ကျွန်တော်တရားရသောအခါ . . .
ကျွန်တော် ဒီအကြောင်းကို ရေးချင်ပြောချင်နေတယ်။ ဘာကြောင့်လည်းဆိုတော့ ပရိသတ်ကြီးကို သတင်းပေးချင်လို့ပါ။ ကျွန်တော် တရားရတဲ့အခါ ဘာဖြစ်သွားလဲဆိုတာကို သတင်းပေးချင်တယ်။ မှန်ကန်ဖို့က ကျွန်တော့တာဝန်ပဲ နှိုင်းနှိုင်းချိန် သုခမိန်လို ဆင်ခြင်စဉ်းစားဖို့က ပရိတ်သတ်ကြီးဘက်က တာဝန်ပဲ ဖြစ်မှာပါ။
ကျွန်တော်တင်ပြမယ် —
ကျွန်တော် တရားရရချင်း ချမ်းသာသွားတယ်။ တော်တော့ကို ချမ်းသာတယ်။ ပျော်တာပေါ့နော်၊ နောက် မြတ်စွာဘုရားနဲ့ တရားပေးတဲ့ ဆရာမြတ်ကြီးကို သိပ်ကျေးဇူးတင်တယ်။ နောက် တရားတော်ကိုလည်း ကျွန်တော် အံ့သြသွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော် တစ်ခုပြောပြမယ် – ဒီဘက်မှာဆင်းရဲရှိရင် ဟိုဘက်မှာ ချမ်းသာရှိတယ်၊ ဒီဘက်မှာ ပျက်တာရှိရင် ဟိုဘက်မှာ မြဲတာရှိတယ်၊ ဒီဘက်မှာမပိုင်တာရှိရင် ဟိုဘက်မှာ ပိုင်တာရှိတယ်။ ဒီတော့ ဆင်းရဲတာက ချမ်းသာတာဆိုတော့ နဲနဲကောင်းတယ်၊ မမြဲတာကနေပြီး တော့ မြဲသွားတယ် ဆိုတာလည်း တော်တော်ကောင်းတယ်၊ မပိုင်တာကနေ ပိုင်တာဆိုတော့ တော်တော်ကို ကောင်းတယ် (ကျွန်တော် အဲဒီလိုပဲခံစားရတယ်)။ “ပိုင်တယ်” အရိယာ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဆိုတာ အပိုင်ပဲ။ အဲဒါအတွက်ကို ပျော်လည်းပျော်တယ်၊ ဂုဏ်လည်းယူတယ်၊ ၀မ်းလည်းသာတယ်၊ တက်လည်း တက်ကြွတယ်၊ အံ့လည်း အံ့သြတယ်၊ တရားတော်ဆိုတာ အဲဒီလောက်ကြီး ကောင်းပါသလားလို့ နားလည်သဘောပေါက်လာ တယ်။ ကုန်ကုန်ပြောရရင်တော့ ပိုင်တာပဲ။ လောကုတ္တရာ အရိယာတို့ရဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ဆိုတာ အပိုင်ပဲ၊ ကိုယ့်ကို အပိုင်စောင့်ရှောက်တာ ဒါကြောင့်မို့လို ကိုယ်သေ သေချင်သလိုသေ သေချင်တဲ့နေရာသေပဲ သူက စောင့်ရှောက်တာကိုး။ ဒါကြောင့် အရိယာတွေဟာ လှိမ့်လှိမ့်လှဲလှဲ သံသရာမှာ ဘာမှ မဖြစ်တော့တာပဲ။
ပိုင်သွားတယ်ဆိုတာ တော်တော် အံ့သြစရာကောင်းတယ်။ ဒီလောကမှာ ပိုင်တယ်ဆိုတာ ကျွန်တော်တို့ ဟာ စဉ်းစားလို့ကို မရဘူး။ ဘယ်ဟာမှ စဉ်းစားလို့မရဘူး။ ပိုင်တယ်ဆိုတာ လောကုတ္တရာ မဂ်ဥာဏ် ဖိုလ်ဥာဏ် အရိယာရဲ့ ဥာဏ်ကိုရတဲ့အခါ ပိုင်သွားတယ်၊ ဒါကို ကိုယ်တိုင်သိရတော့ အံ့သြတာပေါ့။ သိပ်ပြီးတော့လည်း သဘောကျတာပဲ။ သိပ္ပံပညာရှင်တစ်ယောက် သဘာဝရဲ့ လျှိ့ဝှက်ချက်တစ်ခုကို တွေ့ရင် ပျော်တယ်ဆိုတာက သာမညပဲ။ တရားတွေ့တဲ့အခါမှာ ပျော်တဲ့အပျော်ကတော့ အံ့သြဖွယ်ရာ အရမ်းကောင်းလို့ အတိုင်းမသိပါပဲ။
ဒါလည်း ကျွန်တော် ပရိတ်သတ်ကို ခင်လွန်းလို့ ဖွင့်ပြောတာပါ။ ပရိတ်သတ်ကို ကျွန်တော်က ခင်တယ်၊ လေးစားတယ် ဒီတော့ ကျွန်တော် သတင်းလေးတွေ ပေးချင်တယ်။ ဒီအတွက် ကျွန်တော်ကြိုးစားတာပါ။ ဒါကို Website မှာတော့ လွတ်လပ်လို့လည်း ကျွန်တော်ပြောတာပါ။ ကျွန်တော် အထင်ကြီးခံစရာလည်း မလိုပါဘူး။ တကယ်တော့ ကျွန်တော့ စာဖတ်ပရိသတ်ကို ကျွန်တော်လည်း တိုက်ရိုက် မြင်ဘူးတွေ့ဘူးတာလည်း မဟုတ်ပါဘူး။ ကျွန်တော့ဖာသာ ရင်ထဲက ခင်နေတာပါ၊ မှန်းပြီးတော့ ခင်နေတာပါ။ ဘယ်သူဘယ်ဝါ ဆိုတာလည်း ကျွန်တော်မသိပါဘူး။ ပုဂ္ဂိုလ်စွဲနဲ့လည်း မသိတာ အမှန်ပါ။ ဒါပေမယ့် ကျွန်တော့စာကို ဖတ်နေတော့ ကျွန်တော့မှာလည်း တာဝန်သိသိ သစ္စာရှိရှိ လုပ်စရာလေးတွေ ရှိလိမ့်မယ်ဆိုပြီးတဲ့နောက် ကျွန်တော်လုပ်တာ ပါ။
ကျွန်တော် ဒီလို ဖွင့်ပြောလိုက်ရတာ ၀မ်းသာပါတယ်။ တရားတော်ကိုလည်း အရမ်း အံ့သြနေမိတယ်။ ကျွန်တော်ဟာ တရားဆက် မကြိုးစားပဲ မနေနိုင်တော့သလို ဖြစ်သွားပြီဆိုတာကိုတော့ ဖွင့်ဝန်ခံပါတယ်။ အားလုံးလည်း တရားရစေချင်တယ်။ ရစေချင်သလိုလည်း ဖြစ်နိုင်လို့ ဒီသာသနာမှာ အရိယာ ဖြစ်နိုင်တယ် တယ်ဆိုတာ အားပေးရင်းနဲ့ ယခုလို ဖွင့်ပြောလိုက်ရခြင်း ဖြစ်ပါတယ်။
ဒေါက်တာချစ်ငယ်(ဒဿန)
M.A, PhD (Philosophy in Religious Sciences) LONDON.
chitngephilo@chitnge.com
မြန်မာနိုင်ငံ
Tags:
Buddhism,
Myanmar Posts,
ဆရာမြတ်ကြီး,
မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်,
သာသနာ,
လောကုတ္တရာ