ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ 25

Share

ဒေါက်တာချစ်ငယ်၏အတ္ထုပ္ပတ္တိ

အပိုင်း (၂၅)

တစ်ချက်ရှုတစ်ချက်ပျက်တစ်ချက်ရပ်ကျင့်စဉ်တရားတော်

isဒီကျင့်စဉ်တရားတော်ကို စာရေးသူတို့ အသွန်သင်ခံခဲ့ရလို့သာ တင်ပြနိုင်ခြင်း ဖြစ်ပါတယ်။ စာရေးသူကိုယ်တိုင်တော့ သိပ်တော့ မကျင့်နိုင်ပါဘူး။ စာရေးသူတို့ အဆင့်နဲ့လည်း ဒီလောက်ထိကျင့်နိုင်ဖို့က မလွယ်ဘူး။ စာရေးသူတို့ထက် ဉာဏ်ပညာ ထက်မြက်ကြီးမားမှ – နောက်ပြီးတော့ အရှုခံတရားလည်း သိပ်ပါးမှ ဖြစ်နိုင်ပါတယ်။

တစ်ချက်ရှုလိုက်တာနဲ့ ပဋိစ္စသမုပ္ပာဒ်ရပ်သွားတာ ဒါ အသွန်သင်တော့ ခံရဖူးပါတယ်။ ဒါပေမယ့် အခြေအနေက အရှုခံတရားက အရမ်းပါးဖို့လိုတယ်။ စာရေးသူတို့မှာ အာရုံခြောက်ပါး၊ တံခါးခြောက်ပေါက်က နှလုံးသွင်းမှားတာနဲ့  အရှုခံက ထူသွားတဲ့အခါကျတော့ မလွယ်ပါဘူး။ နောက်ဉာဏ်ပညာကလည်း အရမ်းကြီးဖို့လိုတယ်ဆိုတော့ – ဒါကတော့ စာရေးသူတို့ကျင့်တဲ့ ကျင့်စဉ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့သော် သိထားလို့ ဗဟုသုတအဖြစ်နဲ့ တင်ပြတာပါ။

အသွန်သင်ခံရဖူးတယ် ဆိုတာလောက်ပါပဲ။ မရှုဖူးဘူး မဟုတ်ဘူးဆိုတာလောက်ပါ။ ဒါပေမယ့် အင်မတန် ခက်ခဲနက်နဲပါတယ်။ အရှုခံတရားကလည်း သိတဲ့အတိုင်းပဲ သိပ်ကြောက်စရာ ကောင်းတာ။ ချက်ခြင်းပဲ ထူသွားတာပေါ့နော်။ ဒါပေမယ့် ကျင့်စဉ်ကတော့ရှိတယ်။ တကယ်ရှုလိုက်လို့ရှိရင်  – အရှုခံတရားကလည်းအပါး၊ ရှုဉာဏ်ကလည်း ထက်မြက် အင်အားကြီးတယ်ဆိုတော့ – ဒိုင်းဆို တစ်ချက်ရှု၊ တစ်ချက်ပျက်၊ တစ်ချက်ရပ်သွားတာပေါ့နော်။

ဒါကတော့ အင်မတန်မှ ရှားပါးပါတယ်။ အင်မတန်မှ ဖြစ်နိုင်ခဲပါတယ်။ အင်မတန်မှ ပါရမီရင့်ကြီးတွေ ဉာဏ်ပညာသိပ်ကြီးမားတဲ့ ပုဂ္ဂိုလ်မြတ်ကြီးတွေရှုတဲ့ ကျင့်စဉ်ပဲဖြစ်မှာပါ။ စာရေးသူတို့က သိရုံလောက်ပါပဲ။ ကျင့်ဖူးတယ် ဆိုရုံလောက်ပါပဲ၊ ၀သီဘော်မရပါဘူး။ ဘာလို့လည်းဆိုတော့ အာရုံခြောက်ပါးက မနိုင်ဘူး၊ တစ်ခုမဟုတ် တစ်ခုက ၀င်လာပြီးတဲ့နောက် အရှုခံတရားက ထူထူသွားတာပဲ။

ဒီတော့ သွေးပြည်သလိပ်နဲ့ တွေကတော့ တော်တော်ခက်ခဲပါတယ်။ သို့သော် ကျင့်စဉ်ရှိကြောင်းတော့ သတင်းကောင်း ပေးပါတယ်။ ကျင့်နိုင်ရင်တော့ ကျင့်နိုင်သလိုပါပဲ။ ဒီကျင့်စဉ်ကိုတော့ ကျွန်တော်က တစ်နေ့ကို အကြိမ်တစ်ထောင် ထိုင်တယ်ဆိုတဲ့ကျင့်စဉ်ထက် ပိုပြီးတော့ အလေးအနက်ပြုပါတယ်။

အကြိမ်တစ်ထောင်ကတော့ ဖြစ်ပါတယ်။ ဖြစ်တာက ဘယ်လိုလည်းဆိုတော့ – တရားတစ်ကြိမ် ထိုင်လိုက်ရော – ဥပမာဆိုကြပါစို့၊ (၁၅) မိနစ်လောက်နဲ့  တရားရှုလို့ပြီးသွားတယ်ဆို၊ နောက်တစ်ခါထိုင်တော့ (၁၅) မိနစ် မထိုင်ရတော့ဘူး – (၁၀) မိနစ်ပဲ။ မနက်အရုဏ်ကျင်းလင်း အိပ်ယာထကတည်းကစ တစ်ခါရှုပြီးတိုင်းက အရှုခံတရားက ပါးတဲ့အခါကျတော့ မြန်မြန်သွားတာပေါ့။ နောက်ပိုင်းက (၁၀) မိနစ်ကနေ (၅) မိနစ်၊ (၅) မိန်စ်ကနေ (၃) မိနစ်၊ (၃) မိနစ်ကနေ (၁) မိနစ်၊ (၁) မိနစ်ကနေ စက္ကန့်အတွင်းမှာ ရှုနိုင်သွားတဲ့အခါကျတော့ ညအိပ်ယာဝင်တဲ့ အခါကျတော့ အကြိမ်တစ်ထောင် ပြည့်တယ်ဆိုတာ သဘောပေါက်ပါတယ်။

တကယ် အဓိဋ္ဌာန်ဝင်ပြီး ရှုရင်တော့၊ တကယ်အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဒါကတော့ ရှုရင်းရှုရင်းနဲ့ အရှုခံတရား ပါးတဲ့အခါမှာ အခွင့်အရေးယူပြီးတော့ ဆက်တိုက်ရှုသွားတော့ တစ်ကြိမ် တစ်ကြိမ်ဆိုတာ ဘယ်လောက်မှ မကြာတော့တဲ့ သဘောပါပဲ – ဒီသဘောပါပဲ။ ဒါပေမယ့် အခု တစ်ချက်ရှု၊ တစ်ချက်ပျက်၊ တစ်ချက်ရပ်ဆိုတာ တစ်ချက်ပဲဆိုတော့ အတော့်ကိုခက်ပါတယ်။ နက်လည်းနက်ပါတယ်၊ အားလည်းသိပ်ကောင်းမှပါ။ နောက် အရှုခံတရားကလည်း အတော်လေးကို ပါးလျမှသာဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *