ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-12

Share

ဗောဓိညောင်ရိပ် ရောက်ခဲ့စဉ်က-12

အခန်း(၈)

မှတ်မိသေးသည်

ဤနည်းအားဖြင့် ၄င်းတို့နှင့် ရင်းနှီးကျွမ်းဝင်ကာ အာလာပ၊ ပဋိသန္ဓာရစကား အမျိုးမျိုးဖြင့် ဆွေးနွေး နှီးနှောဖလှယ်ခွင့် ရလာခဲ့တော့သည်။ အဆိုပါစခန်းအပြီးတွင် စာရေးသူစိတ်တိုင်းကျ မိမိဘ၀အတွက် အရေးပါလှသော ဤစာအုပ်ကိုဖြစ်စေသော အဓိဋ္ဌာန်တရားဝင်စခန်း၏ လမ်းစသည် ပေါ်လာပါတော့သတည်း။

ဗုဒ္ဓဂယာမြန်မာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော် ဦးဉာဏိန္ဒက အစစတာဝန်ယူထားသဖြင့် အေးငြိမ်းချမ်းသာစွာ နေထိုင်ရသည်။ ထို့ကြောင့်လည်း အဓိဋ္ဌာန်တရားစခန်း ၀င်လိုက်ခြင်းဖြစ်သည်။ ထိုရက်ပိုင်းအတွင်းတွင် စာရေးသူ၌ ဘာတာဝန်မှ မရှိချေ။ ဘုရားဖူးဧည့်သည်တော် နိုင်ငံခြားသားများအား အလိုက်သင့်သလို ဧည့်ခံ စကားပြောရုံမျှတပါး အခြားတာဝန် ကြီးကြီးမားမား မရှိချေ။ ဤသို့ စာရေးသူသည် ဘ၀တစ်သက်တာမှတ်တမ်းကို ပြည့်စုံလာနိုင်စေတော့သည်။

စာရေးသူသည် ဗောဓိပင်အောက်သို့ တစ်ယောက်တည်း အရောက်သွားခဲ့သည်။ ဘ၀အတွက် လေးလေးနက်နက်လည်း ဆင်ခြင်မိသည်။ ကံကောင်းထောက်မသဖြင့်လည်းကောင်း၊ နတ်ကောင်းနတ်မြတ်များ စောင့်ရှောက်သဖြင့်လည်းကောင်း၊ ရတနာမြတ်သုံးပါး ဆရာမိဘ ဂုဏ်ကျေးဇူးတော်ကြောင့်လည်းကောင်း၊ အလုံးစုံသော အထောက်အကူချက်တို့ကြောင့် မြင့်မြတ်သောနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်း တရားအားထုတ် နေရသည်။ ထူခြားသည်မှာ မိမိသံယောဇဉ်ရှိလှသော ယောဂီများ၊ စာဖတ်သူပရိသတ်များ အနီးအနား၌ မရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အကြီးအမား သံယောဇဉ်ဟူ၍ မြူတစ်ကွက်မျှ အနီးအနားမှာ မရှိ။ တရားကိုကြိုးစားအားထုတ်ရန်သာ အကြောင်းပေါ်နေတော့သည်။ တရားဆိုသည်မှာလည်း ခက်ခဲနက်နဲ၍ နူးညံ့သိမ်မွေ့လှပေရာ အဆင့်ဆင့်အလွှာလွှာတို့ကို ဖြတ်သန်းရဦးမည်ဖြစ်သည်။ အခုထိုင်-အခုပေါက် အခုရောက်-အခုမြင် အခုဆင်ခြင်၍ အခုပင်လျှင် နိဗ္ဗာန်စံဝင် မျက်မှောက်ပြုမည်ဆိုသော သဘောမှာ လွယ်ကူသောသဘောမဟုတ်။ သီလမှ သမာဓိသို့လည်ကောင်း၊ သမာဓိမှ ပညာသို့လည်းကောင်း၊ အဆင့်ဆင့်တိုးတက် ရင့်ကျက်ရသည် မဟုတ်ပါလော။ ဤသဘောကို စောကြောမိလျက် စာရေးသူသည် စိတ်ရှည်သည်းခံ၍ ဇွဲနှင့်အသဲနှင့် ကြိုးစားမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ စာရေးသူ၏ စိတ်ထဲမှာလည်း တခါတရံ မြန်မာနိုင်ငံမှ မိမိပရိသတ်ကြီးကို သတိရသည်မှလွဲ၍ ထူးထူးကဲကဲ ရင်ထဲ,နှလုံးထဲ၌ စွဲမြဲနေသောအရာ မတွေ့ချေ။ တွေ့ရသည်မှာ ချမ်းသာအေးငြိမ်းမှု သဘောပင်ဖြစ်သည်။ စာရေးသူသည် တရားဆင်ခြင်၍ နှလုံးသွင်းလျက် ရှိနေ၏။ အကယ်၍သာ ထိုအချိန်က ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးတော်မူသော ၊ ပူလောင်မှုတို့ကို ငြှိမ်းသတ်နိုင်သော သစ္စာတရား၊ လွန်စွာမှ ကြည်ညိုမြတ်နိုး ရိုကျိုးဦးခိုက် အပ်ပါသော ရဟန္တာကိုယ်တော်မြတ်ကြီးများတို့၏ မေတ္တာသစ္စာရေမိုး တန်ခိုးတော်တို့ သွန်ဖြိုးနေသည်ဟု ဆိုမိပါလျှင် စာရေးသူသည် မငြင်းမဖယ် လက်ခံဖွယ်ရာသာ ရှိပါလိမ့်မည်။ အကြောင်းမှာ စာရေးသူသည် လွန်စွာမှ ငြိမ်းအေးချမ်းသာနေသောကြောင့် ဖြစ်ပါသည်။

ဓမ္မောဟဝေ ရက္ခတိ ဓမ္မစာရိံ တရားတော်သည် စောင့်ရှောက်လျက် ရှိပါသည်။ ဉာဏ်သတိ ယှဉ်သန်ထားသောအခါ တရားတော်က စောင့်ရှောက်နေကြောင်းကိုလည်းကောင်း၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးတော်က စောင့်ရှောက်နေကြောင်းကိုလည်းကောင်း သိရှိရသည်။ လှုပ်ရှားမှုတိုင်း၌ ဉာဏ်ပညာသည် ဆင်ခြင်လျက်ရှိ၏။ (ကာယာနုပဿနာ) – ကိုယ်ကာယတို့၏ လှုပ်ရှားမှုအပျက်ကိုလည်းကောင်း၊ () – ပေါ်စိတ်ဒုက္ခတရား၏ မမြဲပုံကိုလည်းကောင်း၊  (ဓမ္မာနုပဿနာ) – နူးညံ့သည်ဖြစ်သော ပေါ့သော လွတ်သော ငြိမ်သော ချမ်းသာသော သဘောတို့ကိုလည်းကောင်း ရှုပယ်ဆင်ခြင်နေမိပေသည်။ သတိပဋ္ဌာန် နုပဿနာလေးမျိုးစလုံးကို အလှည့်ကျ လိုအပ်သလို ရှုပယ်ဆင်ခြင်နေမိပေသည်။ ပတ်ဝန်းကျင်ကလည်း ဆိတ်ငြိမ်၊ နေရာကလည်း မြင့်မြတ်၊ ဇွဲသတ္တိကလည်း ထားရှိ၊ သတိကလည်း မြဲခိုင်၊ မယိုင်အညွှတ် တည့်မတ်အပ်သော တင်းကြပ်သောသဒ္ဓါက ပြည့်စုံ၊ ယုံကြည်ချက်ကလည်း ခိုင်မာလှလေရာ မကြာမီ မိမိကိုယ်တိုင် သမာဓိရှိသောအသွင်သို့ သက်ဝင်သွားကြောင်း ကောင်းစွာ သဘောပေါက်လာ မိပါတော့သည်။

မိမိသမာဓိရှိသည်ကို သမာဓိရှိသည်ဟု သတိရှိနေခြင်းသည် ကောင်းမြတ်သော သဘောတစ်ခုပင် ဖြစ်ပေလိမ့်မည်။ တရားအားထုတ်သူ ပုဂ္ဂိုလ်တစ်ဦးသည် သမာဓိရှိနေလျှင် သတိအလိုလိုကောင်းနေလိမ့်မည် ဟူသော သဘောထားကို စာရေးသူ ဤနေရာ၌ မဆွေးနွေးလိုပေ။ စာရေးသူ တင်ပြလိုသည်မှာ တည်ငြိမ်သော သမာဓိကို မပျံ့လွင့်သော သတိနှင့်အတူ မွေးမြူရရှိအပ်သည်ဟု သူတော်စင်များ ဆိုဆုံးမထားဖူးကြောင်းကို တင်ပြလိုခြင်းပင် ဖြစ်သည်။ သတိတရားဆိုသည်မှာ မပျံ့လွင့်အပ်သည့်နည်းတူ မလျော့နည်းရန် လိုအပ် ကြောင်းကို နားလည်သဘောပေါက်ရပေမည်။ သတိတမံ ဉာဏ်မြေကတုတ် ပညာစွန်း ချွန်းနဲ့အုပ် ဆိုသော ဆိုရိုးစကားရှိသည် မဟုတ်ပါလော။

စာရေးသူသည် သီလ သမာဓိ ပညာ သစ္စာတို့ကို ကြိုးစားမွေးမြူနေမိပေသည်။ (ထာဝရလည်း ဆက်လက်၍ သေတပန် သက်တဆုံး ကြိုးစားမွေးမြူမည်ဟု ဆုံးဖြတ်ချက်ချထားသည်) ဗောဓိပင်အောက်၌ ရရှိနေသော သတိတရားသည် ပညာဉာဏ်နှင့်ယှဉ်သော သတိတရားဟု နားလည်နေမိပေသည်။

သိမြင်ပေါက်ပိုင်၊

လေးပါးခိုင်မှ၊

မယိုင်မယိမ်း၊

ဒုက္ခငြိမ်းမည်၊

အောင်ကိန်း ၀င်ခန်းတည်း ….. ။

ဟူသော အသိမျိုးအတွက် အထောက်အပံ့ပြုနေသော သတိအမျိုးအစားပင် ဖြစ်နေပါလိမ့်မည်။ သို့မဟုတ် စာရေးသူသည် ထိုကဲ့သို့ပင် ယုံကြည်သက်ဝင်နေပါသည်။

ပညာသတိ၊

မရှိသောသူ၊

မိုက်သောဟူ၏ …..

ဟူ၍ ပညာရှိများ ဆုံးမ၍ထားသည်။ မိမိ၏ တည်ငြိမ်သောသမာဓိအား မပျံ့လွင့်သောသတိနှင့် အသိဝင် သတိယှဉ်နေသဖြင့် အနည်းငယ်တော့ ကျေနပ်နေမိသည်။ သို့သော် ထိုအချိန်တွင် ဆင်ခြင်ဉာဏ် အမြော်အမြင်ကို ရှင်သန်စေထားသည်။ မိမိ၏ တရားလုပ်ငန်းစဉ် ဉာဏ်အမြင် တည့်မတ်နေသည်ကို မိမိကိုယ်တိုင် အသိယှဉ်နေသည်။ ဉာဏ်ဖြင့်မြင်ခြင်းသည် မျက်စိဖြင့်မြင်ခြင်းနှင့်မတူ၊ တမူထူးခြားကြောင်း ဤနေရာ၌ ကောင်းစွာသဘောပေါက်လိုက်မိသည်။ စာရေးသူ၏ မံသစက္ခုမှာ ထိုအချိန်၌ မှိတ်လျက်ရှိသောကြောင့်ဖြစ်သည်။ သို့သော် ဉာဏ်အမြင်ဆင်ခြင်ပုံမှာ ရဲရင့်ပြတ်သားသည်၊ တည်ငြိမ်ရင့်ကျက်သည်၊ ဉာဏ်ပညာ၌ သိမြင် နားလည်မှုလည်းရှိသည်။ ထိုအချိန်၌ ဉာဏ်အမြင်သည် ကြည်လင်သန့်ရှင်းနေသည်။ ၀ိုးတိုးဝါးတား မရှိ။ ထိုင်းမှိုင်းသုန်မှုန်မှု ကင်း၏။ ရင်တွင်းဝယ် ဟာတာတာ ငြိမ်းအေးအေးဖြစ်နေသည်။ ပညာဉာဏ်သည် ကောင်းစွာကြံစည်လျက် ရှိ၏။  အောင်မြင်ရမည်သာတည်း။ တရားသဘောကို ဉာဏ်ပညာသည် ဆင်ခြင်နေသည်။ အပျက်တရားများကို လက်မခံချေ။ ပယ်ရှုလျက်ရှိ၏။ ကြိုးစားလျှင် အောင်မြင်မည်ဟူ၍လည်း ယုံကြည်ထား၏။ တရားလုပ်နေပြီဟူ၍လည်း နားလည်ယုံကြည်မိသည်။ အလုပ်လုပ်ရမည်၊ ကြိုးစားရမည်၊ ဇွဲရှိရမည်၊ ဉာဏ်ယှဉ်ရမည်၊ ရှုပယ်ရမည် ဆိုသည်တို့ကိုလည်း ကောင်းစွာအကြံဉာဏ်ထုတ်သဖြင့် ပေါ်ပေါက်နေ၏။ ဉာဏ်ဖြင့်ဆင်ခြင်၍လည်း တကယ်ရှုသတ်နေ၏ ၊ မပြတ်လပ်သော ၀ီရိယစိုက်ထုတ်နေ၏ ဤလောကကြီး၌ ကြိုးစားမှတိုးပွားရမည် မဟုတ်ပါလော …..

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

တက္ကသိုလ်ဘုန်းဆင့် ( မဟာဝိဇ္ဇာ ) – သည် ဆရာ၏ ကလောင်ခွဲဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည် —

Admin: www.chitnge.com

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *