ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-15

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-15

အခန်း(၉)

ဂျာမနီပြည်သား တရားသဘောမေးစစ်ကြော

နောက်တစ်နေ့၌ စာရေးသူသည် အနိမိတ္တကုန်းသို့သွား၍ တရားအားထုတ်သည်။ ထိုနေရာမှ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဗောဓိပင်နှင့် ရွှေပလ္လင်ကို(၇)ရက်တိုင်တိုင် မမှိတ်မသုန်သော မျက်လုံးအစုံတို့ဖြင့် စိမ်းစိမ်းစူးစူး ကြည့်တော်မူခဲ့ဖူးသည် မဟုတ်ပါလော။ စာရေးသူတို့ပင်လျှင် တရားအားထုတ်၍ ကောင်းသောညများ တော်တော်နှင့် အိပ်စက်၍မရ။ မျက်လုံးကြည်နေတတ်သည်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးအတွက်မူ (၇)ရက်တိုင်တိုင် မမှိတ်မသုန်သော မျက်လုံးအစုံတို့သည်လန်းဆန်း၍ ကြည်လင်နေသည်။ လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဖြည့်ဆည်းတော်မူခဲ့ဖူးသော ပါရမီတော်၏ အရှိန်အစော် အာနုဘော်ကြောင့် ဖြစ်ပေလိမ့်တကား။

စာရေးသူသည် တရားအားထုတ်ပြီးနောက် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ သူတော်စင်များအတွက် မေတ္တာပို့သလိုက်သည်။ ၎င်းတို့ကိုယ်တိုင် မြင့်မြတ်လှသော ဤဒေသဤဌာနသို့ ဘုရားဖူးရောက်နိုင်ကြလျှင် မည်မျှကောင်းမည်နည်း။ မိမိစဉ်သစးဆင်ခြင်ကာ မေတ္တာဘာဝနာ ပွားများနေပေတော့သည်။ အမျှမေတ္တာ ပေးဝေးပြီးနောက် နံနက်ပိုင်း ခေတ္တနားချိန်တွင် ဂျာမနီနိုင်ငံမှ ဥပဒေပညာရှင် ယောဂီတစ်ဦးသည် ကော်ဖီတိုက်လိုကြောင်းဖိတ်သဖြင့် အနီရှိ ကာကာလက်ဖက်ရည် ဆိုင်သို့ လိုက်သွားခဲ့သည်။ လက်ဖက်ရည်ဆိုင်၌ စားသောက်နေစဉ် ဂျာမနီအမျိုးသားကြီးနှင့် အာလာပသလ္လာပ ပြောခဲ့ကြရသည်။

စာရေးသူ- မြန်မာနိုင်ငံသို့ ရောက်ဖူးပါသလား၊

ဂျာမန်- မရောက်ဖူးပါ၊

စာရေးသူ- လာဖို့ရော ဆန္ဒရှိပါသလား၊

ဂျာမန်- ဗီဇာ(၅)ရက်ထက်ပိုရရင် လာချင်ပါတယ်၊ ကူညီနိုင်ပါသလား၊

စာရေးသူ- တရားအားထုတ်သူများအတွက် အစီအစဉ် အခွင့်အရေး ရှိပါတယ်၊

ဂျာမန်- အခွင့်သင့်ရင် ကြိုစားပါမယ်၊

စာရေးသူ- ပို့ချချက်များကို စိတ်ဝင်စားပါသလား၊ နားလည်းပါသလား၊

ဂျာမန်- အထူးစိတ်ဝင်စားပါတယ်၊ ဗဟုသုတလည်း တိုးပါတယ်၊ ပို့ချက်ချက်များက ရှင်းပါတယ်၊ နားလည်လွယ်ပါတယ်၊ တစ်ခုထပ်မေးလိုပါတယ်၊

စာရေးသူ- မေးပါ၊ တက်သမျှ ကြိုးစားဖြေပါ့မယ်၊

ဂျာမန်- ၀ိပဿနာရှုရာ၌ စိတ်ကိုဉာဏ်ဖြင့်ရှုသည်ဟုဆိုလျှင် စိတ်နှင့်ဉာဏ်သည်တူပါသလား၊ တခြားစီဖြစ်ပါသလား၊

စာရေးသူ- မတူပါ၊ တခြားစီဖြစ်ပါသည်၊ ကြည့်သူနှင့် အကြည့်ခံပစ္စည်း ကွားခြားသကဲ့သို့ ရှုဉာဏ်နှင့် အရှုခံတရား ကွဲပြားပါသည်၊ အရှုခံတရားကို အရှုခံတရားဖြင့် မရှုနိုင်ပါ၊ ရှုဉာဏ်နှင့်သာ အရှုခံတရားကို ရှုနိုင်ပါသည်၊ သစ္စာလေးပါတွင် ပယ်စရာတရား မတူညီနိုင်ပါ၊

ဂျာမန်- အစပထမ၌ ရှုဉာဏ်မရှိသေးသော (အရှုခံတရားသဘော) လူသည်သူ့ကိုရှုရမည်သာဖြစ်သော၊ သူလည်းမဟုတ်သော ရှုဉာဏ်ကို မည်သို့မွေးမြူရရှိနိုင်ပါမည်နည်း၊

စာရေးသူ- မြတ်စွာဘုရား အဆိုအဆုံးအမကို လေ့လာယုံကြည်၊ လေ့လာကျင့်သုံးခြင်းဖြင့် ရရှိနိုင်ပါသည်၊  အကျယ်ကို မြန်မာနိုင်ငံသို့လာ၍ ရှုဉာဏ်တည်ဆောက်နည်း နိဿရည်းမှန်များကို လေ့လာလှည့်ပါ၊

(စာရေးသူသည် နာရီကြည့်ရန် အနည်းငယ်ဟန်ပြင်လိုက်သည်။)

ဂျာမန်- တရားအားထုတ်ရပါဦးမည်၊ ကျေးဇူးအထူးတင်ပါတယ်၊လိုက်ပို့ပေးပါ့မယ်၊

စာရေးသူ- ကျေးဇူးတင်ပါတယ်၊ တစ်ဦးတည်းသွားပါမယ့်၊

စာရေးသူသည် ၎င်းကိုနှုတ်ဆက်၍ ကာကာဆိုင်ကိုကျောခိုင်းကာ ထွက်ခိုင်းကာ ထွက်ခွာလာခဲ့ပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

တက္ကသိုလ်ဘုန်းဆင့် ( မဟာဝိဇ္ဇာ ) – သည် ဆရာ၏ ကလောင်ခွဲဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည် —

Admin: www.chitnge.com

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *