ပုဂံဟာဘယ်တော့မှမငိုရှိုက်ဘူး

ပုဂံဟာဘယ်တော့မှမငိုရှိုက်ဘူး

01 DSC_3952cပုဂံဟာ မြေငလျင်ဒဏ်ကြောင့် လောကဓံတွေ့တာ ဟုတ်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုယ်တိုင်ပဲ ကောင်းနိုးရာရာတွေကို ပြုပြင် မွမ်းမံနေတာပဲ။ အခုဆိုရင် နေ၀င်ချိန်ကို ကြည့်ဖို့ ရအောင်လည်း စီစဉ်နေကြပြီ။ ဒီလိုပဲ စီစဉ်သွားရတာပဲ။ မြေငလျင် လှုပ်တာကိုတော့ ဘယ်တတ်နိုင်မှာလည်း – ဒါ သဘာဝ အန္တရာယ်ပဲ။ ကိုယ်က ပျော့ညံ့စရာလည်း မလိုပါဘူး ပုဂံကို နှိမ်စရာလည်း မလိုပါဘူး။ ပုဂံဟာ သူ့ဟာနဲ့သူ မားမားမတ်မတ် ရပ်တည်ပြီး ဆက်သွားနေမှာ – ဒီလိုပဲ ခံယူရမှာပဲ။

တစ်စုံတစ်ခုတွေ့တိုင်း ငိုညဉ်းနေလို့တော့ ဘယ်ရမလဲ။ လောကကြီးမှာ ဒီလိုဆိုရင် ငိုညဉ်းစရာချည်း ဖြစ်မှာပေါ့။ (အနောရထာ အလိမ်ခံရတယ်) တို့ (ပုဂံငိုညည်းတယ်) တို့ စတဲ့ဆောင်းပါးတွေရေးပြီး ပုဂံကို နှိမ်သလိုလို ဘာလိုလို ရေးနေ ပြောနေကြတာ စကားလုံးတွေက ဆင်ခြင်ဖို့တော့ ကောင်းပါတယ်။

ဘာကြောင့်လည်းဆိုတော့ လူ့လောကမှာ နေကြရတာ လောကဓံဆိုတာတော့ ရှိမှာပဲ – ဒီလိုပဲ ဖြေရှင်းရတာပဲ။ နိုင်ငံတော် အစိုးရကလည်း တွေ့တဲ့လောကဓံ ဖြေရှင်းနေရတာပဲ။ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဒီလိုပဲ ရင်ဆိုင်ဖြေရှင်းနေကြတာပဲ။

ဒီတော့ ပုဂံဟာ အရည်အချင်းရှိရမယ်၊ သတ္တိရှိရမယ်၊ ကြံ့ခိုင်ရမယ်၊ အမြော်အမြင်ရှိရမယ်၊ သီးခံရမယ်၊ ဆက်လက် ၀ီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ ဒါတွေကိုပဲ သုံးရမယ် – ငိုစရာလည်း မလိုပါဘူး၊ ရှိုက်စရာလည်း မလိုပါဘူး။ ပုဂံဟာ ပုဂံပဲ။ မားမားမတ်မတ်နဲ့ ကမ္ဘာ့အလယ်မှာ ဒီလောက်တင့်တယ် နေတာကို နှိမ်သလိုလို၊ ချိုးသလိုလို၊ ကလေးဆန်တဲ့ အခြေအနေမျိုး ဖြစ်အောင် ပြောတာ၊ ဆိုတာ၊ ရေးတာတွေဟာ စကားလုံးအနေနဲ့ ရွေးချယ်ပြီး သုံးနှုန်းသင့်ပါတယ်။   

ဒီတော့ အခြေအနေအရပ်ရပ်ကို တွေ့ကြုံတဲ့အခါကျ ပိုမိုကောင်းမွန်တဲ့အဆင့်ကို မြင့်အောင် ကြိုးစားရမှာပဲ၊ ၀ိုင်းဝန်းပြီးတော့ စွမ်းဆောင်ရမှာပဲ အခုလည်း ၀ိုင်းဝန်းပြီးတော့ စွမ်းဆောင်နေကြတာပဲ။ ပုဂံမြေငလျင်လှုပ်တော့ ဒီဒဏ်တွေကို ဖြေရင်းနဲ့ ပိုတဲ့ငွေတွေတောင် ရန်ပုံငွေ ဖြစ်လာပြီပဲ။ ဒီတော့ ဒီလိုပဲသွားရမှာပါပဲ။ ဘယ်သူ့ရဲ့ဘ၀ဟာ လောကဓံမရှိဘူးရယ်လို့ ရှိတာမှမဟုတ်ဘဲ။ အားလုံးသော ရုပ်နာမ်တွေဟာ ဘ၀မှာ လောကဓံကတော့ ရှိတာပါပဲ။

ဒီလိုပဲ ပိုမိုကောင်းမွန်တဲ့အရာကို ဖြေရှင်းသွားရမှာပဲ။ ဘာမှ ငုံ့စုံပစ် ငုံ့ခံစရာလည်း အကြောင်းမရှိပါဘူး။ သူများကို ငိုညည်းပြနေတာထက် ကိုယ်ထူကိုယ်ထ ကိုယ့်ဖာသာကိုယ် စွမ်းဆောင်နိုင်ဖို့ အရေးကြီးတယ်။ ဒီစကားကို သေသေချာချာ ပြောလိုက်တာပါ။

ပြဿနာဖြစ်ရင် ငိုညည်းပြီးတော့ သူများက ဘာမကယ်ဘူး၊ သူများက ဘာလုပ်တယ် ဆိုတာထက် ကိုယ့်ဖာသာကိုယ် ဒီအခြေအနေကနေ ရုန်းထွက်ပြီး ပြည့်စုံလုံလောက်အောင် တည်ဆောက်ဖို့ ကြိုးစားရမယ်။ မြန်မာတွေဟာ ၀ီရိယရှိရမယ်။ ၀ီရိယရှိမှလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မယ်။ ငိုပြလို့လည်းမရဘူး၊ အသနားခံလို့လည်း မရဘူး။ ကိုယ့်ဖာသာကိုယ်လည်း လုပ်ကြဦးပေါ့။ မြန်မာတွေဟာ ကိုယ့်ဖာသာကိုယ် လုပ်တဲ့အကျင့်ကို  ကျင့်မှသာလျှင် တိုင်းပြည်နဲ့ လူမျိုးတိုးတက် မှာဖြစ်ပါတယ်။

ဒီတော့ မြန်မာတွေဟာ ကိုယ်ထူကိုယ်ထ လုပ်တတ်တဲ့အကြောင်း ပုဂံကစပြီးတော့ စံနမူနာပြရမယ်။ ပုဂံဟာ သမိုင်းမှာ ထင်ရှားပြောင်မြောက် စွမ်းဆောင်ရည်ရှိတဲ့ သူရဲကောင်းတွေ အမြောက်အမြား ပေါ်ဖူးတာပဲ။ အားလုံးလည်း သိပါတယ်။ ဒီတော့ ကိုယ်ထူကိုယ်ထ စွမ်းဆောင်ဖို့ အရေးကြီးတယ်။ အရေးအကြောင်းဆို သူများကို ငဲ့ပြီး သူများအကူအညီကို တောင်းခံပြီးတဲ့နောက် ငိုပြနေလို့ မသင့်တော်ဘူး။

ပုဂံဟာ သတ္တိနဲ့ ဗျတ္တိနဲ့ ဇွဲသတ္တိ ၀ီရိယနဲ့ စွမ်းဆောင်ရမယ်၊ တိုင်းပြည်ကိုလည်း ဒီလိုနမူနာ ပြရမယ်။ အဓိကအားဖြင့် ကိုယ်လိုအပ်တာကို ကိုယ့်ဖာသာကိုယ် ကြိုးစားတဲ့ အပိုင်းမှာ ထင်ထင်ရှားရှား ထူးထူးချွန်ချွန် ပြောင်ပြောင်မြောက်မြောက် လုပ်တယ်ဆိုတာကို တိုင်းပြည်ကို နမူနာပြ အဖြစ်နဲ့ ပုဂံသားတွေက စံပြဖြစ်သင့်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Articles and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *