အရာရာကိုကျေးဇူးပြုနိုင်ခြင်း

Share

အရာရာကိုကျေးဇူးပြုနိုင်ခြင်း

သိပ္ပံပညာမှာ T.O.E ခေါ် (Theory of Everything) အရာရာကို ဖြေရှင်းနိုင်သည့် သီအိုရီကို အိုင်စတိုင်း လက်ထက်ကတည်းက ဇွဲနှင့်အသည်းနှင့် ရှာဖွေခဲ့ကြဖူးသည်။ သို့သော် အိုင်စတိုင်း လက်ထက်တွင် မတွေ့နိုင်ခဲ့ပါ၊ အိုင်စတိုင်းက ရှိရမည်ဟုတော့ ယုံကြည်သွားခဲ့သည်။ သို့သော် ထိုအချိန်မှာ မသေချာခြင်း နိယာမက သိပ္ပံကမ္ဘာမှာ လွှမ်းမိုးခဲ့ဖူးသည်။ သို့သော် မသေချာမှု နိယာမ လက်ကိုင်စွဲသူ သိပ္ပံပညာရှင်များ ကွမ်တမ်မက္ကင်းနစ်သမားများ သည်ပင်လျှင် T.O.E ကိုတော့ ရှာဖွေဖို့ ကြိုးစားခဲ့သည်ဟု ဆိုရမည်။

ဟော့ကင်းတို့ကိုယ်တိုင်  T.O.E ကို စိတ်ဝင်စားကြသည်။ သို့သော် T.O.E ကို မရခဲ့ကြချေ။ အခုအခါ T.O.E မဟုတ်သော်လည်း အရာရာကို ကျေးဇူးပြုနိုင်သော ကျင့်စဉ် တစ်ခုတော့မူ မြတ်ဗုဒ္ဓအလိုတော်ကျ တင်ပြနိုင်လိမ့်မည်ဟု မျှော်မှန်းသည်။ ယင်းအချက်မှာ သမာဓိမွေးခြင်းပင် ဖြစ်သည်။ သမာဓိသည် ကျင့်လျှင် ရသည်။ သမာဓိရှိလျှင် အရာရာကို ကျေးဇူးပြုနိုင်သည်။

လူသည် တည်ငြိမ်သည်၊ အေးဆေးသည်၊ ချိန်ဆသည်၊ ချင့်ချိန်သည်၊ သည်းခံသည်၊ မြော်မြင်သည်။ သမာဓိသည် တော်တော်အရေးကြီးသည်။ “သမာဓိတော ယထာဘူတံ ပဇာနာတိ” ဟူသော စကားပင် ရှိသည် မဟုတ်ပါလော … သမာဓိရှိမှ အမှန်ကို မြင်နိုင်မည်။ ရေများသည် အမှိုက်သရိုက်များနှင့် လှိုင်းထနေလျှင် အရိပ်မမြင်ရပါ။ “ရေဆူ၌တွင် ရိပ်မထင်သို့” ဟူသော စကားရှိသည်။ ရေသည် ကြည်လင်၍ ငြိမ်သက်နေမှ အရိပ်ထင်သည်။ ထိုအတူပင် လူသားသည် တည်ငြိမ်မှုရရှိမှ အရာရာစဉ်းစားခြင်း၌ အင်အားကောင်းသည်။ ဤသို့ပင် ယူရသည်။

ထို့ကြောင့် သမာဓိသည် အရာရာကို ကျေးဇူးပြုနိုင်သည်။ သမာဓိကျင့်စဉ်မှာ လွယ်ပါသည်၊ ကျင့်လျှင် တက်သည်သာဖြစ်သည်။ အရာရာသည် ကျင့်လျှင်တက်သော ဤခေတ်၌ သမာဓိကိုလည်း ကျင့်လျှင် တက်သည်ဟု နားလည်နိုင်ပါသည်။

ကျင့်စဉ်မှာ (၅) မိနစ် ဖြစ်ဖြစ်၊ ထိုထက်အနည်းငယ် ပို၍ဖြစ်ဖြစ်၊ ပေါ်စိတ်ကလေးအား ပယ်ခြင်းပင် ဖြစ်သည်။ စိတ်ကလေး ပေါ်လာလျှင် ပယ်လိုက်၊ စိတ်ကလေး ပေါ်လာလျှင် ပယ်လိုက်၊ ပယ်ခြင်း ဆိုသည်မှာ လွယ်လွယ်ပြောခြင်းဖြစ်သည်။ အမှန်တော့မူ အနိစ္စလက္ခဏာ တင်ခြင်းဖြစ်သည်။ ဝိပဿနာ ဆင်ခြင်ခြင်း ဖြစ်သည်။ ဤသို့ပယ်သော အကျင့်ရသောအခါ လူသည် သမာဓိကောင်းလာသည်။ စာရေးသူသည် ဤကျင့်စဉ်ဖြင့် သမာဓိတော်တော် ထူးထူးခြားခြား တိုးတက်ခဲ့သည်။

တချိန်က သင်္ချိုင်းကုန်းမှာ ဤကျင့်စဉ် ကျင့်ခဲ့ရာ သမာဓိလွန်စွာ ထူးခြားခဲ့သည်။ ယခုအခါလည်း ပုဂံမြိုပေါ်ရှိ ဘုရားများတွင် သင့်တော်သောညအချိန်၌ တရားအားထုတ်ရာ သမာဓိတိုးတက်ကြောင်း ဖာသာခံစားမိသည်။ ထို့ကြောင့် မည်သည့်နေရာ၌မဆို ပေါ်စိတ်ကလေးအား (၁၀) မိနစ်ရရ ရှုခြင်းသည် သမာဓိ တိုးတက်စေသည်။ သမာဓိတိုးတက်ခြင်း ဆိုသည်မှာ အနည်းဆုံးကို ပြောခြင်းဖြစ်သည်။ အများဆုံးမှာ ပညာပါ ကိန်းနိုင်သည်။

ထို့ကြောင့် ပေါ်စိတ်ကို အနိစ္စရှုသော ကျင့်စဉ်သည် အရာရာကို ကျေးဇူပြုနိုင်ကြောင်း သက်သေ သာဓက ရရှိပြီးသား ဖြစ်သည်။ ယုံကြည်ချက်ဖြင့် အလုပ်လုပ်လျှင် အလုပ်လုပ်သလောက် တိုးတက်ရမည်မှာ လွန်စွာသေချာသည်။ ကိုယ်ကျင့်လျှင် ကိုယ်ရသည်။ ဤခေတ်သည် ကိုယ်ကျင့်သည်ကို ကိုယ်ရသောခေတ် ဖြစ်သည်။ ကိုယ်ရအောင် ကိုယ်ကျင့်ရသော ခေတ်ဖြစ်သည်။

ဤခေတ်သည် ယောင်ဝါးလုပ်၍ မရချေ၊ ဤခေတ်သည် ညာသံပေး၍ မရချေ။ အဟုတ်ဖြစ်ချင်လျှင် အဟုတ်လုပ်ရသည်။ အဟုတ်လုပ်သောအခါလည်း အဟုတ်ဖြစ်သည်။ ဤခေတ်သည် အဟုတ်လုပ်၍  အောင်မြင်သောအခါ – သတင်းများ ဖြန်ဖြူးသော ခေတ်ဖြစ်သည်။ ထို့ကြောင့်စာရေးသူသည် ဤကျင့်စဉ်ကို ဖြန်ဖြူးလိုက်ပါသည်။ ပေါ်စိတ်ကလေးကို ပယ်ကြည့်ပါ။ ကျင့်ပါများလာသောအခါ ပေါ်စိတ်တိုင်းကို ပယ်နိုင်လာလျှင်  လူစွမ်းကောင်းဖြစ်မည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် စိတ်၏ကျွန်ကို မခံရတော့သောကြောင့် ဖြစ်သည်။

ဤကျင့်စဉ်မှာ လက်တွေ့ပေါက်မြောက်ပြီး ဖြစ်သောကြောင့် အာမခံဖြင့် ဖွင့်ဆိုလိုက်ခြင်း ဖြစ်ပါသည်။ မှန်းတုတ်ရမ်းတုတ် ထင်ရာ ပြောခြင်းမဟုတ်ပါ။ ကိုယ်တိုင်သိ၊ ကိုယ်တိုင်ကျင့်၊ ကိုယ်တိုင်အားထုတ်၊ ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ရရှိ၊ ကိုယ်တိုင်ပိုင်နိုင်သောကြောင့် ဖွင့်ဆိုခြင်း ဖြစ်ပါသည်။ ယုံကြည်အပ်သော ကျင့်စဉ်တစ်ခု ဖြစ်ပါသည်။ T.O.E ကို မရသေးသည်ထားဦး အရာရာကို ကျေးဇူးပြုနိုင်သော အခြေခံ ကျင့်စဉ်ကို ရလျှင်ပင် ဤခေတ်၌ အကျိုးရှိ အသုံးဝင်သည် မဟုတ်ပါလော … လေ့ကျင့်လိုသူများအတွက် အထူးတင်ဆက် လိုက်ပါသည်။

ဤအကြောင်းအရာကို  ဥပမာပေးရသော် – ကတွတ်ပေါက်မှ ပေါ်လာသမျှသော ငါးကို ဗျိုင်းက ဖမ်းစားလိုက်သကဲ့သို့ ဥပမာပေးရမည် ဖြစ်သည်။ တနည်းအားဖြင့်လည်း တံခါးအပေါက်ဝ တစ်ခုတည်းမှ လာသမျှသော ရန်သူအား ဓါးနှင့်ပိုင်းဖြတ် သကဲသို့ ဥပမာပေးရန်ဖြစ်သည်။ ပေါ်လာသမျှသော စိတ်များအား တရားနှင့် ပိုင်းသတ်လိုက်ခြင်း ဖြစ်သည်။ မမြဲခြင်း၊ မပိုင်ခြင်း၊ မဆိုင်ခြင်း၊ စွန့်ခြင်း၊ ပယ်ခြင်း၊ သတ်ခြင်း၊ ဖြတ်ခြင်း၊ လက်မခံခြင်း၊ တန်ဖိုးမထားခြင်း စသည်တို့ဖြင့် ပိုင်းဖြတ်လိုက်သည် ရှိသော် ပေါ်စိတ်များသည် သေသွားသည်သာဖြစ်သည်။

ဤကျင့်စဉ်မှာ လက်တွေ့ကျင့်ကြံ အားထုတ်ပြီး ဖြစ်၍၊ စိတ်ဝင်စားပါက အချိန်ရသောအခါ လေ့ကျင့်ကြည့်လျှင် သမာဓိတက်မည်မှာ လုံးဝသေချာသည်။ မည်သို့ပင်ဆိုစေ သမာဓိတက်လျှင်  “နှိုင်းနှိုင်းချိန်ချိန်၊ သုခမိန်သို့- ပညိနြေ္ဒ သိမ်မွေ့စေ”  ဆိုသကဲ့သို့ အထောက်အပံ့ ဖြစ်တော့သည်သာတည်း …

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

 

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *