အောင်ပန်းမွှေးလှိုင်ကြူ (၂)

Share

(၂)

ဖြတ်သန်းခဲ့ရပါတယ်

bism07မြတ်စွာဘုရားရဲ့တရားတော်မှာ နုပဿနာလေးမျိုးမှာ စာရေးသူဟာ သုံးမျိုးကိုတော့ သေသေချာချာ ဖြတ်သန်းခဲ့ရပါတယ်။ ဝေဒနာနုပဿနာ ရှုတုန်းကလည်း တပင်တပန်းရှုခဲ့ရတယ်လို့ ၀န်ခံရမှာ ဖြစ်ပါတယ်။ တော်တော်လည်း ပင်ပန်းပါတယ်။ ဆရာမြတ်ကြီးက ပင်ပန်းတာတွေကို မြင်လို့ စိတ္တာနုပဿနာကို တက်ပေးပါတယ်။ ဒီအခါကျတော့ စာရေးသူတို့ဟာ စိတ္တာနုပဿနာကို ရှုကြပါတယ်။ တစ်ချို့ကလည်း ရှုခန်းကျမှ ၀င်ရောက်လာလို့ သူတို့က ကံထူးသူအဖြစ် လက်မထောင်ကြတယ်။ ဒါတော့လည်း သာဓုခေါ်ပါတယ်။ တရားအားထုတ်တာ ဘယ်အချိန်မှာ ၀င်ဝင် ကောင်းတာချည်းပါပဲ။

စိတ္တာနုပဿကို စာရေးသူအဖို့တော့လည်း တော်တော်ကို ပြင်းပြင်းထန်ထန် ရှုခဲ့ရတာပဲ။ စိတ်ဆိုတာ တော်တော်ဆိုးတာပဲဆိုတာ စိတ္တာနုပဿနာရှုတော့ သိရတယ်။ ယောဂီများလည်း သိမှာပါ။ စိတ်ဆိုတာ တော်တော်ဆိုးတာပါပဲ။ အတော့်ကို ရှုခဲ့ရပါတယ်၊ ပယ်ပယ်နယ်နယ် ရှုခဲ့ရပါတယ်။

အဲဒီကလွန်လာတော့ ဓမ္မာနုပဿနာ ရှုပါတယ်။ အခုတော့ ဓမ္မာနုပဿနာ ရှုတဲ့အပိုင်းက ပိုများပါတယ်။ ဒီတော့လည်း တော်တော့လည်း သက်သာပါတယ်။ တရားတော်ရဲ့ ဂုဏ်ကျေးဇူးပါပဲ။ တစ်ခါတစ်ခါ စဉ်းစားမိတယ် ဆိုးတဲ့ကလေးဖြစ်ဖြစ်၊ ဆိုးတဲ့ တိရိစ္ဆာန်ကိုပဲဖြစ်ဖြစ် ရိုက်နှက်ဆုံးမရတာပေါ့၊ ငေါက်ငန်းဆုံးမရတာပေါ့၊ ပြင်းပြင်းထန်ထန် ဆုံးမရတာပေါ့။ အဲ အတော်အသင့် ဆုံးမပြီးတဲ့နောက် လိမ္မာသွားပြီဆိုတော့လည်း ဓမ္မာနုပဿနာ ရှုသလိုပဲ ညက်ညက်ညောညော အကျိုးအကြောင်းလေးပြောလိုက်၊ လိမ္မာအောင်ပြောလိုက် ချော့ပြောလိုက်နဲ့ အောင်မြင်တာပါပဲ။

ဒီတော့ စာရေးသူတို့ ခုရှုနေတဲ့ ဓမ္မာနုပဿနာကတော့ တော်တော့ကို ညက်ညောပါတယ်။ အောင်လည်း အောင်မြင်ပါတယ်။ ချမ်းချမ်းသာသာလည်း ရှိပါတယ်။ ရှုတဲ့အခါကျတော့ ဟာတာတွေ၊ ပေါ့တာတွေ၊ လွတ်တာတွေ၊ ငြိမ်တာတွေ တွေ့ရတာကိုး ဓမ္မသဘာဝတွေ တွေ့ရတော့ နူးညံ့သိမ်မွေ့တာပေါ့နော်။ ဒီတော့လည်း ချမ်းသာပါတယ်။

ဒီလိုမချမ်းသာခင်ကတော့ အပြင်းအထန် ဖြတ်သန်းခဲ့ရတဲ့ ဝေဒနာနုပဿနာတို့ စိတ္တာနုပဿနာတို့ကိုတော့ မမေ့ပါဘူး၊ ကျေးဇူးတင်ပါတယ်။ သူတို့ကို ဖြတ်သန်းနိုင်လို့လည်း အခုလို ညက်ညက်ညောညောလေး ဆင်ခြင် နိုင်တာ ဖြစ်ပါတယ်။ ယောဂီတိုင်းဟာတော့ ဖြတ်သန်းရမှာပါပဲ။

စာရေးသူကတော့ စိတ္တာနုပဿနာကို အားပေးတယ်၊ ပေါ်တဲ့စိတ် အနိစ္စရှု ပြီးတာပဲ။ ရှုဖန်များရင် ဓမ္မာနုပဿနာ တက်မှာပဲ၊ ဓမ္မာနုပဿနာကျတော့ သိမ်သိမ်မွေ့မွေ့လေး ဆင်ခြင်လိုက်ရုံပါပဲ။

ဒီတော့ အားပေးပါတယ်၊ ဖြတ်သန်းခဲ့ပါတယ်။ စာရေးသူတို့လည်း မိုးပေါ်ကကျလာတာ မဟုတ်ပါဘူး။ ဒီလိုပဲ ခါးတောင်းကြိုက်ပြီးတော့ ရုန်းခဲ့၊ ကန်ခဲ့ရင်းနဲ့ နောက်ပိုင်း အောင်မြင်လာလို့ အချောကိုင်တာ ဖြစ်ကြောင်း သတင်းကောင်း ပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *