ဗုဒ္ဓဘာသာထဲကဘဝတစ်ခု 08

Share

ဗုဒ္ဓဘာသာထဲကဘဝတစ်ခု

အပိုင်း(၈)

 

အဝိဇ္ဇာနှင့်တဏှာအရေးကြီးပုံ

ဝိပဿနာယောဂီများအတွက် အဝိဇ္ဇာနှင့်တဏှာသည် အရေးကြီးကြောင်း သတိပြုရန် လိုပေသည်။ -lotus-2ဝိပဿနာယောဂီများသည် ကိလေသာ လျော့ပါးရေးကို ကြိုးစားကြသည်။ သို့သော် အဝိဇ္ဇာနှင့် တဏှာမှာမူ လွန်စွာလည်သည်၊ လွန်စွာ ပါးနပ်သည်၊ လွန်စွာ လျှင်သည်၊ ယောဂီများ သတိမရှိနိုင်မီ အဝိဇ္ဇာက လွှမ်းတတ်သည်၊ တဏှာကလည်း နေရာယူတတ်သည်။ ထိုအခါ ယောဂီများ အခက်အခဲ ဖြစ်နိုင်သည်။ ယောဂီတိုင်းလိုလို အခက်အခဲ ရှိနိုင်လိမ့်မယ်ဟုတော့ ယူဆပါသည်။ အချို့ပုဂ္ဂိုလ်များအတွက် ဖြစ်ပါသည်။

အဝိဇ္ဇာမှာမူ လွန်စွာ နူးညံ့သဖြင့် သူလာသည်ကို သတိပြုနိုင်ရန် လွန်စွာခက်ခဲသည်။ ထို့ကြောင့် သူတော်ကောင်းများက အဝိဇ္ဇာမှ ဝိဇ္ဇာသို့ တဏှာမှ ဘာဝနာသို့ ဟူ၍ အထူးဆုံးမတော် မူခဲ့ခြင်းဖြစ်သည်။ လွှမ်းမိုးမှန်းမသိ လွှမ်းမိုးလာရာ လွှမ်းမိုး၍အတော်ပြီးမှသာလျှင် ယောဂီများ သတိထားမိနိုင်သည်။ ထိုမျှနူးညံ့သည် သို့မဟုတ် ခက်ခဲနက်နဲသည် ဆိုရမည်လားတော့ မပြောတတ်ချေ။

တဏှာမှာလည်း လျော့တွက်၍ မရချေ — ဂရုမစိုက်ဘဲ လွှတ်ထား၍ မရအပ်သော အရာဖြစ်သည်ဟုသာ ယူဆသည်။ အဘယ့်ကြောင့်ဆိုသော် အမှုမှတ် အမှတ်မဲ့နှင့် အဝိဇ္ဇာနှင့် ပူးပေါင်းသွားတတ်သည်၊ ထိုအခါ ယောဂီမှာ ခံရတတ်သည်။ ထို့ကြောင့် တော့်ကို ဂရုစိုက်အပ်သည်ဟု အကြံပေးရမည် ကဲ့သို့ဖြစ်နေသည်။ ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် မေ့မေ့လျော့လျော့ နေလျှင်မူ သူတို့က လွှမ်းမိုးပြီးသား ဖြစ်သွားနိုင်သည်။

ထို့ကြောင့် မပျံ့လွင့်သောသတိ၊ မလွင့်ပါးသော သတိ၊ မလျော့နည်းသော သတိနှင့် ယှဉ်နိုင်မှ တော်ကာကျမည်ဟုသာ သုံးသပ်ရသည်။ လက်ဖျားခါလောက်အောင် သူတို့သည် နူးညံ့သည်၊ အကင်းပါးသည်၊ လွှမ်းမိုးလွယ်သည်၊ သိမ်မွေ့ချောမွတ်သည်၊ ပိုဆိုးသွားနိုင်သည်၊ ထိုအခါ ရုပ်နာမ်သည် သေဖို့ရန်သာ ရှိတော့သည်။ ဝိပဿနာ ယောဂီများအဖို့ အရမ်းနစ်နာသွားနိုင်သည်။

နူးညံ့သည်က အဝိဇ္ဇာတရား၊ လွှမ်းမိုးတတ်သည်က တဏှာတရားဟု ဆိုရမည်လားတော့ မပြောတတ်ချေ။ ဤနှစ်ချက်ကို အထူးတော့ သတိပြုရပေလိမ့်မည်။ သတိပြုလျှင်တော့မူ ယောဂီများ၏ သီလ၊ သမာဓိ၊ ပညာ တိုးတက်လိမ့်မည်သာ ဖြစ်ကြောင်းသတင်းကောင်း ပေးလိုပါသည်။ သတိမမူနိုင်လျှင်တော့မူ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဖြစ်တတ်သည်။ အထူးသတိထားရန် လိုအပ်ကြောင်း ခံစားမိပါသည်။

စာရေးသူ တစ်ချိန်က စဉ်းစားခဲ့ဖူးသည် (If I realize a tiny spot of sexual feelings then I’ll pick up that one and will throw in to the Black Hole.) ဟု စဉ်းစားခဲ့ဖူးသည်။ ဟဒယပေါ်၌ တဏှာဒုက္ခတရားများ တွေ့လိုက်ရင်တော့ အဲဒီကောင်လေးကို ဘလက်ဟိုလ်းထဲ လွှင့်ပစ်လိုက်မည်ဟု ကြိမ်းဝါးခဲ့ဖူးသည်။ ယင်းကား စာရေးသူ၏ ​တချိန်က စိတ်ကူးဖြစ်သည်၊ ထိုစဉ်က ဘလက်ဟိုလ်း အကြောင်း လေ့လာနေရာ ထိုကဲ့သို့ စိတ်ကူး ပေါ်ခဲ့ဖူးသည်။ ထိုအချိန်ကမူ အဝိဇ္ဇာသည် မုန်းစရာကောင်းကြောင်း၊ တဏှာသည် ရွံစရာကောင်းကြောင်း၊ ဒုက္ခတရားလေးများအား လက်မခံလိုကြောင်းနှင့် သန့်စင်လိုကြောင်း အထူးဂရုပြုမိသောအချိန် ဖြစ်သည် ထိုအချိန်၌ ထိုကဲ့သို့ အင်္ဂလိပ်လို ရေရွတ်ခဲ့ဖူးကြောင်း သတိရ၍ တင်ပြလိုက်ပါသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

 

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *