရောဂါကိုလည်း အလားတူ ပျောက်ကင်းချမ်းသာစေရန် မေတ္တာပို့ပေးပါရန် အပ်နှံသည်။ စာရေးသူ ဘာလုပ်ရမည်းနည်း။ အကြံဉာဏ်ထုတ်၍ စာရေးသူက ပြုံးရွှင်စွာဖြင့် ဗိုက်ကလည်းနာတယ်၊ လေကလည်းထိုးတယ်ဆိုတော့ ဗိုက်ထိုးပေါ့၊ ဗိုက်ထိုးဟုဆိုလိုက်ရာ ဝေဒနာရှင် ကုလားအမျိုးသမီးသည် ၀မ်းဗိုက်ကိုဆုပ်လက်ဖြင့်ထိုးကာ ရှေ့တွင်လာထိုင်သဖြင့် အားလုံးဝိုင်ရယ်ကြသည်။ ကုလားဘာသာ၌ ဗိုက်ထိုးဆိုသည်မှာ ထိုင်ပါခိုင်းခြင်း ဖြစ်သည်။

စာရေးသူ၏ မေတ္တာပို့မှုကြောင့် ထိုဗိုက်ထိုးကုလားမ၏ ဗိုက်နာလေထိုးရောဂါသည် သက်သာပျောက်ကင်း သွားရှာသည်။

နောက်တစ်နေ့တွင် ဗုဒ္ဓဘာသာ မြန်မာဘုန်းတော်ကြီးဦးဉာဏိန္ဒနှင့်အတူ ဗုဒ္ဓဂယာ ၀ိပဿနာကမ္မဋ္ဌာန်းရိပ်သာ အုတ်မြစ်ချပွဲ အခမ်းအနားသို့ တတ်ရောက်၍ အုတ်မြစ်ချခဲ့သည်။ စာရေးသူသည် ကုသိနာရုံ ဗုဒ္ဓဘာသာ သွတ်သွင်းပွဲတော်သို့ တက်ရောက်ခဲ့ရသေးသည်။ ယင်းအခမ်းအနားတွင် တိဘက်ဘုန်းကြီး ကျောင်း၌ မယ်သီလရှင်ဝတ်ခဲ့သော အစ္စရေးပြည်သူတစ်ဦး စိတ်ဖောက်ပြန်၍ ရူးသွပ်သွားကာ ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့ရသည်။

ညအချိန် စာရေးသူ ဘုရားမှပြန်လာသောအခါ ထိုအစ္စရေးအရူးမသည် မြန်မာဘုန်းကြီးကျောင်း ဥယျာဉ်ထဲ၌ သောင်းကျန်းလျက်ရှိနေသည်။ မြန်မာဘုန်းကြီး ကျောင်းထိုင်ဆရာတော် ဦးဉာဏိန္ဒ၏ အပ်နှင်းမှုကြောင့် ထိုအရူးမနှင့် ရင်ဆိုင်ရပြန်သည်။ ဘုန်းကြီးကျောင်း ပန်းဥယျာဉ်အလယ် လရောင်အောက်၌ အ၀တ်မပါ ကိုယ်ထီးဖြစ်နေသော ထိုအရှုးမကိုစောင်များ ပတ်ခြုံလိုက်ရန် စာရေးသူက အမိန့်ပေးရတော့သည်။ ဤကိစ္စသည်လည်း နှောင့်အယှက် မကင်းသောကိစ္စဖြစ်လိမ့်မည်ဟု တွက်ဆနိုင်သည်။ အရူးမသည် လူငါးယောက်ခန့်က စောင်ဖြင့်ရစ်ပတ်ရန် ကြိုးစားသည်ကို ကြည်ကြည်ဖြူဖြူ လက်မခံ။ ရုန်းရင်းဆန်ခတ်ဖြင့် ထွက်ပြေးရန်ကြံရွယ်နေသည်။ ထို့ကြောင့် စာရေးသူက အာဏာစက်ဖြင့် ငေါက်ငေါက်ငမ်းငမ်း ခပ်ဆတ်ဆတ် အမိန့်ပေးလိုက်ရသည်။ အချို့သော အုပ်ထိန်းသူ မယ်သီလရှင်များက အလိုက်မသိသောအမိုက်အမဲကို ဗွေမယူရန် တောင်းပန်ကြသည်။ စာရေးသူသည် ဗွေယူ၍ငေါက်ငမ်းခြင်းမဟုတ်။ အကယ်၍ အနှာင့်အယှက်များ ပူးဝင်နေပါက အာဏာစက်ဖြင့် ငေါက်ငမ်းမောင်းထုတ်ရခြင်းကို နားလည်ဖူး၍ဖြစ်သည်။ ထိုနောက် စာရေးသူ၌ ဤသို့ အကြံဖြစ်ပေါ်၏။ ဤကိစ္စမှာ မိမိကူညီရတော့မည့် ကိစ္စမျိုးဖြစ်သည်။ မြန်မာဘုန်းကြီးကျောင်း မိမိရှေ့၌ ဖြစ်နေသည်။

အောက်ပါအတိုင်း အမိန့်ပေးလိုက်သည်။

“ကလေးမကို ဘယ်သူမှ မကိုင်ကြနဲ့၊ အင်အားဗလ ကြီးမားသော လူကြီး(၃)ယောက်ခန့်က တံခါးဝမှာ စောင့်နေပါ၊ မေတ္တာပို့စဉ် အရူးမထွက်ပြေးလျှင် အများကမိအောင်လိုက် ဖမ်းလိုက်ကြပါ၊ အကယ်၍ မေတ္တာပို့၍ ငြိမ်သက်သွားလျှင် အသာစောင့်ကြည့်နေပါ၊  အားလုံးသဘောတူကြတယ်နော်”

(တူကြပါတယ်)

ထိုအခါမှစ၍ စာရေးသူသည် အစ္စရေးမယ်သီလရှင်အရူးမအား မေတ္တာပို့သရန် အဓိဋ္ဌာန်ပြုသည်။ အရူးမသည်ငြိမ်သက်ကာ စာရေးသူရှေ့တွင် တင်ပျဉ်ခွေ၍ လာထိုင်သည်။ စာရေးသူက ချော့မော့ကာ နေကောင်းစေရန် မေတ္တာပို့ပေးသည်။

ကျန်းမာရေး ဂရုစိုက်၍ အအိပ်အစားမှန်စေရန် သတိပြုအပ်ကြောင်း ပြောပြသည်။ ထိုနေ့သည် စာရေးသူ၏ အောင်ပွဲပင်ဖြစ်သည်။ တိဘက်သီလရှင်ကြီးများသည် ထိုနေ့မှစ၍ အထူးလေးစားလာကြသည်။ မြန်မာတစ်ဦး၏ မေတ္တာဓာတ်အား စွမ်းပကားပင် မဟုတ်ပါလား။ စိတ်ကောင်းဝင်သောအခါ စာရေးသူအား ပြောမှားဆိုမှား ပြုမူမှားဖြစ်ခဲ့သည်တို့ကို တောင်းပန်ဖော်ရ၍ သာဓုခေါ်ခဲ့ရပေသည်။ စာရေးသူသည် ထိုနေ့က မိမိ၏သမာဓိနှင့်ပညာကို အတော်ပင် အားရကျေနပ်သွားသည်။ အောင်မြင်နိုင်ခဲသော အလုပ်အမျိုးအစား တစ်ခုပင် မဟုတ်ပါလား။ မြတ်ဗုဒ္ဓ သာသနာတော်တွင် မေတ္တာ သစ္စာ ဘာဝနာဖြင့် ဆရာကောင်းတပည့် ပီသခဲ့သော အလုပ်အမျိုးအစားတစ်ခုပင် မဟုတ်ပါလော။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

တက္ကသိုလ်ဘုန်းဆင့် ( မဟာဝိဇ္ဇာ ) – သည် ဆရာ၏ ကလောင်ခွဲဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည် —

Admin: www.chitnge.com

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *