ငိုညည်းခြင်းသည်ပုဂံသားတို့၏အလုပ်မဟုတ်

ငိုညည်းခြင်းသည်ပုဂံသားတို့၏အလုပ်မဟုတ်

DSC_0558 copy1လောကအလယ်၌ အသက်ရှင်သန်ကြရာ အခက်အခဲ ပြဿနာများကတော့ ရှိမည်မှာ သေချာသည်။ သင်္ဘောကြီးတစ်စင်း သမုဒ္ဒရာထဲသွားလျှင် လှိုင်းတွေ အထပ်ထပ်တွေ့ရသကဲ့သို့ အခက်အခဲပေါင်း မြောက်မြားစွာ တွေ့ရမည်သာဖြစ်သည်။

အခက်အခဲတွေ့တိုင်း ငိုညည်းနေ၍ မရချေ။

အခက်အခဲတွေ့တိုင်း လက်ဖြန့်တောင်းခံနေ၍ မရချေ။

အခက်ခဲတွေ့တိုင်း ဒေါသူပုန်ထ၍ ဆန္ဒပြနေ၍ မရချေ။

အခက်အခဲတွေ့တိုင်း မကျေမနပ်ဖြစ်ကာ လောကကြီးကို စိတ်ချဉ်ပေါက်နေ၍ မဖြစ်ချေ။

အခက်အခဲတွေ့လျှင် ဖြေရှင်းရမည်၊ ကျော်လွှားရမည်၊ ပိုကောင်းအောင် လုပ်ရမည်၊ ကိုယ်ထူ ကိုယ်ထလုပ်ရမည်။ ကိုယ့်ဘက်ကလည်း ၀ီရိယ ဇွဲသတ္တိ ရှိရမည်။ ကိုယ့်ဘက်က ဇွဲသတ္တိမရှိဘဲ အားလုံးကို ကိုယ်လိုရာ တောင်းနေ၍ မဖြစ်ချေ။ ထိုအခါ ပြဿနာပေါင်း သောင်းခြောက်ထောင် ဖြစ်မည်။

မြန်မာနိုင်ငံ၌ ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းကြလျှင် တစ်ဝက် ၀န်းကျင်လောက်က လျော့သွားနိုင်သည်။ ကိုယ့်ပြဿနာကိုယ် ကောင်းစွာ မဖြေရှင်းဘဲ တစ်ပါးသူများကိုသာ လက်ညှိုးထိုး၍ တောင်းဆိုနေလျှင်မူ အလုပ်မဖြစ်ချေ။ တိုင်းပြည်လည်း မငြိမ်မသက် လက်ညှိုးထိုးစရာဖြစ်မည်။ ကိုယ့်တိုင်းပြည်ကိုယ် လေးစားရမည်။ ကိုယ့်တိုင်းပြည်ကိုယ် ဂုဏ်ယူရမည်။ ကိုယ့်တိုင်းပြည်သည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် တိုးတက်နေသည့်သဘောကို ကမ္ဘာ၌ ပြရမည်။

အစစအရာရာ ပြဿနာ လုပ်နေလျှင်မူ ရုပ်ပြမလှချေ။ ထို့ကြောင့် ပုဂံသားတို့၏ လုပ်ငန်းသည် အလုပ်လုပ်ရန်သာ ဖြစ်သည်။ ငိုညည်း၍ ညည်းတွား လက်လျော့ အရှုံးပေးရန်လည်း မဟုတ်ချေ။ ဒေါသူပုန်ထ၍ ရန်လုပ်ရန်လည်း မဟုတ်ချေ။ ကိုယ့်အလုပ်ကိုယ် လုပ်ရမည်၊ ကြိတ်၍လုပ်ရမည်။ စုစုစည်းစည်း စည်းစည်ရုံးရုံးနှင့် ပြေပြေလည်လည် ချေချေငံငံ လုပ်ကိုင်ဆောင်ရွက်လျှင်မူ မြန်မာတို့သည် မအောင်မြင်နိုင်စရာ မရှိကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Articles and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *