အားရှိပါ အားရှိစေချင်ပါတယ်

Share

အားရှိပါ အားရှိစေချင်ပါတယ်

အားရှိပါ ကျွန်တော်လည်း တရားစိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေကိုပဲ အားပေးနိုင်တာ၊ တရားစိတ်ဝင်စားမှု မရှိတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်က အားပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လေ့လာ ခဲ့တာက တရားပဲ၊ ဒီတော့ တရားဘက်မှာပဲ အားပေးနိုင်ပါတယ်။ ကျွန်တော့်သဘောထား ပြောရမယ် ဆိုရင်တော့ အခြားဘက်မှာ သူရဲကောင်းဖြစ်ဖို့ တအားကြိုးစားရတယ်၊ ခက်လည်းခက်ပါတယ်။ တရား ဘက်မှာကတော့ သိပ်လည်း မကြိုးစားရပါဘူး၊ သူရဲကောင်းဖြစ်ဖို့ လွယ်လည်းလွယ်ပါတယ်။

ကိုယ့်ခန္ဓာကို အနိစ္စပဲလို့ ဆင်ခြင်လိုက် ဒါ သူရဲကောင်းပဲ လက်မထောင်တော့၊ ခြေဖျားထောက်တော့၊ ရင်ကော့တော့ ဒါ ခိုင်းတဲ့အတိုင်း ကျင့်တတ်ပြီ၊ ကျင့်ပြီးပြီ၊ ကျင့်ပြီ ဆိုတဲ့ ကြွေးကြော်ချက်နဲ့ အတူတူ ရင်ကော့လို့ရတယ်၊ ဒါ မှန်တာကန်တာ ရင်ကော့တာပဲ။ ကျွန်တော်တို့လည်း မှန်ကန်ရင် ရင်ကော့ တာပဲ မမှန်ကန်ရင်တော့ ကိုယ်လည်း မညာလိုဘူး။

မှန်ကန်တဲ့ဘက်ကတော့ ရင်ကော့ရမှာပဲ၊ ရင်ကော့ထိုက်လို့ ရင်ကော့တာ။ မြတ်စွာဘုရား ခိုင်းတော်မူတဲ့ အတိုင်း ဗုဒ္ဓဘာသာပီပီ ကျင့်လိုက်တယ်ဆိုရင် ဒါ  ရင်ကော့လို့ ရပါပြီ။ ကိုယ့်ခန္ဓာကိုယ်ကိုပဲ ကြည့်ပြီး မမြဲဘူးလို့ ဆင်ခြင်တယ်၊ ရှုသတ်တယ်၊ သုံးသပ်တယ်၊ ၀င်စားတယ်ဆိုရင် ဒါ ရင်ကော့လို့ရပြီ၊ လက်မ ထောင်လို့ရပြီ။ ဒါ ကိုယ်က တရားသမားလည်း ဖြစ်ပြီးတော့၊ ဗုဒ္ဓဘာသာ စစ်စစ်လည်း ဖြစ်ပြီးတော့၊ တရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပြီးတော့၊ သာသနာအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ရပ်တည်လိုက်တာ ဖြစ်သွားပြီ။

ဒီတော့ အားရှိပါ၊ ရင်ကော့ပါ တစ်ချက် ရုပ်နာမ်အပေါ်မှာ မမြဲဘူးလို့ ဆင်ခြင်လိုက်ရင် ဒါ ပြီးပြီ၊ သူရဲကောင်း ဖြစ်သွားပြီ။ ဒီ့ထက်ဒီကတော့ ကိုယ်တော်အောင်၊ ကိုယ်ချမ်းသာအောင်၊ ကိုယ်ငြိမ်းချမ်း အောင်၊ ကိုယ်ကြည်လင်အောင်၊ ကိုယ်ပေါ့ပါးအောင် ကိုယ့်ဖာသာကိုယ် ဆက်ကျင့်လိုက်တာပါပဲ။ ဆက်လည်း ကျင့်ဖို့အတွက် အလားအလာရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဓမ္မောဟဝေရက္ခတိ ဓမ္မစာရိံ ဆိုတာ တရားကို စကျင့်လိုက်တာနဲ့ တရားက စောင့်ရှောက်တော့တာပဲ။ စောင့်ရှောက်ရင်း၊ စောင့်ရှောက်ရင်းနဲ့ ကိုယ်က ဓမ္မရသကို တွေ့လို့ရှိရင် သဗ္ဗရသော ဓမ္မရသ ဇိနာတိ တဲ့ ခပ်သိမ်းကုန်သော အရသာမှာ တရားအရသာဟာ အကောင်းဆုံးပါပဲ။

ကျွန်တော်လည်း တရားအရသာကို ရတယ်၊ ကျွန်တော်ကတော့ ရိုးရိုးသားသား ပြောပါတယ်။ တစ်ချို့က တရားပဲဗျာ အရသာ ရှိသေးလား ဆိုလို့… ဘယ်နှယ့် မရှိဘဲနေမလဲ… တရားအရသာဟာ အကောင်းဆုံးပါ ဆိုနေမှ။ ဒါကြောင့် မြတ်စွာဘုရားနဲ့ ရဟန္တာတွေက တရားကို ၀င်စားတော်မူကြတာ၊ ဖြန့်ဖြူးတော် မူကြတာပေါ့။ တရားအရသာက အရမ်းကောင်းတာ အားလုံးသော အရသာတွေထက် သာတယ်။ မွှေ့လျော်မှုတွေထဲမှာ တရားမွှေ့လျော်မှုဟာ အသာဆုံးပါပဲ။ သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ ဆိုတာရှိတယ်၊ စာဆိုနဲ့ ကိုက်ကိုက်ညီညီပါပဲ။

ဒါ တကယ်လည်း ၀န်ထုတ်ဝန်ပိုးတွေ ကျသွားတော့ ပေါ့တော့ ချမ်းသာတာပေါ့၊ လွတ်မြောက်တာပေါ့၊ ကြည်တာပေါ့ နို့မဟုတ်ရင် ရင်ထဲမှာ ဟဒယမှာ ၀န်ထုပ်ဝန်ပိုးတွေ ရှိရှိနေတယ်။ ကျွန်တော်လည်း ရှိခဲ့ဖူးတယ်၊ အများကြီး ရှိခဲ့ဖူးတယ်၊ ဆိုးဆိုးဝါးဝါး ရှိခဲ့ဖူးတယ်၊ တုန်တုန်လှုပ်လှုပ် ချောက်ချောက်ချားချား တွေလည်း ရှိခဲ့ဖူးတယ်။ ဒါပေမယ့် ပျက်တယ်လို့ ရှုရင်းရင်းနဲ့ မမြဲဘူးဆိုပြီး ခုတော့ ကျွန်တော်လည်း စင်ပေါ်ရောက်နေပြီ။ ဒါက ရှေ့သွားပြတာပါ ရှုဖန်များတော့ ပိုင်တာပေါ့၊ ပိုင်တော့လည်း အေးပြီးတော့ ငြိမ်းပြီးတော့ ကြည်လင်ပြီး ပေါ့ပါးပြီးတော့ လွတ်လပ်တာပေါ့။

ဒါအမှန်အကန်မို့ ကျွန်တော်လည်း ပြောရဲတာ။ ကျွန်တော် တရားလေ့လာတဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော် မမှန်ကန်ဘူး မသေချာဘူးဆို ကျွန်တော် မပြောရဲဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ငရဲအိုး ဇောက်ထိုး ကျမှာပေါ့။ ဒါက မှားလို့မရဘူး၊ လိုက်ကျင့်တဲ့ ပုဂ္ဂိုလ်တွေဟာ ကျွန်တော့်တာဝန်ပဲ ကျွန်တော်က လမ်းမှားပြရင် အကုန်လုံးဟာ ခက်ကုန်မှာပေါ့ ကျွန်တော်လည်း သေပြီပေါ့။

ကျွန်တော် အသေမခံနိုင်ဘူး။ ကျွန်တော့ဆရာကလည်း ကျွန်တော့ကို ပိုင်အောင်သင်တာ ပိုင်တော့မှပဲ ဆရာက ခန္ဓာဝန် စွန့်တော်မူသွားတာပါ။ ဆရာမြတ်ကြီးအကြောင်း နောက်ကျတော့ ပြောဦးမယ်။ ဆရာမြတ်ကြီးဟာ အရမ်းတော်တာ ကျွန်တော်လို တက္ကသိုလ်ကျောင်းဆရာ ပေါက်စလေးကို ကောက်ယူ မွေးပြီးတဲ့နောက် တရားအားထုတ်တတ်အောင် လုပ်ဆောင်သွားတော်မူတာ ဆရာမြတ်ကြီးဂုဏ်ကျေးဇူး ပါပဲ။

ကျွန်တော် အခုပြောနေတာဟာ ဆရာမြတ်ကြီးကသင်လို့ တတ်တာပါ။ ကျွန်တော်ကတော့ ဘာမှမတတ်ခဲ့ ပါဘူး။ ကျွန်တော်က ဒဿနပညာလေး မတောက်တခေါက်ပဲ လေ့လာမိတာပါ၊ သိပ္ပံနည်းနည်း ရတယ်ပေါ့နော် သိပ္ပံဒဿန ၀င်စားတာကိုး။ နောက်ပိုင်းက သွန်သင်ဆုံးမ သြ၀ါဒ ချီးမြှင့်တော်မူခဲ့လို့ ကျွန်တော် နိဗ္ဗာန်အထိ ရဟန္တာအကြောင်း၊ အရိယာအကြောင်း၊ ၀ိပဿနာအကြောင်း၊ သူတော်ကောင်း တွေအကြောင်း ကျွန်တော်ရတယ်၊ ဆွေးနွေးလို့လည်း ရတယ်။

ကျွန်တော်က ဘယ်စာအုပ်မှလည်း မလှန်ရဘူး၊ ကျွန်တော်က ကိုယ်ပိုင်ဉာဏ်ပဲ။ ကိုယ်ပိုင်ဉာဏ်ကို ကျွန်တော်ကတော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ပညိနြေ္ဒ ဆိုသလို ကျွန်တော် သိမ့်သိမ့်မွေ့မွေ့ပါပဲ။ ကျွန်တော်ကတော့ ဒီ (Age of information) မှာ သတင်းပေးရမှာ ဆိုတော့ အမှန်အကန် ကျင့်ထားတော့ အမှန်အကန် ရတာတွေ ပေးပါတယ်။

တရားကို ကျင့်သာကျင့်ပါ ချမ်းသာတယ်။ ပေါ့သွားတာပေါ့လေ အမှန်ကတော့ ကျွန်တော်တို့ ရိုးရိုးသားသား ၀န်ခံကြမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ဟာ ကြွေးတင်ခဲ့တာပါပဲ။ အာရုံခြောက်ပါး၊ တံခါးခြောက်ပေါက် ကနေ နှလုံးသွင်းတွေမှားတယ် အများကြီးမှားတာပဲ၊ မှားတာမှ တအားမှားတာပဲ။ မှားခြင်းတော့ ပြောမနေ နဲ့ ကဲ…လှတပတလေး တစ်ခုကို မြင်တယ်ပဲ ဆိုကြပါစို့၊ ဒါ ကျွန်တော်တို့ဟာ လှတပတပဲ ထင်နေတာ တကယ်တော့ ကျွန်တော်တို့ မျက်လုံးပေါ်မှာ အလင်းကျတာပဲ။ (Photon) ဖိုတွန် က ရိုက်ခတ်လိုက်လို့ ဒီ (Retina) ရက်တီးနား ပေါ့၊ (Eye-ball) အိုင်းဘော(လ်) မှာပေါ့နော် သားငယ်အိမ်ကနေ (Brain Function)  ဘရိန်းဖန်ရှင်ထဲ သွားပြီးတော့ (spinal cord) စပိုင်နယ်ကော့ ကနေ တစ်ကိုယ်လုံး (Nervous system) လှုပ်ရှားပြီးတဲ့နောက် (Electron) အီလက်ထရွန်တွေ မြူးကြွတာပဲ မဟုတ်လား။ သို့သော်လည်း ဒါက (Physiologically) ခန္ဓာဗေဒအရ ပြောတာပါ။

တကယ်တမ်းကျတော့ အဲဒီ လှတပတကို လှတပတပဲ ထင်တာပဲ။ ဒါ ကိုယ်က လုပ်ထင်တဲ့အထင်ပဲ၊ သို့သော်လည်း အားလုံးက လုပ်ထင်နေကြတော့ ကျွန်တော်တို့ဟာ ဘယ့်နှယ်လုပ်မလဲ၊ ပြောလို့မရဘူး။ သေချာ ၀င်စားလိုက်လို့ရှိရင် ရူပဗေဒနှင့် ပြောပြော၊ ခန္ဓာဗေဒနှင့် ပြောပြော၊ သိပ္ပံနည်းကျ ပြောပြော ပြောလိုက်လို့ရှိရင် ဒါ ဖိုတွမ်ရဲ့ ရိုက်ခတ်မှုကြောင့် တုန်လှုပ်သွားတဲ့ အီလက်ထရွန်လေးတွေ မြူးကြွရင်းနဲ့ ဘရိန်းဖန်ရှင်မှာ တစ်စုံတစ်ခု အမှတ်ထင်ရာကနေ ဖြစ်သွားတဲ့ ကိစ္စပါ။ ရေထဲကို ခဲလေးပစ်လိုက်တော့ ပလုံဆို လှိုင်းလေးတွေ ၀ဲထသလိုပါပဲ။ သို့သော် ကျွန်တော်တို့ရဲ့ လှိုင်းကတော့ နည်းနည်း စနစ်ရှိသွားတာပေါ့နော်၊ (Systematically Arrangement) စနစ်တကျ တည်ဆောက်ထားတာဆိုတော့ ကျွန်တော်တို့ဟာ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ စသည်ဖြင့် ဖြစ်နေကြတာပါ။

အမှန်ကတော့ အမှားကြီးများစွာ ကျုးလွန်လို့ ဖြစ်တာ မကျုးလွန်ဘဲနဲ့ဆိုရင် အမှားအကြီးကြီး ဖြစ်ဖို့ဆိုတာ လွယ်ကိုမလွယ်ဘူး။ တော်တော့ကို မှားတာ ဆက်တိုက်ကို မှားမှ ဖြစ်မှာပါ။ ကြည့်ပါလား ရုပ်ရည်တစ်ခု လှတပတလေး မြင်တယ် မြင်တာက မျက်လုံးမှာ အလင်းရိုက်ခတ်တာပဲ ရှိတာပဲ။ ကျန်တာက ခန္ဓာဗေဒ အရ လှုပ်ရှားသွားလာတာပါပဲ။ ဒါကို ကျွန်တော်တို့က အဟုတ်ကြီး မှတ်နေကြတာပါ။ ကိုယ်ကိုယ်သူသူပါပဲ နော်… မိန်ခလေးဆိုရင်လည်း မိန်းခလေးပေါ့၊ မယ်ဆိုရင်လည်းမယ် စသည်ဖြင့်… ဒါ ကျွန်တော် ဥပမာ ပြောတာပါ။ ဒါတွေဟာ သတ်မှတ်ထားတာ တကယ်ပြန်ကြည့်တော့လည်း မျက်လုံးပေါ်မှာ အလင်းကျရောက် သက်ရောက်လို့ တုန်ခါမှုလေးတွေဖြစ်တဲ့ ကိစ္စလေးတွေပါပဲ၊ ဒါ ခန္ဓာဗေဒအနေနဲ့ပဲ ပြောတာပါ။

ဒီတော့ အပျက်သာရှု ဒါဟာ မိန်းပဲ၊ ဒီ ကတွတ်ပေါက်ကနေပြီးတော့ ငါးလာတာကို ဗျိုင်းကကောက်သလိုပဲ ဆိုတာ ပညာရှိတွေ ဆုံးမတော်မူသလိုပဲ။ ကျွန်တော်တို့ဟာ ပေါ်လာတာကို အပျက်သာရှုလိုက် ပြီးပြီ။ တာဝန်ကျေတယ်၊ တစ်ချက်လွှတ်ပဲ ရှုသာရှုလိုက် အပျက်လို့ ရှုလိုက်တာနဲ့ ကောင်းဘွိုင်ပဲ။ ဒါ သေနတ်ထုတ်ပစ်တာ လှည့်ကြည်စရာ မလိုဘူး၊ တစ်ချက်ရှုရင် တစ်ချက် တက်သွားတာပဲ။ ဒါကတော့ တစ်ချက်ရှု တစ်ချက်တက်တာက ၀ိပဿနာပဲ။

ဒီ့ပြင်ဟာက လောကီက ခက်ပါတယ်၊ ကျယ်လည်း ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့လည်း ဉာဏ်မမီတာ တွေပဲ များပါတယ်။ တော့ ကျွန်တော်က အသက်ရဲ့ တစ်ဝက်လောက်ရှိသွားပြီ။ ကျင့်လိုက်လို့ ကျွန်တော် လုံဝကျွမ်းတယ်၊ ကြိုးသာ ကြိုးစား ကျွန်တော်တွန်းအားလည်း ပေးမယ်။ ကျေနပ်မှုရမှာပါ၊ တရားရဲ့ အရသာဟာ အားလုံးရဲ့ အရသာကို အောင်နေတာပဲ။ ကြိုးသာ ကြိုးစား အပျက်ရှုရင်ကို သူတော်ကောင်းတွေက သာဓုခေါ်မှာ။

မရှုဖြစ်လို့ပါ၊ ရှုဖြစ်တာနဲ့ ကိုယ်က ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ပြီ။ မရှုဖြစ်သေးသမျှကတော့ ခန္ဓာဉာဏ်မရောက် ဖူးလို့ ပြောရမှာပေါ့။ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ စကားလုံး ဝေါဟာရအတိုင်းဆို ခန္ဓာဉာဏ်ရောက်မှ ကျွန်တော်တို့က ဉာဏ်ကရောက်တယ်ဆို – အဲဒီဉာဏ်က ခန္ဓာအပေါ်မှာ အပျက်ရှုလိုက်တော့ အပျက်မြင် မဂ္ဂင်ပဲ မဂ္ဂင်ဖောင်ကြီး စီးတဲ့တစ်နေ့တစ်ချိန်မှာ သောင်ကမ်း တစ်ဖက်စခန်းကို တက်လှမ်းရမယ် ဆိုတာ မြေကြီးလက်ခတ်ပါပဲ။

ဒါဟာ တရားတော်မြတ်ရဲ့ သာသနာတော်မြတ်ရဲ့ တန်ခိုးသတ္တိနဲ့ အကျိုးကျေးဇူးနဲ့ ဂုဏ်ဒြပ်တွေ ဖြစ်ကြောင်း အစီရင်ခံလိုပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

2 Responses to အားရှိပါ အားရှိစေချင်ပါတယ်

  1. Than Win says:

    ခေတ်ပညာနှင့်တွဲဖက်ရှင်းပြပေးထားသောကြောင့်
    ရုပ်သဘာဝ ဖြစ်ရပ်ဖြစ်စဉ်သဘော
    နာမ်သဘာဝ၏ ဆက်တိုက်ဆက်တိုက်နှလုံးသွင်းမှားပြီး အရာတင်ကျန်ရစ်ခဲ့သော ဒဏ်ရာဒဏ်ချက် စိတ္တသင်္ခါရ ဒုက္ခသစ္စာသဘော တို့ကို ခွဲခြားပြီးလေ့လာစူးစမ်း သဘောပေါက်မိပါသည်။
    ဆ၇ာမြတ်ကြီးကိုလည်း ကျေးဇူးတင်မိပါသည်။
    ဆရာကိုလည်းကျေးဇူးတင်ပါသည်။
    ရတနာမြတ်သုံးပါးကိုလည်း အမြတ်တနိုးတန်ဖိုးထားပြီး ပူဇော်မိပါသည်။

  2. DAT MARLAR says:

    ကောင်းပါသည်။
    အဖိုးတန်ပါသည်း

Leave a Reply

Your email address will not be published. Required fields are marked *