ပရဟိတလုပ်ပြီးပြည်သူလူထုကိုတန်ဖိုးမဲ့အောင်မလုပ်ပါနဲ့

ပရဟိတလုပ်ပြီးပြည်သူလူထုကိုတန်ဖိုးမဲ့အောင်မလုပ်ပါနဲ့

 Stable (2)ပရဟိတလုပ်ပြီး ရိုးရိုး ပြည်သူလူထုကို တန်ဖိုးမဲ့အောင် မလုပ်ပါနဲ့ ဒီခေတ်က ပရဟိတခေတ် ဆိုရင်တောင် မမှားပါဘူး။ ပရဟိတတွေ လုပ်ကြတာ သိပ်လည်းကောင်း ကောင်းပါတယ်။ အရမ်းကောင်း တယ်လို့ အားပေးချီးမြှင့်နေတဲ့ အချိန်မှာ ပရဟိတ လုပ်ဆောင်သူတွေက ပရဟိတ မလုပ်ဆောင်နိုင် သူတွေကို တန်ဖိုးမဲ့ကြောင်း ပြောလာတဲ့အသံတွေ ထွက်လာတယ်။ ဒါကတော့ မဟုတ်သေးပါဘူး။ ပရဟိတကို ကိုယ်ဝါသနာပါလို့ ကိုယ်လုပ်တာ လုပ်ပါ။ အဲဒီအထိလုပ်ပါ ရတယ်လေ။

 

ဒါပေမယ့် ပရဟိတမလုပ်တဲ့ ပြည်သူတွေ၊ ရိုးရိုးသားသားနဲ့ သူ့လုပ်ငန်းသူ လုပ်နေတဲ့ပုဂ္ဂိုလ်တွေကို တန်ဖိုးမဲ့ဖြစ်အောင် လေသံလွှင့်တာကတော့ စော်ကားရာကျတယ်။ ဒါမျိုးမစော်ကားပါနဲ့။ ဒီလိုဆို ဘာလို့ ပရဟိတ လုပ်နေသေးသလဲ။ ပြည်သူလူထုကို စော်ကားခွင့်ရအောင် ပရဟိတလုပ်တာလား ဒီလိုမေးလာ လိမ့်မယ်။ ဒီလိုဆိုရင် ဘယ်လိုလုပ်ဖြေမလဲ။

 

ပရဟိတလုပ်ရင် ကိုယ့်ဖာသာကိုယ်လုပ်ပေါ့။ ကောင်းပါတယ်။ သာဓုခေါ်ပါတယ်။ ဒါတောင် သာဓု ခေါ်တယ် ဆိုတာလေ တကယ်တမ်းကျတော့ ပြည်သူလူထုက သိပါတယ်။ ဘယ်ပရဟိတ လုပ်တဲ့ပုဂ္ဂိုလ် တွေဟာ ဘာအကျိုးကို မျှော်တယ်ဆိုတာ ပြည်သူလူထုက လုံးဝသိတယ်။ ပြည်သူလူထုက လုံးဝ ငဲ့ညှာတယ်။ အင်မတန်မှ နားလည်မှုရှိတယ်။

 

တစ်ချို့လည်း ကိုယ်ကိစ္စမဟုတ်ဘဲနဲ့ ပရဟိတ ၀င်လုပ်သလိုလိုနဲ့ ဗန်းပြ လုပ်နေတာတွေ ရှိသားပဲ။ ပြည်သူလူထုက မမြင်လို့ မဟုတ်ဘူး။ ပြည်သူလူထုကို လျှော့မတွက်ပါနဲ့။ ဒီအထဲ ပြည်သူလူထုကို တန်ဖိုးမဲ့ ဖြစ်အောင် ပြောကြတာကတော့ တော်တော့ကို မိုက်မှားတာပဲ။ ပြည်သူလူထုဟာ သူ့တန်ဖိုးနဲ့သူ ရှိပြီးသား ဖြစ်တယ်။ လာပြီး မစော်ကားပါနဲ့။ ကိုယ်ဝါသနာပါရင် ကိုယ့်ဖာသာကိုယ် ပရဟိတ လုပ်ကြပေါ့။ ကိုယ့်ဖာ သာကိုယ် အိမ်လုံးချွတ်လှူလှူ ဘာလှူလှူ ဒါကတော့ လှူနိုင်ပါတယ်။

 

သို့သော်လည်း ပြည်သူလူထု ရိုးရိုးသားသား အသက်ရှင်သန်နေတဲ့ ပုဂ္ဂိုလ်တွေကို လာပြီးတော့ “ငါတို့က ပရဟိတ လုပ်ရတယ်၊ ဒါကြောင့် ဒို့်က တန်ဖိုးရှိတယ်။ ဒင်းတို့က ပရဟိတ မလုပ်ဘူး။ ဒါ့ကြောင့် တန်ဖိုးမရှိဘူး” ဆိုတဲ့ ပုံစံမျိုးတွေ အသံထွက်လာတော့ တော်တော် မကောင်းတဲ့ အသံတွေ ဖြစ်ပါတယ်။

 

ပရဟိတ လုပ်တဲ့ပုဂ္ဂိုလ်တွေဟာ ရိုးသား စင်ကျယ်ပါစေ။ သန့်စင်သော အကျိုးအမြတ်အတွက်ပဲ ဖြစ်ပါစေ။ ပြည်သူလူထုကို နှိမ်ခွင့်ရအောင်လို့ ပရဟိတ လုပ်တယ်ဆိုရင်တော့ အတော်ကို တန်ဖိုးမရှိတဲ့ ပရဟိတ လုပ်ငန်းတွေ ဖြစ်သွားမယ်။ ဒါကို အထူးသတိထားသင့်ကြောင်း ပွင့်ပွင့်လင်းလင်း တင်ပြလိုပါတယ်။

 

တစ်ချို့လည်း ကိုယ်တာဝန်မဟုတ်ဘူး။ ဒါပေမယ့် ပရဟိတ လုပ်တယ်ဆိုတဲ့ ဂုဏ်ကိုလိုချင်တာနဲ့ ကိုယ့် တာဝန်လိုလို ဘာလိုလို လုပ်နေကြတယ်။ တာဝန်ကတစ်ခြား လုပ်ဆောင်ချက်က တစ်ခြားပဲ။ ဒါပေမယ့် ပြည်သူလူထုက နားလည်ပေးပါတယ်။ ပရဟိတ လုပ်နေတဲ့ ကာလပတ်လုံးတော့ ပြည်သူလူထုက နားလည်ပေးပါတယ်။ သို့သော်လည်း ကိုယ့်အလုပ် ဟုတ်ရဲ့လား၊ ကိုယ့်တာဝန် ဟုတ်ရဲ့လား ဆိုတာကို ပြည်သူလူထုက မမြင်လို့ မဟုတ်ဘူး မြင်တယ်။ သို့သော်လည်း သက်ညှာစွာနဲ့ စဉ်းစားဆင်ခြင်ပေးနေတာ ဖြစ်တယ်။

 

တကယ်တော့ ပြည်သူလူထုကို လျှော့မတွက်ပါနဲ့ အထူးသဖြင့် ပြည်သူလူထုတွေကို တန်ဖိုးမဲ့အောင်လို့ ပြောတဲ့စကားကတော့ လုံးဝ ရှုံ့ချကြောင်း သတင်းကောင်းပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , . Bookmark the permalink.

One Response to ပရဟိတလုပ်ပြီးပြည်သူလူထုကိုတန်ဖိုးမဲ့အောင်မလုပ်ပါနဲ့

  1. U OAK TTTK says:

    မှန် ပါ တယ်။ မြတ် ဗု ဒ္ဓ သာ သ နာ တော် မှာ အ ဆို ဆုံး မ တွေ ရှိ ပါ တယ်။ သ စ္စာ သိ မှ ဘ ဝ ဟာ တန် ဖိုး ရှိ တယ်။ သ စ္စာ မ သိ ခဲ့ လို သံ သ ရာ မှာ တန် ဖိုး မဲ့ တဲ့ ဘ ဝ တွေ မ ရေ တွက် နိုင် ပါ ဘူး။ ဒါ ကို ဘေး ချော် ပြီး ပြော ဆို နေ သူ များ ပ ရ ဟိ တ ဗန်း ပြ ပြီး စီး ပွား ရှာ လုပ် စား နေ သူ များ သ တိ ထား ဆင် ခြင် သင့် ပါ ကြောင်း။
    U Oak TTTK

Leave a Reply

Your email address will not be published. Required fields are marked *