အလိုတော်ပြည့်ဘုရား၌ဒုတိယအကြိမ် တရားအားထုတ်ခြင်း

Share

အလိုတော်ပြည့်ဘုရား၌ဒုတိယအကြိမ်

တရားအားထုတ်ခြင်း

စာရေးသူတို့သည် ပုဂံမြို့ပေါ်ရှိ ဘုရားများအား အကျင့် ပဋိပတ္တိတရားဖြင့် ပူဇော်လေ့ရှိရာ ယခုအခါ ဘုရားပေါင်း (၂၀)၀န်းကျင်လောက် ရှိနေပြီ။ ဘုရားသုံးလေးဆူမှာတော့ တစ်ကြိမ်မက နှစ်ကြိမ်၊ သုံးကြိမ် ထိုင်ခဲ့ဖူးပါသည်။ ယခု အလိုတော်ပြည့်မှာ ဒုတိယအကြိမ် တရားအားထုတ်ခြင်း ဖြစ်ပါသည်။ ရင်ပြင်တွင် လေကလေးကလည်း တဟူးဟူး၊ ဘုရားမီး ပူဇော်ထားသည်မှာလည်း ထိန်ထိန်လင်းသဖြင့် နေရာကောင်း လေးအဖြစ် ရွေးချယ်၍ တရားအားထုတ်ဖြစ်ခြင်း ဖြစ်သည်။

တရားအားထုတ်သည် ဆိုလျှင်ပင် ပထမအကြိမ်က အလိုတော်ပြည့်ဆိုသော ဘွဲ့တော်ကို သတိရကာ အလိုများ ပြည့်စေနိုင်စွမ်း ရှိပေလိမ့်မည်ဟု တူသောအကျိုးပေခြင်းဖြင့် မျှော်ကိုးနိုင်သည်။ ဒုတိယအကြိမ် တရားအားထုတ်သောအခါ တရားအားထုတ်၍ ကောင်းပါသည်။ ၌ အရှုခံတရားများသည် သိပ်သည်းမှု ကြံ့ကြံ့ခံမှုများ မရှိမူ၍ ရှုဉာဏ်၏အောက်၌ ပျက်ပျက်သွားသည်။ စာရေးသူ အစီရင်ခံသည့်အတိုင်း ရှုဖန်များသောအခါ ရှုဉာဏ်သည် အားကောင်းလာသည်။ ရေများရေနိုင် မီးများ မီးနိုင်ဆိုသကဲ့သို့ ဖြစ်ဟန်တူ သည်။ ရှုဉာဏ် အားကောင်းသောအခါ အရှုခံတရားများသည် ပျက်လွယ်သည်။

ထို့ကြောင့် ရှုလေရှုလေ ရှုလို့ကောင်းလေ ဖြစ်သည်။ အရှုခံ တရားများသည်လည်း ရှုဖန်များသောအခါ လျှော့နည်း၊ ပါးလျ၊ ကုန်ဆုံးလွယ်သည်။ ထို့ကြောင့် ရှုရသည်မှာ ပျော်နေသည်။ ဤနေရာ၌ တင်ပြလိုသည်မှာ အချို့က တရားအားထုတ်တာပဲဗျာ ပျော်ရမလား? ဟူ၍ အပြစ်တင်လိုကြသည်။ ထိုအပြစ်တင်လိုသူများသည် မှားယွင်းပါသည်။ အမှန်မှာ တရားသည် ပျော်စရာ အကောင်းဆုံး ဖြစ်ပါသည်။ အများလည်း သိပါသည်၊ သဗ္ဗရတိံ ဓမ္မရတိဇိနာတိ ဆိုသော စကားအတိုင်း တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်း အကောင်း ဆုံးပင် ဖြစ်သည်။

ထို့ကြောင့် တရား၌ မွေ့လျော်ခြင်းကို အပြစ်မတင်သင့်ပေ။ သာဓုခေါ် ချီးကျူးရမည်သာ ဖြစ်သည်။ တရားသည် ပျော်စရာကောင်းသည် မဟုတ်ပါလော – တရားသည် ငြိမ်းအေးသည်၊ ချမ်းသာသည်၊ လွတ်မြောက်သည်၊ ကင်းဆိတ်သည်၊ ငြိမ်းသည်၊ ငြိမ်သက်သည်၊ ကြည်လင်သည်၊ ကောင်းသော အကျိုးများ လွန်စွာပေးသော တရားဖြစ်သည်။ တရားသည် နိဗ္ဗာန်သို့ တိုင်အောင်အထိပင် ဆောင်နိုင်သည် မဟုတ်ပါ လော၊ မြတ်စွာဘုရား ချီးမြှင့်တ်ာမူသည့် တရားပင် မဟုတ်ပါလော။

ထို့ကြောင့် တရား၌ အားထုတ်ခြင်း၊ ပျော်မွှေ့ခြင်း၊ ဇွဲရှိခြင်း၊ ကြိုးစားခြင်း တို့သည် ချီးကျူးအပ်သော အရာများသာ ဖြစ်သည်။ (သို့မဟုတ်) မချီးကျူးချင်နေပါ ကဲ့ရဲ့စရာတော့မူ မဟုတ်ချေ။ ကဲ့ရဲ့လျှင်တော့မူ အမှန် ကျင့်ကြံ၊ ကြိုးစား၊ အားထုတ်သူများက ကာကွယ်၊ စောင့်ရှောက်၍ တုန့်ပြန်လိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် တရားသည် ပျော်မွှေ့ဖွယ်ရာ ကောင်းသောကြောင့် ဖြစ်သည်။

အမှန်တကယ် တရားလုပ်သောအခါ ငြိမ်းအေးသည်၊ ချမ်းသာသည်၊ လွတ်မြောက်သည်။ ဤအရသာများကို တရားကပေးသည်၊ ဗုဒ္ဓဘာသာတိုင်းလည်း သိပါသည်။ ဓမ္မောဟ ဝေရက္ခတိ ဓမ္မစာရိံ ဆိုသည်မှာ တရားကို ပူဇော်လျှင် တရားက စောင့်ရှောက်သည်သာ ဖြစ်သည်။

ယင်းအရသာကို ခံစားရသဖြင့် အလိုတော်ပြည့်၌ တရားအားထုတ်ရသည်မှာ ၀မ်းသာသည်။ ကြိုးကြားကြိုးကြား ကျန်စစ်မင်းကြီးကို သတိရမိသည်။ သူကလည်း သိလျှင် သာဓုခေါ်နေလိမ့်မည်သာ ဖြစ်ပေသည်။ သူတည်ခဲ့သော ဘုရား၌ တရားပူဇော်ခြင်း ဖြစ်သည်။

စာရေးသူတို့သည် ဗုဒ္ဓဘာသာပီပီ ယဉ်ကျေးစွာ တရားကျင့်ခြင်းဖြင့် ပူဇော်သည်၊ ပဋိပတ္တိကျင့်ကြံ အားထုတ်ခြင်းဖြင့် ပူဇော်သည်။ ပုဂံသည် သာသနာ့နယ်မြေ မဟုတ်ပါလော … စေတီတော်များသည် လက်ညိုးထိုးမလွဲပင် မဟုတ်ပါလော… ထို့ကြောင့် လွန်စွာ သာသနာတည်ခဲ့သော၊ အားကောင်းခဲ့သော၊ ပြန့်နှံ့ခဲ့သော၊ ခိုင်မာခဲ့သော၊ ၀င်စားလေ့ ရှိကြသော၊ ဘုရင်မင်းမြတ်များပင်လျှင် ဘုန်းတန်ခိုးကြီးရန် သာသနာ၌ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည် ဖြစ်ရာ မိမိတို့သည်လည်း ပဋိပတ္တိသာသနာကို အထောက်အပံ့ပြုကာ ကြိုးစား၍ တရားထိုင်ခြင်းသည် ကောင်းသောလုပ်ငန်းပင် မဟုတ်ပါလော …

ကောင်းသောလုပ်ငန်း လုပ်သဖြင့် ကောင်းသော အကျိုးများကို လက်တွေ့ ထိထိရောက်ရောက် ခံစားရသည် မှာ ကိုယ်တွေ့ ဖြစ်သည်၊ ငြင်းပယ်၍လည်း မရချေ။ ညအခါ ထိန်ထိန်လင်းလင်း လေးညှင်းလေး အောက်တွင် တရားမွှေ့လျော်၍ ပျော်ဖွယ်စွာ နှလုံးသွင်းရခြင်းသည် ဗုဒ္ဓဘာသာတို့၏ သုခချမ်းသာ တစ်မျိုးပင် မဟုတ်ပါလော …

စာရေးသူသည် ကျေနပ်၍ အမျှအတန်းပေးဝေကာ တရားအားထုတ်ခြင်းကို ရပ်နားလိုက်ပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *