အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5)

Share

အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5)

ကိုနန်းအောင် နှင့် ဦးချစ်ငယ် တို့၏ ဆွေးနွေးခန်း ( ၄ )

ဉာဏ်အကြောင်း

ငယ်    ကိုနန်းအောင် ဉာဏ်ဆိုတဲ့အကြောင်း ကောင်းကောင်းနားလည်အောင် အသေးစိတ် ရှင်းပြစမ်းဗျာ။

နန်း     ဉာဏ်ဆိုတာ စိတ်ကဖြစ်လာရတဲ့ အရာပါဘဲဗျာ၊ ဒါပေမယ့် ထူးဆန်းတာတော့ ရှိတယ်၊ အဲဒါဘာလဲ ဆိုတော့ ဉာဏ်ကို စိတ်ကနေ တည်ဆောက်ရတယ်၊ ဉာဏ်ဖြစ်လာလျှင်တော့ စိတ်ကို ပယ်စွန့်ရတယ်၊ နီးစပ်တဲ့ ဥပမာတစ်ခုပြောရလျှင် ကလေးကနေ လူကြီးဖြစ်လာတယ်၊ လူကြီးဖြစ်လာတော့ ကလေးစိတ် ပယ်ပစ်ရတယ်၊ ဒီသဘောမျိုး ဥပမာအတိုင်း ပါဘဲ။

ငယ်    ဉာဏ်တည်ဆောက်ဖြစ်ပေါ်လာပုံတော့ အနည်းငယ် ရိပ်မိပါပြီ၊ ဉာဏ်ရဲ့ ဂုဏ်ရည်တွေကိုလည်း ပြောပြ ဦးလေဗျာ။

နန်း     ဉာဏ်မှာတော့ စိတ်ထက်ပိုပြီး ဓမ္မဓိဋ္ဌာန်ကျတဲ့ ဂုဏ်ရည်တွေ ရှိတာပေါ့ဗျာ၊ ဉာဏ် အကြီးအသေးတော့ ရှိတယ်နော်။ ဉာဏ်ဆိုတာတော့ ဉာဏ်ဘဲ၊ ဒါပေမယ့် အကြီးအသေးတော့ရှိတယ်၊ ကျောင်းသား ဆိုတာတော့ ကျောင်းသားဘဲပေါ့ဗျာ၊ ဒါပေမယ့် အတန်းချင်း ကွဲပြားခြားနားတာတွေတော့ ရှိသလိုပေါ့။

ငယ်    ခင်ဗျားပြောတဲ့ဉာဏ်ကို ကျွန်တော်နှစ်ခြိုက်တယ်ဗျာ၊ သဘောကျတယ်၊ ခင်ဗျားသာ ခင်ဗျားပြောတဲ့ ဉာဏ်မျိုးရှိတာ အမှန်ဆိုလျှင် ခင်ဗျားကိုလည်း ကျွန်တော် သဘောကျတယ်၊ လေးစားတယ်ပေါ့ဗျာ။

နန်း     ကျွန်တော့်မှာ ဉာဏ်ရှိပါတယ်လို့ ကျွန်တော် ပြောပြပြီးပြီဘဲဗျာ၊ ဒါပေမဲ့ ဒီလိုတော့ ရှိတာပေါ့၊ အသေး အကြီး သဘောပေါ့ဗျာ၊ ကျွန်တော့်ဉာဏ်က သေးချင်သေးမှာပေါ့၊ နောက် ဉာဏ်ကို အသုံးမပြုဘဲ ဘေးချထားလျှင်လည်း ဉာဏ်မရှိသကဲ့သို့ ဖြစ်တတ်သေးတယ်ဗျ၊ အဲဒါကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။

ငယ်    ပြောပြဦးလေဗျာ။

နန်း     ဉာဏ်ရှိပြီး ဉာဏ်ကို တန်ဖိုးမထားမိဘဲ ဘေးဖယ်ထားတဲ့အချိန်မှာ ဉာဏ်မရှိသကဲ့သို့ စိတ်နဲ့ အလုပ်လုပ်သွားလျှင်လည်း စိတ်သမားဘဲ ဖြစ်သွားနိုင်တယ်။ ဉာဏ်သမားအဖြစ်မှ ခဏဖြစ်စေ ရပ်စဲ သွားတယ်။ ဥပမာ ဆိုပါတော့ဗျာ၊ ငွေတွေရှိပေမယ့် အသုံးမပြုမိဘဲ တရားသေ သိမ်းထားလိုက်တော့ အကျိုးရှိတဲ့ အခွင့်အရေးတွေမှာ ငွေမသုံးဖြစ်နိုင်ဘဲ လက်လွတ်ခံလိုက်ရတဲ့ သဘောမျိုးပေါ့။

ငယ်    ဉာဏ်အကြောင်းကို ကျွန်တော် အသေးစိပ် နားလည်ချင်တယ်ဗျာ။

နန်း     ဉာဏ်အကြောင်းကို အသေးစိပ် နားလည်ပြီဆိုလျှင်တော့ လူ့အသိပညာရဲ့ အထွဋ်အထိပ်ပိုင်းကို ချင်းနင်း ၀င်ရောက်သွားပြီလို့ ကြွေးကျော်နိုင်တာပေါ့ဗျာ။

ငယ်    ခင်ဗျားရော ကြွေးကြော်ပြီးပြီလား။

နန်း     ဒီအဖြေ ဖြေဖို့က စောဦးမယ်ထင်တယ် ကိုချစ်ငယ်။

ငယ်    ဟာ — ခင်ဗျားကလည်း အချင်းချင်းဘဲ စောတယ်၊ နောက်ကျတယ် ရှိနေရဦးမှာလား။

နန်း     ပရိသတ်က ရှိသေးတယ်လေဗျာ။

ငယ်    ဟာ — ပရိသတ်က NO PROBLEM ( နိုးပရော်ဗလင် ) ဘဲဗျာ၊ ပြဿနာ မရှိပါဘဲ၊ ပရိသတ်ကတော့ ခင်ဗျားနဲ့ကျွန်တော် ဆွေးနွေးကြတာကို စိတ်ဝင်စားချင်လည်း စိတ်ဝင်စားမယ်၊ မ၀င်စားချင်လည်း မ၀င် စားဘူး၊ စိတ်ဝင်စားလျှင်လည်း ဆက်ဖတ်ကြမှာပေါ့။

နန်း     ကောင်းပြီလေဗျာ၊ ဒီလိုဆိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာပေါ့၊ ကျွန်တော့်အဆင့်ကတော့ အတော်အသင့် အတိုင်းအတာ အထိတော့ ကြွေးကျော်နိုင်ပြီ။

ငယ်    အဲဒါကို နားမလည်နိုင်တာဘဲဗျာ။

နန်း     ကောင်းပါပြီဗျာ၊ ခင်ဗျားနားလည်ဘို့ ကျွန်တော်တာဝန်ယူရမှာပေါ့ဗျာ၊ ဘာလို့လည်းဆိုတော့ ကျွန်တော့် အခြေအနေက အမှန်တရားကြီးဘဲဟာ။ ဒီတော့ ဟုတ်ရာမှန်ရာ ဖွင့်ဆိုတတ်ရမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်။

ငယ်    စိတ်ရှည်လက်ရှည်တော့ ပြောဗျာ၊ ကျွန်တော့်ကို အထင်ကြီးပြီး မပြောနဲ့။

နန်း     အစကတည်းက ရိုးရိုးလူတစ်ယောက် နားလည်နိုင်အောင် ပြောလာခဲ့ကြတာဘဲ မဟုတ်လားဗျာ၊ အခြေခံကျကျ လေးတွေ တင်ပြရမှာပေါ့။

ငယ်    အဲဒါ ကျွန်တော်လိုချင်တဲ့ ပုံစံဘဲဗျာ။

နန်း     ကျွန်တော် လက်လှမ်းမီသမျှတော့ ထွန်းပေါ်လာကတည်းက ခန္ဓာဉာဏ်ရောက်တို့၊ ဖြစ်ပျက်ကို မြင်အောင်တို့ ဖြစ်ပျက် ဆုံးရမယ်တို့ဆိုတဲ့ စကားတွေ ပေါ်ပေါက်လာခဲ့တာဘဲဗျ။

ငယ်    အဲဒီစကား သုံးခွန်းကို ထပ်ပြီးရှင်းပြဦးဗျာ။

နန်း     ခန္ဓာဉာဏ်ရောက်ဆိုတာ ခန္ဓာအပေါ် ခန္ဓာနဲ့ဘဲ မနေနဲ့ဆိုတဲ့ သဘောပဲဗျ။ ဆရာတော်ကြီးက ခန္ဓာကိုယ်ကို အလိုမရှိတဲ့ သဘောဘဲဗျ၊ ဟောတော်မူတာ – ခန္ဓာကိုယ်ကို မပွားနဲ့ ဆိုတဲ့သဘောပေါ့၊ ခန္ဓာက အပယ်တရား၊ မပိုင်တရားဘဲ၊ အပွားတရား မဟုတ်ဘူးပေါ့၊ အပွားတရားက ဉာဏ်ဘဲမဟုတ်လား၊ ဒီလိုဘဲ ဆရာတော်ကြီး ဆိုလိုတော်မူခဲ့တယ်။

ငယ်    ဖြစ်ပျက်ကို မြင်ဘို့ဆိုတာလည်း လုပ်ဦးလေဗျာ။

နန်း     ဖြစ်ပျက်ကို မှတ်ဘို့ မဟုတ်ဘူးဗျ၊ ဉာဏ်နဲ့မြင်ဘို့။

ငယ်    ဒီကိစ္စကတော့ မလွယ်ဘူးနဲ့တူတယ်။

နန်း     ဆရာကောင်းနဲ့ တွေ့လျှင် လွယ်ပါတယ်ဗျာ။

ငယ်    ခင်ဗျားကတော့ ပြောအားရှိတာပေါ့လေ။

နန်း     ကျွန်တော်သာ ပြောအားမရှိလျှင် ခင်ဗျားရဲ့ စာဖတ်ပရိသတ်တွေ အခွင့်အရေးတွေ လက်လွတ်ကုန်မှာပေါ့။

ငယ်    အင်း — ဒါလည်းဟုတ်တာဘဲ၊ ဒါပေမယ့် ကျွန်တော်က ခင်ဗျားပြောသမျှ ရေးမှာမဟုတ်ဘူး၊ ကျွန်တော် ဘ၀င်ကျမှ ရေးမှာ၊ ကျွန်တော့်မှာလည်း တာဝန်ရှိတာပဲ။

နန်း     ဒီလိုဆို ပွဲပြီးပြီပေါ့ဗျာ၊ ကျွန်တော့်မှာလည်း ခင်ဗျားဘ၀င်ကျရုံလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်၊ စာဖတ်ပရိသတ်ကြီး ဘ၀င်ကျအောင် ခင်ဗျားရေးဘို့ကိုသာ ကျွန်တော်စိုးရိမ်တာ။

ငယ်    ဒါတော့ မစိုးရိမ်ပါနဲ့ဗျာ၊ ကျွန်တော်လည်း စာရေးဆရာတစ်ယောက်ဘဲဟာ။

နန်း     ကောင်းပြီ၊ ခင်ဗျားပရိသတ် လက်ခံနိုင်အောင်သာ ဖော်ပြပေတော့၊ ကျွန်တော့်ဘက်ကတော့ ပြောချ လိုက်တော့မယ်၊ နားဆင်ပေတော့။

ငယ်    အစကတည်းက နားဆင်လာတာ၊ အခုဆိုပိုပြီး ဆင်ပီပေါ့ဗျာ၊ ပြောမှာသာ ပြောပေတော့။

နန်း     ဒီလိုရှိတယ်ဗျာ၊ ကျွန်တော်သစ္စာတရား လိုက်စားတော့ ကျွန်တော့်ဆရာမြတ်ကြီးကို ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် ဖူးမြော် တပည့်ခံခွင့်ရလိုက်တယ်၊ ဆရာမြတ်ကြီးက “ တရားလိုချင်လျှင် လက်တွေ့ကျင့်ရမယ်၊ တရားလိုချင်လျှင် တရားရလိုခြင်းမှ အပ ကျန်အရာများကို အချိန်ပေးဝင်စားခြင်း မပြုပါ ဆိုတဲ့ အာမခံချက် ပေးရမယ် ” လို့ အမိန့််ရှိတယ်၊ ကျွန်တော်ကလည်း ပြတ်ပြတ်သားသား တစ်သဝေမတိမ်း ကျင့်ကြံအားထုတ်ခဲ့တယ်၊ အဲ့ဒီလို အားထုတ်ဘူးသူရဲ့ ဖွင့်ဟ၀န်ခံချက်မျိုးမို့ လူသာမန်လို သဘောထားပြီး အလွယ်တကူ တန်ဖိုးဖြတ် မှားမသွားစေချင်ဘူး။

ငယ်    စိတ်ချပါဗျာ တန်ဖိုးရှိတဲ့အရာကို ကျွန်တော် ဘယ်တော့မှ တန်ဖိုးမဲ့ မလုပ်ပါဘူး။

နန်း     ကောင်းပြီ၊ ဆက်နားထောင်၊ ကျွန်တော် အဲဒီလို ကျင့်ကြံအားထုတ်လာတဲ့အခါမှာ ဆရာမြတ်ကြီးရဲ့ ဂရုဏာတော်ကို ခံယူရရှိပြီး ဆရာ့ပညာတော်တွေကို ကျွန်တော့်ကို ပေးသွားတယ်၊ ကျွန်တော်ဟာ ဆရာမြတ်ကြီးရဲ့ အမွေစား အမွေခံ သားတပည့်တစ်ဦးဘဲ။

ငယ်    ခင်ဗျား ဆရာမြတ်ကြီးနဲ့ ခင်ဗျားရဲ့ နာခံကျင့်ကြံမှုတွေကို ကျွန်တော် တော်တော်တန်တန် သိပြီးသားပါဗျာ ရဲရဲသာ ပြောပါ။

နန်း     ကျင့်စဉ်ဆိုတာ ကိုယ့်ဖာသာကျင့်လို့ မကောင်းဘူးဗျ၊ ဆရာသမား အနားမှာ ရှိမှကောင်းတာ။

ငယ်    ခင်ဗျားဆိုလိုတဲ့ အဓိပ္ပါယ်က။

နန်း     ကျွန်တော်ဆိုလိုတဲ့ အဓိပ္ပါယ်က ဆရာသမားက အနားကနေ မေတ္တာပို့ အားပေး အားမြှောက် အလုပ်လုပ် ပေးနေရတာ။

ငယ်    ဆရာ့အကူအညီ လိုအပ်တယ်ပေါ့။

နန်း     ၀ိပဿနာဆိုပြီး ကျင့်တာဆရာမပါလျှင် အရာမရောက်ဘူးဗျ၊ သမထဘဲ ဖြစ်သွားနိုင်တယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

စာမူခွင့်ပြုချက်အမှတ် = ၂၅၉/၂၀၀၁(၄)

(ဆက်လက်ဖော်ပြပါမည်)

Admin: www.chitnge.com

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

One Response to အရိယာ ရဟန္တာ နိဗ္ဗာန် ဝိပဿနာကျင့်စဉ် ဆွေးနွေးခန်းများ(5)

  1. ပန်းသဇင် says:

    တရားလိုချင်လျှင် လက်တွေ့ကျင့်ရမယ်၊ တရားလိုချင်လျှင် တရားရလိုခြင်းမှ အပ ကျန်အရာများကို အချိန်ပေးဝင်စားခြင်း မပြုပါ ဆိုတဲ့ အာမခံချက် ပေးရမယ် ” လို့ ဆရာကြီးတို့ ဆွေးနွေး သော တရားစကား အလွန်ပင်မှန်ကြောင်း ထောက်ခံပါသည်။
    ဒါပေမဲ့ သမီးတို့လို အလုပ်တဘက် နှင့် တရားအားထုတ်လျှင် တရားရရှိမှု နှေးကွေး နိုင်ပါသလား ဆရာကြီးရှင့်။
    အလွန်ပင် တန်းဘိုးရှိသော စိတ်ဝင်စားပြီး ဖတ်လို့ကောင်းသော (ဖတ်ပီးရင်းဖတ်ချင်နေမိသော ) ပိုစ်ကောင်းတစ်ပုဒ် ဖြစ်ပါသည်။
    ဆက်ပီးလဲ စောင့်ပီး ဖတ်နေပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *