ဖြစ်ပျက်မြင်အောင်ကြည့် (၂)

Share

ဖြစ်ပျက်မြင်အောင်ကြည့် (၂)

ဖြစ်ပျက်မြင်အောင်ကြည့် ဆိုတာကတော့ တရားစကားပါပဲ .. ..

ရုပ်နာမ်တွေ၊ (၃၁)ဘုံ ဆိုတာ ဖြစ်ပြီးပျက်တာပဲ ဘာမှ မရှိဘူး – ဒါတရားပဲ။ (၃၁) ဘုံကို အနှစ်ချုပ်ပါဆို ဖြစ်ပြီးပျက်တာပဲ၊ လူတွေက ဇာချဲ့နေကြလို့  အားလုံး သူသူကိုယ်ကိုယ် ဇာချဲ့နေကြလို့ – ဖြစ်ပြီး ပျက်တာပဲရှိတာ ဘာမှမရှိဘူး။ တစ်စုံတစ်ခုဟာ ဖြစ်ပြီး တစ်စုံတစ်ခုဟာ ပျက်သွားတာပဲ။ ဒါ ၀င်စားရင် သဘောပေါက်နိုင်ပါတယ် – ဖြစ်ပြီးပျက်တာပဲ။

လောကုတ္တရာနဲ့ နိဗ္ဗာန်ကလွဲလို့ရှိရင် အကုန်လုံးက ဖြစ်ပြီး ပျက်ကြတာပဲ။ ဒါပေမယ့် အဲဒါ ခန့်မှန်းပြီးတော့ သိကြတာများတယ်၊ တွေ့မြင်တာ မရှိဘူး။ ဒီတော့ တရားကျင့်တယ် ဆိုတဲ့အခါကျတော့ ဒီ “ဖြစ်ပျက်မြင်အောင်ကြည့်” ဆိုတဲ့ စကားလုံး သုံးလာပြီ .. .. ဖြစ်ပျက်မြင်အောင်ကြည့်တယ် ဆိုတာက လူသာမာန်တွေ မဟုတ်ဘူး။ သူက သစ္စာတရား သိအောင်လို့ ကြည့်ရတာကိုး .. .. ကြည့်တဲ့အခါ ဖြစ်ပျက်ကို ကြည့်ဖို့ မဟုတ်ဘူး မြင်ဖို့ .. .. မြင်ဖို့ဆိုတော့ ဖြစ်ပြီးပျက်တာက စိတ္တသင်္ခါရလေးပါပဲ။ စိတ်ပါပဲ .. .. လူဆိုတာကတော့ ရုပ်နဲ့နာမ် တွဲနေတာ၊ ရုပ်အပေါ်မှာ စိတ်က တည်ရာတာဆိုတော့ စိတ်ကို ရှုလိုက်ရင်လည်း ရုပ်က ပါသွားတာပါပဲ။

ဒီတော့ စိတ်ကလေးရဲ့ အပျက်ကို ကြည့်ရတာပေါ့နော် .. .. စိတ်ကလေးရဲ့ အပျက်ကို ကြည့်တဲ့အခါကျ ပျက်မှာပဲလို့ သိတာ အဲဒါ အနုမာန မျက်မှန်းဆတယ် ခေါ်တယ်။ သူက မြင်တာမှ မဟုတ်ဘဲနဲ့ မြင်တယ်ဆိုတာ – မြင်ခြင်းတစ်ခုဖြစ်ဖို့ဆိုတာ အမြင်ခံတရားရှိရတယ် မြင်တတ်တဲ့တရားရှိရတယ်။ မြင်တတ်တဲ့တရားက အမြင်ခံတရားကို ကြည့်လိုက်ရတယ်၊ အဲဒါမှ မြင်တာ၊ ဒီတော့ ကိုယ်က အမြင်ခံတရားလောက်ပဲ ရှိတယ်၊ ဒီရုပ်နာမ်ပဲရှိတာပဲ လူတိုင်းက (Given) ပေါ့ .. . ရုပ်နာမ်ရှိနေတာ ဒါ အမြင်ခံတရားပဲ။ သူ့ကို မြင်တဲ့တရားတော့ ကိုယ်ကတည်ဆောက်ရတယ်၊ အဲဒါကတော့ မြတ်စွာဘုရားနဲ့ ရဟန္တာ ကိုယ်တော်မြတ်ကြီးတွေ ဆုံးမတဲ့ တရားသဘောတွေကို ကိုယ်က ယုံကြည်သက်ဝင်ပြီး တဲ့နောက်မှ ကိုယ်က အရိယာတွေဆိုတာ အဲဒီလိုဆိုပြီး အရိယာဉာဏ် မျက်လုံးလေးကို တည်ဆောက်လိုက်ရတယ်။ အဲဒီအခါကျမှ – “သြော် အရိယာတွေဟာ ဖြစ်ပျက်ကို မြင်တော်မူကြတယ်” ဒီလို ကြည်ညိုရင်း ကြည်ညိုရင်းနဲ့ ကိုယ်က အရိယာတွေရဲ့ သဘောထားကို ကြည်ညိုရင်းနဲ့ ကိုယ်က အကြည်ဓာတ်လေး ရလာတယ်။

ဒါ တရားကျင့်မှ မကျင့်ရင်တော့ မရပါဘူး။ စာဘယ်လောက် တတ်တတ်လည်း မရပါဘူး။ စာက စာပဲ (Theory) ပဲ (Theory) ကတော့ အားလုံးကပြောကြတယ်၊ (Empty) ပေါ့ ခေါင်းပွလို့ ပြောကြတာပဲ။ အကျင့် မပါရင်ပေါ့လေ၊ အကျင့်ပါရင်တော့လည်း (Theory) ကသိပ်အဖိုးတန်တာပဲ .. .. အကျင့်မပါလို့ ကတော့  (Theory) က ဟို ကျောက်စစ်တန်းကလေ အနေကဇာမတင်ရသေးတဲ့ ကျောက်ပုံကြီးလိုပဲ .. .. မြတ်စွာဘုရားပုံတော့ ထုထားတယ်၊ ဒါပေမယ့် အနေကဇာ မတင်ရသေးသလိုပဲ။

ဒီတော့ စာတတ်တာ၊ ကျင့်တာနဲ့ ကျင့်လို့အကျိုးရှိတာ ဒီသုံးခုက တွဲရတယ်။ ဒါမှ သုံးလွန်းတင်မှကြိုး ဆိုတာလိုပေါ့ .. .. “ကူကူး မည်မှ ချိုး၊ ဒေါင်ဒေါင်မည်မှ အိုး” တဲ့ .. .. သုံးလွန်းတင်ရတယ်။ ဒီတာ့ အသိရယ် အကျင့်ရယ် မှန်ကန်စွာ သိလို့၊ မှန်ကန်စွာ ကျင့်လိုက်တဲ့အခါမှာ ရရှိလာတဲ့ အကျိုးအမြတ်ရယ် အဲဒီလိုရှိတာကိုး တရားမှာ .. ..

ဒီတော့ ဖြစ်ပြီး ပျက်တာကတော့ သိနေပြီ၊ မြင်အောင်ကြည့်ဖို့ အတွက် ကိုယ်က သဒ္ဒါတရားနဲ့  မြတ်စွာဘုရား နဲ့ ရဟန္တာကြီးတွေရဲ့ အဆိုအဆုံးမနဲ့ .. .. မြတ်စွာဘုရားကို ရဟန္တာကြီးတွေကို ကြည်ညိုရင်းနဲ့ ကိုယ်က အကြည်ဓာတ်ကို မွေးရတာကိုး .. .. အကြည်ဓာတ်မွေးရင်း မွေးရင်းနဲ့ ရင့်ကျက်လာတော့ ရတာပါပဲ။ ဒါတော့ (Practice makes perfect) ပေါ့နော် ကျွမ်းကျင်ရာ လိမ္မာတာပေါ့ မွေးလိုက်တဲ့အခါမှ အကြည်ဓာတ်ကလေး ရလာတာ အဲဒီ အကြည်ဓာတ်ကလေးက ကိုယ့်စိတ်ကလေးကို ကြည့်တော့ ကိုယ့်စိတ်ကလေးက အဲဒီ ဉာဏ်လေးအောက်မှာ ဖြစ်ပြီးတော့ ပျက်သွားတာလေးကို မြင်လိုက်တာ အဲဒါ ဖြစ်ပျက် မြင်တာပဲ

မြင်တာရှိသေးတယ်နော် မုန်းပြီး ဆုံးမှ အရိယာဖြစ်တာ တရားရတာ။ မြင်တာကတော့ အဖိုးတော့ တန်ပါတယ်၊ ဒါပေမယ့် မြင်အောင်က သမာဓိရှိတာပေါ့နော် – “သမာဓိတော ယျထာဘူတံ ပဇာနာတိ” – ရေဆူ၌တွင် ရိပ်မထင်သို့ .. .. တဲ့ ရေဆူမှာ ရိပ်မထင်သလို – အမှိုက်သရိုက်တွေနဲ့ ရေမှာ ရိပ်မထင်ဘူး။ ကြည်လင်ပြီး ငြိမ်သက်မှ။ ဒီတော့ ကိုယ်က သမာဓိရှိရတယ်။ သီလ သမာဓိ ပညာတဲ့ သုံးခုရှိတော့ သမာဓိရှိတော့မှ သူက ငြိမ်ပြီးတော့မှ အကြည်ဓာတ်လေး ရတော့မှ ဖြစ်ပြီး ပျက်သွားတာကို မြင်လိုက်တာ – မြင်တဲ့အခါ ၀မ်းသာစရာ ကောင်းတာပေါ့၊ လက်ခမောင်းခတ်တော့ – အနားမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဒါနပြုလိုက်၊ ကော်ဖီတိုက်လိုက်တော့။ အဲဒီ ဖြစ်ပျက်ကို မြင်တဲ့ အခါကျတော့ သူက “သြော် – ဖြစ်ပြီး ပျက်တာပါလား” လို့ မှန်းတာမဟုတ်ဘူး .. .. တကယ်သိသွားတာ။ အဲဒါ Hypothesis မဟုတ်ဘူး Law ခေါ်တယ် (Verified Law) ခေါ်တယ်။ တကယ်သိသွားတဲ့ အခါကျတော့ သူက ဆက်ပြီးကျင့်တာ ဆက်ပြီးကျင့်တော့ –

ဖြစ်ပြီးပျက်တာ ဘာလုပ်မှာလည်း မုန်းတာပေါ

ပျက်နေတဲ့အတူတူ ဘာလုပ်မှာလည်း မုန်းပြီး

ပျက်နေတဲ့အတူတူဘာလုပ်မှာလည်း မလိုချင်တော့ဘူး

ပျက်နေတဲ့အတူတူဘာလုပ်မှာလည်း မခံစားချင်တော့ဘူး

ပျက်နေတဲ့အတူတူဘာလုပ်မှာလည်း မလိုလားတော့ဘူး ဆိုပြီး ပယ်လိုက်တော့ – ပယ်ရင်း ပယ်ရင်း ပယ်ရင်းနဲ့က ဖြတ်နိုင် တောက်နိုင်တဲ့ အသိရတဲ့အခါကျ မဂ်ဉာဏ်က ဖိုလ်ဉာဏ်ကူးပြီး အဲဒီအခါကျ အရိယာဖြစ်ရော။

ဒီတော့ ဖြစ်ပျက်မြင်ခြင်းဟာ အရိယာဖြစ်ခြင်းရဲ့ အခြေခံပါပဲ။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism, Frontpage and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *