ရွာနာတယ်

Share

ရွာနာတယ်

Bism4  ရွာနာတယ်ဆိုတာလည်း တကယ်တော့ လူကြားကောင်းအောင် ပြောတာပါ။

တကယ်တော့ နာတယ်။ ဘာကြောင့်လည်းဆိုတော့ အင်မတန် မွန်မြတ်တဲ့ သာသနာကို တန်ဖိုးမထားတတ်အောင် ဆောင်ရွက်နေကြတာတွေဟာ တကယ်တော့ ကိုယ့်ဘာသာကိုယ် နိမ့်ကျအောင် လုပ်တာနဲ့ အတူတူလိုဖြစ်နေတယ်။

ကိုယ့်ဘာသာကို တန်ဖိုးရှိအောင်လုပ်ရမယ်။ တန်ဖိုးကိုရော သိရဲ့လား မသိဘူး။

ကိုယ်တိုင် ရော မြင်ဖူးပြီးပြီလား မသိဘူး။

ကိုယ်တိုင် ရဟန္တာတွေရဲ့ နှလုံးသွင်းပုံ ကြည်ညိုဖွယ်ရာ ကောင်းပုံတွေကိုရော လေ့လာပြီးပြီလား မသိဘူး။

ကိုယ်တိုင်အရိယာ ဖြစ်ဖူးပြီလား မသိဘူး။

ကိုယ်တိုင် သာသနာတော်မြတ်ကြီး အတွင်းက ကျင့်ကြံအားထုတ်လို့ အမှန်အကန် ကျင့်ကြံမှုမှရတဲ့ တန်ခိုးအကြောင်းရော ခံစားဖူးလား မသိဘူး။

ဒါတွေ ဘာတစ်ခုမှလည်း မသိဘဲနဲ့၊ သမားကောင်းလည်းမရှိဘဲနဲ့  သာသနာကို ကိုယ်စားပြုသလို ဘာလိုလိုနဲ့ အာချောင်တာကတော့ ရွာနာတယ်။ ရွာနာတယ်ဆိုတာ သာသနာ နာလို့ ပြောရခြင်းဖြစ်တယ်။

ကိုယ့်ဖာသာကိုယ် နေရင် ခန့်ခန့်တည်တည်ငြိမ်ငြိမ် ရှိပါရက်သားနဲ့ – ကိုယ့်ဖာသာကိုယ် မနေနိုင်ဘူး ဟိုဟာနဲနှိုင်းယှဉ် ဒီဟာနဲ့နှိုင်းယှဉ် ပူးတွဲပြီး အလုပ်လုပ်တာက မတရားသဖြင့် သာသနာကို အခွင့်အရေးယူပြီးတော့ ရောင်းစားသွားတာပဲ။ တကယ်တော့ သာသနာနဲ့ ပတ်သက်လို့ တန်ဖိုးမဲ့ ဖြစ်စေတာဟာ တော်တော်တော့ ရိုင်းစိုင်းတယ်။ ကိုယ့်ဘာသာ ကိုယ့်သာသနာကို တန်ဖိုးထားရမယ်။

မြတ်စွာဘုရားရဲ့ သာသနာဟာ အင်မတန်မှ မွန်မြတ်တယ်၊ သန့်ရှင်းတယ်၊ နက်ရှိုင်းတယ်၊ အနှစ်သာရနဲ့ ပြည့်စုံစေတယ်၊ ချမ်းသာစေတယ်။ ဥပမာ နိဗ္ဗာန်အကြောင်း၊ နိဗ္ဗာန်သွားတဲ့ မဂ်လမ်းစဉ်၊ ဖိုလ်လမ်းစဉ်အကြောင်း၊ သံသရာထွက်မြောက်တဲ့အကြောင်း၊ သဥပါဒိသေသနိဗ္ဗာန်သာမက အနုပါဒိသေသနိဗ္ဗာန်၏ တည်ရှိခြင်းအကြောင်း စသည်ဖြင့် — ဒီအကြောင်းအရာတွေဟာ လွန်စွာမှ နက်ရှိုင်းပြီးတော့ တွေ အမြတ်တနိုး တန်ဖိုးထားပြီးတော့ ဖူးဖူးမှုတ်ရတဲ့ အခြေအနေတွေရှိတယ်။ ဒါကို တန်ဖိုးမဲ့ လုပ်ပြီးတဲ့နောက် အလွယ်တကူ ပြောပြီးအာချောင်တာကတော့ တော်တော်ဆိုးဝါးတာပဲ။ ဒါမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။ သာသနာကို လေးစားရမယ်၊ သာသနာကို ကြည်ညိုရမယ်၊ သာသနာကို တန်ဖိုးထားရမယ်။ တန်ဖိုးမထားတဲ့ အသိုင်းအ၀ိုင်းတောင် တန်ဖိုးထားအောင် လုပ်ရဦးမယ်။ အခုတော့ တန်ဖိုးမထားတာ မဟုတ်ဘဲနဲ့ကို တန်ဖိုးမထားချင်အောင် ပြောလာ၊ ဆိုလာ၊ လုပ်လာ၊ ညှိလာတာကတော့ အင်မတန် ရိုင်းပြတဲ့ အပြုအမူပဲ ဖြစ်တဲ့အတွက် ရွာနာတယ်လို့ ပြောလိုက်ပါတယ်။

ရွာနာတယ်ဆိုတာလည်း ကြားကောင်းအောင် ပြောတာပါ – တကယ်တော့ မြတ်စွာဘုရားရဲ့ သာသနာ နာတယ်။ ဒါကြောင့် သိပ်စော်ကား မော်ကား ဖြစ်လာရင်တော့ ကာကွယ်ရလိမ့်မယ် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)  

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *