သစ္စာရှိသောဗုဒ္ဓဘာသာယောဂီများအတွက် —

သစ္စာရှိသောယောဂီများအတွက် —

Bism2ဗုဒ္ဓဘာသာဆိုတာ သစ္စာရှိရတယ်။ ဟောတဲ့အတိုင်းပဲ ကိုယ်က ဟောရတယ်၊ ကျင့်ရတယ်၊ နာခံရတယ်။

မြတ်စွာဘုရား ဟောတဲ့အတိုင်း သိဖို့ဆိုတာ ကျင့်မှဖြစ်တယ်ဆိုတာကို ယောဂီများသိတယ်။ ယောဂီများက ကျင့်နေကြဆိုတော့ ဘာမှပူစရာ မရှိဘူး။ အနိစ္စတစ်လုံး တင်လိုက်ရင် ပြီးတာပါပဲ။

တစ်ချို့က မကျင့်ဘူး – မကျင့်တဲ့အခါကျတော့ မြတ်စွာဘုရားရဲ့ တရားတော်တန်ဖိုးကို လှိုက်လှိုက်လှဲလှဲ မသိဘူး။ အပေါ်ယံလောက်ပဲ သိကြတယ်။ ဒီအခါ ပြဿနာ ပေါ်တာပါပဲ။

အခု မြတ်စွာဘုရားရဲ့ တရားတော်က အင်မတန် သန့်ရှင်းတယ်။ ကိုယ့်ကိလေသာ ကိုယ်ရှုတာပါပဲ။ တစ်ခြားလည်း ဘာမှ လိုက်နေတာ မဟုတ်ဘူး။ ကိုယ့်ရင်ထဲ့က ကိလေသာ ကိုယ်ရှုတာပဲ – ကိုယ့်ရင်ထဲက ကိလေသာ လျော့ရင် ကိုယ်ပျော်တာပဲ။ ကုန်သွားတယ်ဆိုတော့ အတိုင်းထက် အလွန်ပေါ့။ ယောဂီများရဲ့ ကျင့်စဉ်ဟာ ဒါပဲ။ ဗုဒ္ဓဘာသာ စစ်စစ်တွေရဲ့ ခံယူချက်ပဲ။

ဗုဒ္ဓဘာသာက ဗုဒ္ဓဘာသာပဲ — တစ်ခြား ရောရောနှောနှော လုပ်လို့တော့ မရဘူး။ ဘာကြောင့်လည်း ဆိုတော့ သံသရာ ထွက်ကြောင်းတွေပါတယ်၊ လောကုတ္တရာတွေပါတယ်။ ဒါကြောင့် ကိုယ့်တရားနဲ့ကိုယ် ကျင့်ရတာ — ဒါဟာ ဗုဒ္ဓဘာသာတို့ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ပါပဲ။ မြတ်စွာဘုရားရဲ့ တရားကို ကိုယ်က တန်ဖိုးထားရမယ်။ ကျင့်ခြင်းဟာ  တန်ဖိုးထားခြင်းပါပဲ။

မြတ်စွာဘုရားရဲ့ တရားကိုတော့ ကျင့်လေလေ ပိုသိလေလေဆိုတာ ကျင့်တဲ့ ပုဂ္ဂိုလ်တိုင်း နားလည် သဘောပေါက်ပါတယ်။ ဒီတော့ တရားရဲ့ တန်ဖိုးဟာ ကျင့်ခြင်းမှာတည်သလို့ ကျင့်ခြင်းတည်မှလည်း  တရားရဲ့တန်ဖိုးကို ပိုမိုပြီးတော့ ဦးထိပ်ပန်ဆင်နိုင်တယ်။

ဗုဒ္ဓဘာသာတွေဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဖြစ်ဖို့ပဲ။ အရေးကြီးပါတယ်။ အခု ဗုဒ္ဓဘာသာတွေကို ကျင့်ဖို့ပြောနေတာက ကျင့်နေတဲ့ ယောဂီများအတွက် သက်သက်ပါပဲ။ ကျင့်ရင် အကျိုးရှိတာပဲ။

ကိုယ်တိုင် ကိလေသာလျော့တော့ ကိုယ်တိုင်သိတာပါပဲ – ယောဂီများလည်း သိပါတယ်၊ စာရေးသူလည်း သိပါတယ်။ ကျင့်လေလေ သိလေလေပါပဲ။ ကိလေသာကို အပျက်ရှုတယ်ဆိုတော့ သူက လျော့နည်းသွားတာပေါ့။ အားပေးမှ အားတက်တာ – အားမပေးဘူးဆိုတော့ အားလျော့မှာပေါ့ ကိလေသာကို အားမပေးဘဲ ရှုတော့ အားလျော့သွားတာပါပဲ – ဒါဟာ ၀ိပဿနာရဲ့ အနှစ်သာရ တွေထဲမှာပါပါတယ်။ ကိလေသာဟာ ပူလောင်တတ်တယ်လေ — ကိလေသာကို ပါးအောင်လုပ်တော့ ကောင်းတာပေါ့။ ဒီအကျင့်မြတ် ပဋိပတ်ကို လုပ်ဆောင်တဲ့ ယောဂီများအတွက် သာဓုခေါ်ကြောင်း သတင်းကောင်း ပေးလိုပါတယ်။

ဗုဒ္ဓဘာသာအပေါ်မှာ သစ္စာရှိရပါလိမ့်မယ်။ မြတ်စွာဘုရား ဟောတော်မူတဲ့ အတိုင်းပဲ ကျင့်ရပါလိမ့်မယ်။ မြတ်စွာဘုရား အလိုတော်ကျအတိုင်းပဲ ဖြစ်ရပါလိမ့်မယ်။ ဒါမှလည်း အရေးပါ အရာရောက်တာ ဖြစ်ပါတယ်။ စာရေးသူတို့လည်း ကျင့်ခဲ့လို့ အခုလောက် သိနေတာပါ။ ဆရာကောင်း သမားကောင်း သင်လို့လည်း အခုလို သိနေတာပါ။ ဒါတွေကို တစ်ဆင့် ပြန်ပြောနေတာပါ။ စာရေးသူပြောတာတွေက ကျင့်ပြီးတဲ့နောက်မှ ပြောတဲ့စကားတွေ ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

One Response to သစ္စာရှိသောဗုဒ္ဓဘာသာယောဂီများအတွက် —

  1. San lwin says:

    ကိုယ်တိုင်လုပ်ကြဖို့တိုက်တွန်းပါတယ်။(this is true for buddhism.)

Leave a Reply

Your email address will not be published. Required fields are marked *