နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်

Share

နိဗ္ဗာန်ကိုမျက်မှောက်ပြုရာဝယ်

DSC_0488 copy1   ယောဂီများ ဘက်စုံ ဗဟုသုတ ရစိမ့်သောငှာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းဆိုင်ရာ အကြောင်းလေးတွေကို ရေးပြပါဦးမယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုတာ နှစ်မျိုးပေါ့။

တစ်မျိုးက ဖလသမာပါဒ်လို့ခေါ်တယ်။

နောက်တစ်မျိုးကတော့ နိရောဓသမာပါဒ်ပါ။ ဒီနှစ်မျိုးရှိတယ်။ ဒါပေမယ့် ဖလသမာပါဒ်  အကြောင်းပဲ ပြောကြစို့။ နိရောဓသမာပါဒ်ကတော့ လေးပါတယ်၊ နက်တယ်၊ နောက်ပြီးတော့လည်း ခက်လည်းခက်တာပေါ့နော် – ဖလသမာပါဒ်က သုံးမျိုးရှိတယ်။ တဒင်္ဂပဟာန်၊ ဝိက္ခမ္ဘနပဟာန်၊ သမုစ္ဆေဒပဟာန်။ ခဏလေးပဲ နိဗ္ဗာန်မျက်မှောက်ပြုတာရယ်၊ နည်းနည်းကြာတာရယ်၊ တော်တော်လေးကို ကြာတာရယ်ပေါ့ —

ကြာတာ မြန်တာကတော့ (၃၁) ဘုံပေါ်မှာ ဘယ်လောက်အထိ စိမ်းကားသလည်း၊ စွန့်လွှတ်နိုင်သလည်းဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ပဲ ဖြေရမှာပါပဲ။ ရုပ်နာမ်နဲ့ (၃၁) ဘုံကို နည်းနည်း ကြိုက်နေသေးရင်၊ အရိယာလည်း ဖြစ်ပြီ၊ ကြိုက်နေသေးတာ ရှိရင်တော့ နိဗ္ဗာန်ကို ခဏပဲ တဒင်္ဂပဟာန်လောက်ပဲ ၀င်စားလေ့ရှိတယ်။ ပြန်ပြန်ကျတာပေါ့နော် — (၃၁) ဘုံကို ပြန်လည်တာပေါ့။

နည်းနည်း စွန့်စွန့်စားစားလေး လုပ်လိုက်လို့ရှိရင်တော့ နိဗ္ဗာန်မှာ နည်းနည်းလေးကြာတယ်၊ ၀ိက္ခမ္ဘနပဟာန်ပေါ့။ ပထမ တဒင်္ဂပဟာန်ထက် ပိုကြာတဲ့သဘောပေါ့။ နောက်ဆုံး “ရုပ်နာမ်ဟာ အသုံးကိုမကျဘူး၊ သွေးပြည်သလိပ် အကောင်းပုပ် စက်ဆုပ်စရာပဲ – သွား” ဆိုပြီးတော့ အားနဲ့မာန်နဲ့ စွန့်လိုက်မယ်ဆိုရင်တော့ ပိုပို ပိုပိုကြာသွားတာပေါ့၊ သမုစ္ဆေဒပဟာန် ထိရောက်သွားတယ် ပိုကြာသွားတယ်။ နိဗ္ဗာန်မှာ ၀င်စားတယ်။

နိဗ္ဗာန်မှာတော့ ဂုဏ်ရည်တွေရှိတယ်လေ – နိစ္စ၊ ဓူဝ၊ နိပူဏ — စသည်ဖြင့် သိမ်မွေ့တယ်၊ နုညံ့တယ်၊ လွတ်မြောက်တယ်၊ ချမ်းသာတယ်၊ နှိုင်းခိုင်းစရာ ဥပမာ ထပ်တူထပ်မျှ (၃၁) ဘုံမှာ မရှိဘူး၊ တိုက်ရိုက်နှိုင်းစရာ မရှိဘူး၊ သွယ်ဝိုက်ပြီးတော့ပဲ တင်စားသုံးချင်သုံးမယ်၊ တိုက်ရိုက်တော့ နှိုင်းလို့မရဘူး။ နိဗ္ဗာန်က အသင်္ခတဓာတ်ဖြစ်လို့ (၃၁) ဘုံက သင်္ခတဓာတ်ဆိုတော့ သင်္ခတဓာတ်ထဲက ကိစ္စတွေက အသင်္ခတဓာတ်ကို တိုက်ရိုက်နှိုင်းယှဉ်လို့ မရပါဘူး။ ဒါကြောင့် နိဗ္ဗာန်က အံသြဖွယ်ရာ သိပ်ကောင်းတယ်လို့ ပြောတာပါ။ မြတ်စွာဘုရားကြီးကိုလည်း အရမ်းကျေးဇူးတင်ရတာ။ မြတ်စွာဘုရားက ဒီလမ်းကို ဖော်ခဲ့တာ – “ချစ်သားတို့ နိဗ္ဗာန်သွားကြ၊ ချမ်းသာတယ်” ဆိုတာ။

“၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္မာဒေထ” ဒီ သင်္ခါရ တရားတွေဟာ ပျက်တယ်ဆိုတာ — အခုယောဂီများ ရှုနေတာ ပျက်တယ်ဆိုတာ သိပ်ကောင်းတာပဲ။ မြတ်စွာဘုရားကို ကြည်ညိုရာလည်းကျတယ်။ သာသနာကိုလည်း ကိုယ်က ပံ့ပိုးရာကျတယ်။ ကိုယ်က လက်တွေ့အားထုတ် ပူဇော်လိုက်တာနော် — အရမ်းကောင်းတာပါပဲ။ ကြိုးစားပါနော် —

ဒီ မမြဲဘူးဆိုတဲ့ တစ်လုံးတည်းသာ အပိုင်ကြိုးစား – ဦးစားပေးကြိုးစားပါ။ သိပ်ပြီး ကျေးဇူးတင်စရာကောင်းတယ်။ တရားတော်မြတ်ကလည်း သိပ်ပြီးနူးညံ့သိမ်မွေ့ပြီး အေးငြိမ်းချမ်းသာကြောင်းကို သတင်းကောင်း လက်ဆင့်ကမ်းပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Buddhism and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *