ကိုယ်ရေးရာဇဝင်အကျဉ်း

ဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန)အား အဖ- ဦးချစ်၊ အမိ- ဒေါ်ကြော့တို့မှ မန္တလေးတိုင်း အမရပူရမြို့နယ်၊ ဒုဋ္ဌဝတီမြစ်အနီး၊ လိပ်ဆံခွန်ကျေးရွာ၌ မွေးဖွားခဲ့ပါသည်။ ဆရာ၏ အမည်အရင်းမှာ ဦးအေးကို ဖြစ်ပါသည်။

ဆရာသည် ငယ်စဉ်ကပင် ဥာဏ်ကောင်းသူပီပီ နှစ်စဉ် စာမေးပွဲများကို ထူးချွန်စွာ အောင်မြင်မှုများ ရရှိခဲ့ပြီး (၁၉၅၇) ခုနှစ်တွင် မန္တလေးမြို့၊ ပွဲကုန်း အလွတ်ပညာသင်ကျောင်းမှ ဆယ်တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ (၁၉၆၁) ခုနှစ်တွင် ဒဿနိကဗေဒ ဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို မန္တလေးတက္ကသိုလ်မှ ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် ဒဿနိကဗေဒ နည်းပြဆရာအဖြစ် မကွေးကောလိပ်၊ မြစ်ကြီးနားကောလိပ်၊ မန္တလေးတက္ကသိုလ် စသည်တို့တွင် စာပေများ သင်ကြားပို့ချခဲ့သည်။ ထိုသို့ တက္ကသိုလ်လောကတွင် တာဝန်ထမ်းဆောင်ရင်း နေတစ်ဆူ၊ လတစ်ဆူပမာ ထင်ရှားကျော်ကြားခဲ့သော အမရပူရမြို့ မိုးကုတ်ဆရာတော်ဘုရားကြီး ဦးဝိမလ၏ သော့ကိုင်တပည့်ရင်းဖြစ်သူ ဆရာမြတ်ကြီး ဦးရေဝတထံတွင် အန္တဝါသိက တပည့်ခံ၍ မြတ်ဗုဒ္ဓ အလိုတော်ကျ နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရားများကို လက်တွေ့ကျင့်ကြံ အားထုတ်ခဲ့သည်။

ဆရာသည် သာသနာ့ဘောင်တွင် (၁၅)နှစ်၊ (၁၅)ဝါတိုင် သာသနာ့တာဝန်များ ထမ်းဆောင်ရင်း ဆရာတော်သည် အသျှင်နန္ဒဝံသ (မဟာဝိဇ္ဇာ) ဘွဲ့အမည်ဖြင့် စာပေများကို စတင်ရေးသားခဲ့သည်။ ဆရာမြတ်ထံတွင် ပါရမီဖြည့်ဆည်းရင်း (၁၉၆၇) ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကို အောင်မြင်ခဲ့သည်။

ဆရာသည် (၁၉၈၀) ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ရောက်ရှိစဉ် Japanese Temple မှကျင်းပသည့် International Buddhists Conference (I.B.C) တွင် နိုင်ငံတော်ကို ဂုဏ်ပြု၍ စာတမ်းနှစ်စောင် တင်ခဲ့သည်။ ထိုစာတမ်း နှစ်စောင်မှာ

1) Contributions of Buddhists towards the World Thought and Cultural နှင့်

2) Buddhism in a Changing World စသည်တို့ ဖြစ်သည်။

၎င်းအပြင် အိန္ဒိယနိုင်ငံ All India Radio မှ အသံလွှင့်ရန် လျှောက်ထားသောကြောင့် တရားခြောက်ပုဒ် ဟောပေးခဲ့ရသည်။

ဆရာသည် တက္ကသိုလ်ဘုန်းဆင့် (မဟာဝိဇ္ဇာ)၊ တက္ကသိုလ်ဘုန်းတင့် (မဟာဝိဇ္ဇာ)၊ ဘုန်းဂလိုရီ (မန်း-တက္ကသိုလ်) နှင့် ချစ်ငယ်(ဒဿန) စသည့် ကလောင်များဖြင့် တရားဓမ္မစာအုပ်များ၊ ဘာသာရေးဆောင်းပါးများ၊ သိပ္ပံနှင့် ဒဿနဆိုင်ရာ စာပေများကို ရေးသားပြုစု ထုတ်ဝေလျှက်ရှိသည်။

(၁၉၉၅) ခုနှစ်တွင် ဧည့်ပါမောက္ခအဖြစ် အမေရိကန်နိုင်ငံသို့ ခေတ္တသွားရောက်ခဲ့ပြီး၊ (၂၀၀၂) ခုနှစ်တွင်  ” လွတ်မြောက်မှုဆိုင်ရာ ဒဿနအမြင် ” စာအုပ်ဖြင့် ဗုဒ္ဓစာပေဆိုကို ရရှိခဲ့သည်။ မြန်မာ့အလင်းသတင်းစာ နှင့် The New Light of Myanmar သတင်းစာတို့တွင် (၁၀) ရက်ခန့် နိဗ္ဗာန်ဆောင်းပါးများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။ (၂၀၀၅) ခုနှစ်တွင် စာပေ၊ စာနယ်ဇင်းသမားများနှင့် စာဖတ်ပရိသတ်များကို ဖိတ်ကြားကာ ” နိဗ္ဗာန်အကြောင်း ” ရှင်းလင်းဖွင့်ဆိုခြင်း အခမ်းအနားတရပ်က International Business Center တွင် ကျင်းပခဲ့သည်။

ဆရာသည် သိပ္ပံဘာသာရပ်တွင် Theoretical Physis နှင့် Cosmology တို့ကို အထူးအလေးပေးလေ့လာခဲ့ရာ (၂၀၀၆) ခုနှစ် ဒီဇင်ဘာလ (၄) ရက်တွင် Philosophy in Religious Sciences ဘာသာရပ်ဖြင့် ပညာရေးဒေါက်တာဘွဲ့ကို အင်္ဂလန်နိုင်ငံ Cloverfield University (LONDON) မှ ရရှိခဲ့ပါသည်။

ဆရာသည် သာသနာအတွက် ဘဝပေးထားသူပီပီ ဘာသာသာသနာ ပြန့်ပွားရေးကို ဦးတည်ကာ စာရေးသားခြင်း၊ တရားဆွေးနွေးခြင်း၊ တရားဟောပြော ပြသခြင်းမျာကို ဆောင်ရွက်လျှက်ရှိရာ ဆရာ၏ဆောင်ရွက်ချက်များကို မှတ်တမ်းတင် ထုတ်လွှင့်နိုင်ရန် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား MRTV-4 နှင့် MRTV-3 တို့မှ တာဝန်ရှိသူများက ပုဂံမြို့သို့ လာရောက်ရိုက်ကူးခဲ့ပြီး MRTV-3 မှ  ” အင်္ဂလိပ်ဘာသာဖြင့် တရားဟောကြားခြင်း ” အစီအစဉ် ကဏ္ဍသစ်နှင့် MRTV-4 မှ          ” နိဗ္ဗာန်ဆီသို့ အမေးအဖြေ ” ကဏ္ဍသစ် အပိုင်း(၅၅) ပိုင်းတို့ကို (၂၀၀၇) ခုနှစ်မှစ၍ တစ်နှစ်ကြာခန့် ထုတ်လွှင့်ပြသခဲ့သည်။ ထို့ပြင် (၂၀၀၉) ခုနှစ်တွင် မြဝတီရုပ်မြင်သံကြား မှလည်း ” မေးပြန်းစူးစမ်း ” ကဏ္ဍတွင် ” ဗုဒ္ဓစာပေဆုရ ဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန) နှင့် တွေ့ဆုံခြင်း ” အင်တာဗျူးကို ထုတ်လွှင့်ပြသခဲ့သည်။

ဆရာသည် ဆရာမြတ်ကြီး၏ အဆုံးအမဖြင့် ဝိပဿနာတရား ကျင့်ကြံအားထုတ် တတ်မြောက်ပြီးနောက် လောကီ သိပ္ပံဒဿနပညာရပ်များကို စိတ်ပါဝင်စားခဲ့လေသည်။ သိပ္ပံပညာအကြောင်း ရေးသားရာ၌ ဗုဒ္ဓဘာသာ လက်တွေ့ကျင့်ကြံ ဖြစ်စေရန် ရည်သန်ခဲ့သည်။ သိပ္ပံသည် လက်တွေ့နှင့် ယှဉ်ကြောင်း ကမ္ဘာက လက်ခံလေသည်။ ” အကယ်၍ ဗုဒ္ဓဝါဒကိုသာ လက်တွေ့ ကျင့်ကြံကြပါက ကမ္ဘာက လက်မခံနိုင်စရာ အကြောင်း မရှိချေ ” ထိုခံယူချက်ဖြင့် မြတ်ဗုဒ္ဓသာသနာ ပြန့်ပွားစိမ့်သောငှာ လက်တွေ့နှင့် သိပ္ပံ၊ လက်တွေ့ကျင့်ကြံမှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာများကို အထူးအလေးပေး၍ ရေးသားခဲ့လေသည်။

ယခုအခါ ဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန)သည် စာပေရေးသားခြင်း၊ တရားဆွေးနွေးခြင်းနှင့် တရားဟောပြောပြသခြင်းများကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်လျှက်ရှိပြီး၊ ဗုဒ္ဓဘာသာကို ကိုယ်ပိုင်ဒဿန အမြင်ဖြင့် သိပ္ပံပညာထက် သာလွန်မြင့်မြတ်ကြောင်းကို အင်္ဂလိပ်ဘာသာဖြင့်လည်း “ THE REAL FREEDOM ”  “ NIBBANA ”  “ A GLIMPSE FOR TRUTH TO THE WORLD ” စသည်တို့ အပါအဝင် စာအုပ်ပေါင်း (၄၀) အုပ်ခန့် ထုတ်ဝေဖြန့်ချီပြီး ဖြစ်ပါသည်။ ထိုပြင့် ” အချိန်၏ဒဿန ”,  ” နိဗ္ဗာန် ”, ” ဆောင်းပါးပဒေသာ ”, ”အလွှာတစ်ခုကို ထိုးဖောက်ခြင်း ” စသည့် စာအုပ်များသည် အရောင်းရဆုံး စာအုပ်စာရင်းဝင် စာအုပ်များဖြစ်ပါသည်။ ဤသည်ကား ဆရာကြီး ဒေါက်တာချစ်ငယ်(ဒဿန)၏ ကိုယ်ရေးရာဇဝင် မှတ်တမ်းမှ တစ်စိတ် တစ်ဒေသကို ဖော်ညွှန်းပြခြင်း ဖြစ်ပါသည်။

No tags for this post.

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>