ဝိပဿနာအားထုတ်သောအခါ –

ဝိပဿနာအားထုတ်သောအခါ –

paint photo drchitngeဝိပဿနာအားထုတ်သောအခါ သတ္တိရှိရမည်၊ ယုံကြည်ရမည်။

ယုံကြည် ကျန်းမာ၊

          စိတ်ဖြောင့်စွာ

          လွန်စွာအားထုတ် နာမ်နှင့်ရုပ်

          ဖြစ်ချုပ်ဉာဏ်မြင်

         

ဤငါးအင် အမှန်ပင် မဂ်ရကြောင်း။

 

 

 

ဆိုသည့် မဂ်ရစေနိုင်သည့် အင်္ဂါရပ်များကို အများသူငါ နားလည်ပြီးသား ဖြစ်ပါသည်။

 

ဝိပဿနာ အားထုတ်သောအခါ ယုံရမည်၊ ရဲရမည်၊ သတ္တိရှိရမည်။ ပျက်သည်ဆိုသည်ကို ယုံရမည်၊ လုံးဝယုံရမည်။ ဇောက်ချ၍ ယုံရမည်၊ အပြတ်အသတ် ယုံရမည်၊ ပျက်သည်ကို ပျက်သည်ဟု လုံးဝ ခိုင်ခိုင်မာမာ နားလည်ယုံကြည်ချက်ဖြင့် ရှုသတ်ဆင်ခြင်ရမည်။

 

ပျက်သည်ဟူသောသဘောထက် ပိုမို၍ နက်ရှိုင်းချင်လျှင် – ပျက်သည် အဘယ်ကြောင့်ဆိုသော် မမှီခိုအပ်၊ မလှဲလျောင်းအပ်၊ ထို့နောက် အပျက်တရားကို မလိုလားအပ်၊ မခံစားအပ်ဟူ၍ ဆက်တိုက် သုံးသပ်နိုင်လျှင် ပို၍အဖိုးတန်နိုင်သည်။ အပျက်ကို ဖက်တွယ်မနေဘူးဟူသော ယုံကြည်ချက် ပြတ်သားဖို့လိုသည်။ ပျက်တယ်၊ မမှီခိုဘူး၊ မလှဲလျောင်းဘူး၊ မလိုလားဘူး၊ မခံစားဘူး ဟူ၍ ဆုံးဖြတ်ချက် ချနိုင်လျှင် ဝိပဿနာ၌ အောင်မြင်သည်။

 

ဉာဏ်နုသောအခါ၌ အချို့သော ရှုကွက်များသည် ပျက်သည်ကို မမြင်သေးသော်လည်း အားငယ်စရာ မရှိချေ။ အပျက်က အမှန်ပင်ဖြစ်သည်။ စကြဝဠာတစ်ခုလုံးပျက်သည်၊ (၃၁) ဘုံ တစ်ခုလုံး ပျက်သည်၊ အဏုမြူများလည်းပျက်သည်၊ အားလုံးပျက်နေသည်ဖြစ်ရာ ပျက်ခြင်းသည်လုံးဝ သံသယရှိစရာ မလိုပေ။ ပျက်သောသဘောတစ်ခု ဤလောက၌ လွှမ်းခြုံနေသည်။ ပျက်သည်ဟု အပြတ်အသတ်ရှုပါ၊ ယုံကြည်ချက်ဖြင့်ရှုပါ။ သတ္တိရှိရှိ ရဲရဲရင့်ရင့် ရှုပါ။

 

ရှုသောအခါ ရှုသည်ဟုလည်း ပြောနိုင်ပါသည်။ ကိုယ်က တရားရှုလျှင် ရှုသည်ဟု ပြောနိုင်ပါသည်။ ဤသည်မှာ ရှုသောပုဂ္ဂိုလ်၏ အခွင့်အရေးပင်ဖြစ်သည်။ မရှုလျှင်တော့ မပြောနိုင်ချေ၊ ပြောလျှင် လိမ်လည်ရာကျသည်။ ရှုလျှင် ရှုကြောင်းကို ပြောနိုင်ရမည်။ သို့မှသာ ဘာသာကို ကြည်ညိုရာလည်းကျသည်။ ကိုယ်ကျင့်ခြင်းကို ယုံကြည်ရာလည်းကျသည်။ ကြွေးကြော်မှုလည်း ရှိသည်။ မြတ်သော ကြွေးကြော်မှုဖြစ်သည်။ အခြားသော ကြွေးကြော်မှုများထက် အများကြီး အဖိုးတန်သည်။

 

ပျက်သည်ကို ပျက်သည်ဟု ရှုသည်၊ ရှုရဲသည်၊ ရှုလိုက်သည်၊ ရှုထားသည်၊ ရှုနေသည်၊ ရှုခဲ့သည်၊ ရှုဦးမည်ဟူသော သဘောသည် လွန်စွာ အဖိုးတန်သော ကြွေးကြော်ချက်ပင်ဖြစ်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

 

 

 

ဗုဒ္ဓစာပေဆုရ

 

ဒေါက်တာချစ်ငယ်(ဒဿန)

 

No tags for this post.
This entry was posted in Buddhism. Bookmark the permalink.