ရုပ်နာမ်နဲ့ နိဗ္ဗာန်ကိုသွားလို့မရဘူး

ရုပ်နာမ်နဲ့ နိဗ္ဗာန်ကိုသွားလို့မရဘူး

DSC_9417ရုပ်နာမ်နဲ့ နိဗ္ဗာန်ကိုသွားလို့မရဘူး။ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ပဲ သွားလို့ရတယ်ဆိုတာကို ဘဝင်ကျကျ ယုံကြည်အပ်ပါတယ်။ ကိုယ်က ကိုယ့်ရုပ်နာမ်ကိုယ်ချစ်နေတော့ ရုပ်နာမ်မပါဘူးဆိုတော့ တမျိုးကြီးဖြစ်နေတာ ဖြစ်စရာမလိုပါဘူး။ ရုပ်နာမ်ချုပ်လေ ကောင်းလေလို့သာ အောင်းမေ့ပါ။

 မြတ်စွာဘုရားက ရောဟိတနတ်သားကို ဟောတော်မူတဲ့အခါမှာ ဒီလောကရဲ့အဆုံး နိဗ္ဗာန်ကို ရုပ်နာမ်နဲ့သွားလို့မရဘူး။ လောကရဲ့အဆုံး နိဗ္ဗာန်ကို မရောက်မချင်းလည်း ချမ်းသာစစ် ချမ်းသာမှန်ကို မတွေ့ဘူး။ ဒုက္ခကမလွတ်ဘူးလို့ အသေအချာ အတိအကျ ဟောတော်မူခဲ့ပါတယ်။

 ဒါကတော့ရှင်းပါတယ်။ “ခန္ဓာ နိရောဓော နိဗ္ဗာနံ” ဆိုတာ။ ဒီတော့ ကိုယ့်ရုပ်နာမ်မပါလို့ ဘာမှလည်း ကြောင့်ကျစရာ မလိုပါဘူး။ အားငယ်စရာလည်း မလိုပါဘူး။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ရပြီပဲ။ ဘာမှပူစရာမရှိဘူး။ ဒီတော့ ယောဂီများ နိဗ္ဗာန်ကို ရုပ်နာမ်နဲ့ သွားလို့မရဘူးဆိုတာ သိနားလည်ကြလို့ သာဓုခေါ်ပါတယ်။ တကယ့်ကို လှိုက်လှိုက်လှဲလှဲသာဓုခေါ်ပါတယ်။

ဒီအချက်က အင်မတန် အရေးကြီးပါတယ်။ ရုပ်နာမ်က ဒုက္ခသစ္စာပဲ။ နိဗ္ဗာန်က ချမ်းသာသုခပဲ။ ဒီတော့ တခြားစီပဲ။ နိဗ္ဗာန်က ဘယ်လိုနည်းနဲ့မှ ရုပ်နာမ်ကို လက်ခံနိုင်မှာမဟုတ်ဘူး။ လက်လည်းမခံအပ်ပါဘူး။ လက်ခံစရာလည်း မလိုပါဘူး။ ရုပ်နာမ်ဆိုတာ ဒုက္ခတုံး အပျက်။ သွေးပြည်သလိပ် ဝဋ်ကောင်ပဲ တကယ်တော့။ နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့်သာ စံဝင်အပ်ကြောင်း သတင်းကောင်း ထပ်မံပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism, Frontpage and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *