သိပ္ပံပညာထဲကဘ၀တစ်ခု – 08

Share

သိပ္ပံပညာထဲကဘ၀တစ်ခု – 08

ဆက်လက်ဖော်ပြရမယ် ဆိုရင်တော့ –

အိုင်းစတိုင်းဟာ ကွမ်တမ်မက္ကင်းနစ်ရဲ့ တိုးတက်လာပုံကို ကြည့်ပြီးတော့ တော်တော်လေး စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ ကွမ်တမ်မက္ကင်းနစ်ဟာ လက်တွေ့ သုတေသန စမ်းသပ်ခန်းမှ ထွက်ပေါ်လာတဲ့ အဖြေဖြစ်လို့ သူ အရမ်း လေးစားပေမယ့်လည်း မသေချာခြင်းနိယာမရဲ့ သဘောအရ – အရာရာဟာ မသေချာဘူးလို့ ပြောဆိုရတဲ့ အဆိုပြုချက်ဟာ သိပ္ပံနယ်ပယ်မှာ ၀င်ရောက် ထိုးဖောက်လာတာကို သူဟာ စိတ်မကောင်းစွာနဲ့ လက်ခံရတယ်။

ဒါပေမယ့်လည်း ဖြစ်ရပ်တွေကတော့ မသေချာခြင်းနိယာမရဲ့ ကြိုတင်ပြော ဟောကိန်းထုတ်တဲ့ အတိုင်း ဖြစ်နေတဲ့အတွက် အိုင်းစတိုင်းမှာ အောင့်သည်း အောင့်သက် ဖြစ်နေခဲ့ရတဲ့ သဘောပါပဲ။ ဒီပြဿနာကို သူ မသေမချင်း ဖြေဆိုဖို့ ကြိုးစားရင်နဲ့ပဲ သေသွားတာ မအောင်မြင်သွားရှာဘူး။

တကယ်တော့လည်း “စကြ၀ဠာကြီးဟာ ဖန်ဆင်းတာလည်းမဟုတ် ဖျက်ဆီးခံရတာလည်း မဟုတ်ဘဲနဲ့ ဒီလိုပဲ ဖြစ်နေတဲ့ သဘောပါ” လို့ ဒီလို ဟော့ကင်းက သူ့ရဲ့ စာမျက်နှာ(၇၀)မှာ …

It is neither created nor destroyed. It just is.

လို့ စကြာဝဠာအကြောင်းကို ပြောခဲ့ပါတယ်။ ဒါကတော့ စကြ၀ဠာအပေါ်မှာ ဟော့ကင်းရဲ့ အမြင်ပေါ့ လေ။

အိုင်းစတိုင်းကတော့ မကြာခဏ စကြ၀ဠာအကြောင်း ပြောရင် ကို တင်စားပြီးတော့ ပြောခဲ့တယ်။ ဟော့ကင်းကတော့- “စကြ၀ဠာဟာ သဘာဝအတိုင်း ဖြစ်နေ ရှိနေတဲ့ သဘာဝ ဥပဒေသထဲ က သဘာဝတစ်ရပ်ပဲ” လို့ သုံးသပ်ခဲ့တယ်။

ဒီတော့ သိပ္ပံပညာရှင်ချင်း တူပေမယ်လို့ ဟော့ကင်းဟာ အိုင်းစတိုင်းကို ဝေဖန်တဲ့နေရာမှာ သိပ္ပံပညာရှင် ပီပီ ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ခဲ့တာကိုတော့ ကောင်းစွာတွေ့ရှိရတယ်။ ဒီအတွက် ဟော့ကင်းကို မလေးစားဘဲ မနေနိုင်ပါဘူး။ ဟော့ကင်းဟာ ငါတို့ သိပ္ပံထဲက အယူအဆတွေမို့လို့ လျှော့လျှော့ပေါ့ပေါ့ ဝေဖန်မယ် သူ့ကို ကာကွယ်စောင့်ရှောက်မယ် ဆိုတဲ့ သဘောထက် – တိတိ ကျကျ၊ ထိထိမိမိ၊ နှိုက်နှိုက်ချွတ်ချွတ်နဲ့ စာဖတ်ပရိတ်သတ်ကို အမှန်ကို အမှန်အတိုင်း ရဲရဲရင့်ရင့်၊ ပွင့်ပွင့်လင်းလင်း တင်ပြသွားတာကတော့ ဒီ BLACK HOLE စာအုပ်မှာ ကောင်းစွာ ဖတ်ရှုရပါတယ်။ ဒါကြောင့် ဟော့ကင်းကို လေးစားရခြင်း ဖြစ်သလို ဒီစာအုပ်အပေါ်မှာ နှစ်ခြိုက်ရခြင်းဖြစ်ပါတယ်။

ကာလနှင့် ဌာနဆိုတာကတော့ သူတို့ဖာသာသူတို့ ကွေးကောက်တတ်တယ်ဆိုတဲ့ သဘောကိုတော့ ဖော်ညွန်းကြတယ်။ ကွေးကောက်လွန်းအားကြီးရင် ဘလက်ဟိုးလ် ဖြစ်တယ်လို့ သူတို့ ဟောကိန်းထုတ်ကြတယ်၊ တွက်ချက်ကြတယ်

.. .. The region would become what is called a black hole. (Page-75)

ဆိုပြီးတဲ့နောက် ကွေးကောက်လွန်း အားကြီးသွားတဲ့အခါမှာ  ဘလက်ဟိုးလ်ကြီး ဖြစ်သွားတယ်လို့ ဖြေရှင်းချက် ထုတ်ကြပါတယ်။ ဌာနကာလဟာ သူ့ဖာသာသူ ကွေးကောက်ရင်း ကွေးကောက်ရင်းနဲ့ အမှတ်ထူး ဖြစ်သွားတဲ့ သဘောကို ဟော့ကင်းနဲ့ (Penrose) ပန်ရို့စ် တို့က သချာင်္နည်းအားဖြင့် သက်သေပြပြီးတော့ တွက်ချက် ရှင်းပြခဲ့ဖူးပါတယ်။

ဒီတော့ အိုင်းစတိုင်းရဲ့ အထွေထွေ နှိုင်းရသီအိုရီကနေ အမှတ်ထူးကိုရောက်အောင် သချာင်္ဥပဒေသ များနဲ့ ဟော့ကင်းနဲ့ ပန်းရို့စ် တို့က ဖြေရှင်းချက် ထုတ်တာကတော့ သိပ္ပံမှာ မှတ်တိုင်ထူစရာ အချက် တစ်ချက် ဖြစ်ခဲ့ပါတယ်။

အိုင်းစတိုင်းဟာ ပေါ်ထွန်းတိုးတက်လာတဲ့ အပေါ်မှာ စိတ်မသက်မသာ ဖြစ်ခဲ့ရတာ ဘာကြောင့်လည်းလို့ သုံးသပ်ကြည့်ရင် သူဟာ သမိုင်းအပေါ်မှာ အစဉ်အလာအတိုင်း တသမတ်တည်း လှေနံဓားထစ် မှတ်တဲ့အယူကို ခံယူထားလို့ပဲလို့ ဟော့ကင်းက သုံးသပ်တယ် .. ..

Part of Einstein’s problem with quantum mechanics and the uncertainty principle arose from the fact that he used the ordinary commonsense notion that a system has a definite history.

လို့ BLACK HOLE ရဲ့ (Page-78) မှာ ဖော်ပြခဲ့ပါတယ်။

ကွမ်တမ်မက္ကင်းနစ်နဲ့ မသေချာခြင်းနိယာမ အပေါ်မှာ သဘောထားများ မနှစ်မြို့ ဖြစ်ရတဲ့ အိုင်းစတိုင်းရဲ့ ခံစားချက်ဟာ သူ့ဦးနှောက်ကို ချာချာလည်ပြီး ပြဿနာ ဖြစ်စေခဲ့ပါတယ်။ ဒီပြဿနာရဲ့ အရင်းအမြစ်ကို ဆန်းစစ်လိုက်ရင် သူဟာ သမိုင်းနဲ့ပတ်သက်လို့ သတ်မှတ်ပြဌာန်းပြီးသား စနစ်တစ်ခု ဖြစ်ပေါ်ရမယ်လို့ ယူဆတဲ့ အစဉ်အလာ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်ခံထားမိလို့ပဲ ဖြစ်တယ်လို့ ဟော့ကင်းက သုံးသပ်ခဲ့ပါတယ်။

တကယ်တမ်းကျတော့ သမိုင်းဆိုတာ ဖြစ်တန်ရာခြေ အမျိုးမျိုးရှိတာပဲ .. ..

It has every possible history.

လို့ ဟော့ကင်းတို့က အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ အဲဒါကို … (a sum over histories) လို့ လည်း သူတို့ ဝေါဟာရအဖြစ်နဲ့ သုံးနှုံးကြပါတယ်။ သမိုင်းဟာ ဖြစ်နိုင်တဲ့စွမ်းရည်တွေ ရှိသလောက် ဖြစ်နိုင်ခွင့်ရှိတယ်။ တရားသေ လှေနံဓားထစ် သတ်မှတ်ထားတာ မဟုတ်ဘူးလို့ ဟော့ကင်းတို့က ခံယူကြောင်းကို အိုင်းစတိုင်းနဲ့ ကွဲလွဲစွာ ဖော်ပြနိုင်ခဲ့ပါတယ်။

BLACK HOLE စာအုပ်ရဲ့ ထူးခြားချက် တစ်ရပ်ကတော့ သူဖော်ပြခဲ့တဲ့ စာမျက်နှာ(၈၁)က (It is an intellectual leap) ဆိုတဲ့ စကားလုံးပါပဲ။ လူဟာ အသိပညာရှိတော့ အသိပညာနဲ့ ခုန်ကျော်ပြီး စဉ်းစားတာကိုလည်း လက်ခံနိုင်ဖို့ ပြင်ဆင်ထားရမယ့် အကြောင်းကို တင်ပြတာဟာ လွန်စွာမှ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ဖြစ်နေတာကိုပဲ မကြည့်နဲ့၊ ဖြစ်နေတာကို လွန်ပြီးတော့ ဉာဏ်ပညာနဲ့ ခုန်ကျော်လိုက်လို့ရှိရင် ခြုံငုံစဉ်းစားနိုင်တဲ့ မဖြစ်သေးတဲ့ အရာတွေ အကြောင်းကိုလည်း သိအပ်တယ်လို့ ဟောကင်းက ခံယူကြောင်း စာမျက်နှာ(၈၁)မှာ ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်တွေဟာ ဟော့ကင်းရဲ့ အသိဉာဏ် ထက်မြက်မှုတွေကို များစွာ သာဓကအဖြစ်နဲ့ ရပ်တည်ပေးနိုင်ခဲ့ပါတယ်။

အမှတ်ထူးမှာကျတော့ ရူပဗေဒဟာ ဥပဒေမဲ့ ဖြစ်ပြီး ပျက်သုန်သွား စေနိုင်ခဲ့ပါလိမ့်မယ်။ ဒါ့ကြောင့် အမှတ်ထူးဆိုတာကို ရှောင်နိုင်ဖို့ရာအတွက် ဟော့ကင်းက အကြံဉာဏ် ထုတ်ခဲ့ပါတယ်။ ဒီအခါမှာ အမှတ်ထူး ဖြစ်လာရတာဟာ တရားသေ သတ်မှတ်လို့ တရားသေ မသတ်မှတ်ဘဲ သမိုင်းရဲ့ ဖြစ်တန်ရာချေ အမျိုးမျိုးကို ဖြစ်နိုင်တဲ့ စွမ်းရည်ရှိတာတွေ အားလုံး လက်ခံမယ် ဆိုလို့ရှိရင်တော့ အမှတ်ထူးဆိုတာကို ရှောင်လို့ ရတဲ့အကြောင်း ဟော့ကင်းက သိပ္ပံပညာနည်းအရ ရှင်းပြနိုင်ခဲ့ပါတယ်။

ဒီတော့ အိုင်းစတိုင်းရဲ့ နောက်ပိုင်း နှစ်တွေဟာ ပြီးပြည့်စုံတဲ့ သီအိုရီကို ရှာဖွေရင်းနဲ့ မအောင်မမြင် ပြီးဆုံး သေဆုံးသွားရတဲ့ အကြောင်းကို ဖော်ပြခဲ့တယ်။ ဒီရဲ့ ကောက်ချက်ကတော့

He was not prepared to admit that the universe could have many alternative histories, as in the sum over histories. We still do not know how to do the sum over histories properly for the universe, …  (Page-83)

လို့တော့ ဟော့ကင်းက ၀န်ခံခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်တန်ရာခြေအမျိုးမျိုး ဖြစ်နိုင်တဲ့ စကြ၀ဠာ သမိုင်းကို ထိန်းချုပ်မှုဟာတော့ စိတ်ဝင်စားဖွယ်ရာ ကောင်းကြောင်း ၀န်ခံခဲ့ပါတယ်။ ဒီအကြောင်းအရာများကို သူ့ရဲ့ BLACK HOLE စာအုပ် အခန်း(၈)မှာ ဖော်ပြနိုင်စွမ်း ရှိခဲ့ပါတယ်။

ဆက်လက်ဖော်ပြပါမည် –

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *