ပဋိပတ္တိသာသနာ

Share

ပဋိပတ္တိ

-lotus-2  တရားကတော့ ကျင့်ဖို့လိုအပ်ကြောင်း ကျင့်တဲ့ပုဂ္ဂိုလ်တွေက သိပါတယ်။ တစ်ချို့လည်း မကျင့်ကြပါဘူး။ ဒါတော့ ကိုယ်သန်ရာ သန်ရာပါပဲ။ စာရေးသူရဲ့ ယောဂီများကတော့ ကျင့်တယ်၊ အနိစ္စရှုတယ်၊ အပျက်ရှုတယ်၊ အကျင့်ကိုပဲ အားပေးတယ်။ ကျင့်ရင် လိုရင်းရောက်နိုင်တယ်၊ အင်မတန်မှ အကျိုးထူးမြတ်တယ်။ ယောဂီတွေကလည်း သိတယ်။ ကျင့်ဖို့တိုက်တွန်းတဲ့ ပုဂ္ဂိုလ်ကလည်း ကျင့်ပြီးသားဖြစ်လို့ တိုက်တွန်းနေတာ ဖြစ်တဲ့အကြောင်း ယောဂီတွေကလည်း သိတယ်။

မကျင့်တဲ့ ပုဂ္ဂိုလ်တွေက ကျင့်တဲ့အကြောင်းကို အသေးစိပ်ဝင်ရောက် စွက်ဖက်ခွင့် မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့က သိမှမသိတာ။ ကျင့်တဲ့သူမှ ကျင့်လို့ရတဲ့ အမြတ်အစွန်းကို သိတာပါ။ ဒါကတော့ စာရေးသူကလည်း အနှစ် (၅၀) ကျင့်ခဲ့တော့ ကောင်းကောင်း သိတယ်။ ကျင့်တဲ့ ပုဂ္ဂိုလ်မှ ကျင့်ခြင်းရဲ့ အကျိုးအမြတ်ကိုသိတာပါ။

ဒီတော့ အထိုက်အလျောက် အောင်မြင်ပေါက်မြောက်အောင် မကျင့်နိုင်ဘဲနဲ့ (သို့မဟုတ်) ဆရာကောင်း ဆရာမြတ် မရှိဘဲနဲ့ ၀ိပဿနာအကျင့်ကို ၀င်ပြီးစွက်ဖက်တာတော့ မသင့်တော်ဘူး။ ဟိုတစ်လောက ပါမောက္ခချုပ်ဆရာတော် ဆိုတာက “တရားကျင့်တယ်ဆိုတာ မကောင်းတဲ့စိတ်ကလေးတွေအစား ကောင်းတဲ့စိတ်အစားထိုးတယ်” ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုတယ် ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ မှားကြောင်း မိမိလည်း တင်ပြခဲ့ပြီးပြီ။

နုပဿနာ လေးမျိုးမှာ ဒီလိုအဓိပ္ပာယ်ဖွင့်တာ တစ်ခုမှမရှိပါဘူး။ တရားကျင့်တယ်ဆိုတာ အပျက်ရှုရပါတယ်  – ဒါကတော့ ယောဂီများကတော့သိတယ်၊ အားလုံးသိဖို့ လိုအပ်ပါတယ်။ တရားရှုတယ်ဆိုတာ အပျက်ရှုတာပါပဲ။ လက္ခဏာရေးသုံးပါး တင်ရပါတယ်။ လက္ခဏာရေးသုံးပါး မပါဘဲနဲ့ ၀ိပဿနာ တရားရှုတယ်ဆိုတာ မရှိပါဘူး။ တစ်ချို့ကတော့ ဒီသာသနာကို လေးလေးစားစား မလုပ်ဘဲနဲ့ ကိုယ်တိုင်လည်း မကျင့်ဘဲနဲ့ ရမ်းတုပ်မှန်းတုပ်နဲ့ ဟိတ်ကြီး ဟန်ကြီးလုပ်ပြီးတော့ ဆုံးဖြတ်ချက် ချနေတာ၊ နေရာယူနေကြတာ တော်တော်မကောင်းပါဘူး။

ဟောတော်မူတဲ့ ၀ိပဿနာ တရားကျင့်စဉ် လေးမျိုးမှာ ကာယကို ရှုတော့ ကာယနုပဿနာ၊ ဝေဒနာရှုတော့ ဝေဒနာနုပဿနာ၊ စိတ္တရှုတော့ စိတ္တာနုပဿနာ၊ ဓမ္မရှုတော့ ဓမ္မာနုပဿနာ- ဒီနုပဿနာ လေးမျိုးစလုံးမှာ လက္ခဏာရေး သုံးပါးတင် ဆင်ခြင်ပြီး ရှုရတာပါပဲ။ လိုရင်းကတော့ အပျက်ရှုတာပါပဲ။ ဒါကို သိနားလည်မှု မရှိဘဲနဲ့ မကောင်းတဲ့စိတ်နဲ့ ကောင်းတဲ့စိတ် ပြောင်းလဲမယ်တို့ ဘာတို့ လုပ်နေတာတွေက တော်တော်ကို ထွင်တာပါပဲ။ မြတ်စွာဘုရားရဲ့ တရားတော်ဟာ ထွင်လို့မရဘူး။ အရှိအရှိတိုင်းမှ ကောင်းတယ်။ ထွင်ရင်မှားတာပဲ။ နားလည်းမလည်ဘဲ ထွင်တော့ ပိုဆိုးတာပေါ့။ အားလုံးက သိပါတယ် ၀ိပဿနာ ဆိုတာက အပျက်ရှုရတယ်ဆိုတာ။ ဒါကိုတောင် မသိကျိုးကျွံပြုထားတဲ့ အခါကျတော့ ပြောတာဟောတာတွေက အကုန်လမ်းလွဲကုန်တယ်။ ဒီလိုကတော့ မဖြစ်သင့်ပါဘူး။

 

အမှန်ကတော့ ကိုယ်နဲ့ထိုက်တန်တဲ့နေရာပဲ ကိုယ်ယူသင့်ပါတယ်။ ဥပမာ တစ်ခြားဘာသာတွေက “ဗုဒ္ဓဘာသာဟာ ကောင်းပါတယ်၊ ကျွန်တော်တို့ထက် ကောင်းပါတယ်” လို့ ပြောနေတဲ့အချိန်မှာ – ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေက “အတူတူပါပဲ အတူတူပါပဲ” ပြောချလိုက်တယ်။ အင်မတန် နစ်နာပါတယ်။ ဒါဟာ တစ်ဆစ်ချိုးမှာ ဗုဒ္ဓဘာသာကို နာမ်နှိမ်သလို လုပ်တာပဲ၊ ညစ်တာပဲ။ သူတို့ လူပါးဝတာပဲ။ ကိုယ်မသိဝင်ပြောတာပဲ၊ စွက်ဖက်တာပဲ။ ဒီဉာဉ်တွေကတော့ မကောင်းပါဘူး။ အထူးသဖြင့် သာသနာမှာ မကောင်းပါဘူး။ ဆိတ်ဆိတ်နေဖို့ လိုအပ်တဲ့နေရာ ဆိတ်ဆိတ်ပဲနေရမယ်။ အခုတော့ သူတို့က ဖွာဆလန်ကျဲ ပြောလာတဲ့အခါကျ ဗုဒ္ဓဘာသာများဟာ တော်တော့်ကို နစ်နာပါတယ်။ ရွာနာတယ်ဆိုလို့ ပြောရမလို ဖြစ်ပါတယ်။

ဒါကိုယ့်ဖာသာကိုယ် နေရမယ့် ကိစ္စတွေကို အတူတူပဲ အတူတူပဲ ပြောနေတယ်။

  • မဇ္ဈိမပဋိပဒါဆိုတာ ဘယ်မှာရှိလည်း
  • ၀ိပဿနာဆိုတာ ဘယ်မှာရှိလည်း၊

အမှန်အကန် မရှိပါဘူး။ ဒီတော့ ညှိနှိုင်းစရာ မလိုဘူး၊ တိုင်ပင်စရာ မလိုဘူး။ အတူတူပဲလို့ ပြောစရာလည်း မလိုဘူး။ ကိုယ့်ဖာသာကိုယ် ကျင့်နေဖို့ပဲ အရေးကြီးတယ်။ ဗုဒ္ဓဘာသာဟာ ဘယ်သူ့မှလည်း မစော်ကားဘူး၊ ကိုယ့်လောဘ ဒေါသ မောဟကို ကိုယ်ရှုတာပဲ။

ဒီတော့ ဒီလောက်ရှင်းနေတဲ့ ကိစ္စတစ်ခုကို သူတို့က ထိပ်ပိုင်းကနေ လက်ဝါးကြီးအုပ်ပြီးတော့ ပြောချင်ရာပြော ဟောချင်ရာဟောတာတော့ သာသနာကို စော်ကားရာ ကျပါတယ်။ ဒါကတော့ မလုပ်သင့်ပါဘူး။

ဒါမျိုးတွေ လုပ်နေရင် ရွာနာတယ်။ သူတော်စင်တွေနာတယ်။ တွေဟာ ကိုယ့်ဂုဏ်နဲ့ကိုယ် ကိလေသာလျော့အောင် ကြိုးစားနေကြတာပဲ။ ကိလေသာ လျော့ဖို့ဆိုတာ တစ်ဘာသာပဲ ရှိပါတယ်။ တစ်ခြားမှာ လူမှုရေးတွေ သိပ္ပံပညာတွေ တိုးတက်နေပေမယ့် ကိလေသာ လျော့ပါးရေးဆိုတဲ့ ပြဿနာကို မကိုင်တွယ်ပါဘူး။ ဗုဒ္ဓဘာသာမှာပဲ ကိလေသာလျော့ပါးရေး၊ ပပဉ္စတရားလျော့ပါးရေး၊ တဏှာ မာန ဒိဌိလျော့ပါးရေး ရှိကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *