ပျံ့မွှန်းမွှေးလှိုင်ကြူ -28

Share

 

နိဗ္ဗာန်သည် ဘာမှ မရှိဟုဆိုရာဝယ်

နိဗ္ဗာန်သည် ဘာမှမရှိပါ။ သုညတကြီးမို့ ဘာတစ်ခုမှ မရှိပါဟု ဆိုရာ၌ ဘာမှမရှိ၊ ဘာတစ်ခုမှ မရှိဟုဆိုသော အနက်သဘောကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုပါမည်နည်း။

ဘာတခုမှ မရှိဟု ဆိုရာဝယ် ဒုက္ခနှင့် ပတ်သက်၍ ဘာတခုမှ မရှိခြင်းကို ဆိုလိုပေသည်။ ဒုက္ခမရှိလျှင် သုခတော့ ရှိသလားဟု မေးမြန်းနိုင်ပါသည်။ သုခရှိသည်ဟု ဖြေဆိုရပါလိမ့်မည်။ နိဗ္ဗာန်တွင် စိတ် ရုပ်တို့ ချုပ်ငြိမ်း ရုပ်သိမ်းသွားသည်ဖြစ်၍ မည်သို့ သုခရှိနိုင်ပါမည်နည်းဟု စောကြောနိုင်သည်။

နိဗ္ဗာန်တွင် ရုပ်နာမ်မရှိတော့၍ ထိုသို့ ရုပ်နာမ်မရှိခြင်းသည်ပင်လျှင် သုခမည်သည်ဟု ယူဆနားလည် နိုင်ရပေမည်။ ဝေဒနာ မရှိခြင်းသည်ပင်လျှင် သုခမဟုတ်ပါလား။ ထို့ကြောင့် နိဗ္ဗာန်၌ ဒုက္ခမရှိခြင်း ဝေဒနာမရှိခြင်း ရုပ်နာမ်မရှိခြင်းသည်ပင် ချမ်းသာခြင်း ဖြစ်နေပေတော့သည်။

ဤနေရာတွင် `ဒုက္ခမရှိခြင်း´ ဟုဆိုသည်မှာ `ဒုက္ခရှိနေသည်ကို ဒုက္ခဖြစ်နေခြင်းဟု အမှန်အတိုင်း မသိရှိခြင်း´ နှင့် ကွဲပြားခြားနားစွာ ခွဲခြားနားလည်သင့်ကြောင်း ထပ်လောင်းသိစေလိုသည်။ အချို့သောယောဂီ များမှာ ဒုက္ခ မကုန်သေးမီ အကြီးစား ဒုက္ခချုပ်ဆုံးရုံကလေးမျှနှင့် ဒုက္ခလုံးလုံး မရှိတော့ဟု မှတ်ယူနေကြသည်။ ကရုဏာ သက်ရောက်စရာ ဖြစ်ရပ်များပင်ဖြစ်သည်။

ဒုက္ခ အကြီးစား၏ နောက်ကွယ်တွင် ဒုက္ခအလတ်စားရှိသည်။ ဒုက္ခ အလတ်စား၏ နောက်ကွယ်တွင် ဒုက္ခ အနုစားရှိသည်။ ထိုဒုက္ခ အနုစားကလေးများကို မမြင်မတွေ့သဖြင့် ဒုက္ခမရှိတော့ဟု မှတ်ယူကာ ပီတိနှင့် နစ်မျော နေကြသော ယောဂီများသည် မိမိတို့၏ ရင်တွင်း၌ ဒုက္ခအနုစားကလေးများ ရှိနေသေးကြောင်း ဖွင့်လှစ်ဟောဖေါ် ပြောပြတတ်တော် မူပါသော ဆရာကောင်း ဆရာမြတ် ရရှိရန် လိုအပ်ကြောင်း အသိပေးလိုပါ၏။

ထပ်မံ၍ အကျယ်တ၀င့် ရှင်းပြပါဦးမည်။ ရုပ်နာမ်ဆိုသည်မှာ အရှုခံတရားဖြစ်သည်။ နိဗ္ဗာန်ဆိုသည်မှာ အရှုခံတရားတို့၏ ချုပ်ဆုံးရာမှာ ရှိသည်။ အရှုခံတရားတို့၏ ချုပ်ဆုံးရာကို ဒုက္ခ ကုန်ဆုံးအောင် ရှုသတ်ခဲ့သော ဉာဏ်ပညာဖြင့် ထိုးထွင်းသိမြင်နိုင်သည်။

ထိုအခါ နိဗ္ဗာန်ကို သိမြင်သည်မှာလည်း ဉာဏ်ပညာဖြစ်၍ ရုပ်နာမ်ဒုက္ခ၏ အပျက်ကို မြင်သည်မှာလည်း ဉာဏ်ပညာပင်ဖြစ်သည်။ ဒုက္ခ ပျက်စီးသည်ဖြစ်၍ ပယ်စွန့်ရမည်ဖြစ်သော တရားစု ရုပ်နာမ်ခန္ဓာစုတို့ပင်တည်း။ မဂ်ဉာဏ်ဖိုလ်ဉာဏ်သည် ပွားများရမည်ဖြစ်၍ အင်အားကောင်းရန် ရှုသတ်ပိုင်းဖြတ် ထိုးထွင်းဆင်ခြင်ခြင်း အမှုကိုပြုလျက် တိုးတက်ဖက်တွယ်ရမည့် တရားစု သုခရတနာ လောကုတ္တရာဓာတ် အမြစ်ဖြစ်သည်။

နိဗ္ဗာန်သို့ မျက်မှောက်ပြုသည့်အခါ ခန္ဓာသည် ချုပ်ငြိမ်းနေသည်ဖြစ်၍ ဒုက္ခဟူသမျှ ဘာမှ မရှိတော့ချေ။ ဒုက္ခကို ကုန်စင်အောင် ရှုသတ်သော ဉာဏ်သည် ဒုက္ခချုပ်ရာ သုခတည်ရာကို မျက်မှောက်ပြုရာ၌ ဒုက္ခသုညတ – သုခထာဝရ သဘောဖြင့် မြတ်သောနိဗ္ဗာန်သို့ အပြီးအပိုင် စံမြန်းနိုင်တော်မူလေသည်။ ထိုအခါ ဒုက္ခချုပ်လျက်နှင့် ဒုက္ခချုပ်ရာကို ထိုးထွင်းသိမြင်သော ဉာဏ်တော်သည် ချမ်းသာစစ် ချမ်းသာမှန်၏ သဘောကို ဒုက္ခတို့၏ လွန်မြောက်ကုန်ဆုံးရာတွင် ကောင်းစွာသိရှိနားလည် သွားလေတော့သတည်း။

 

 

သာသနာတော်မြတ်အကြောင်း

 

သာသနာတော်သည် ငြိမ်းချမ်းသာယာလွန်းလှသည်။ သာသနာတော်သည် ဉာဏ်ပညာ၏ ၀င်စားရာ ဖြစ်သည်။ သာသနာဆိုသည်မှာ မြတ်ဗုဒ္ဓ၏ အဆုံးအမများ တည်ရာဖြစ်၍ သစ္စာတရားအား နားမလည်စေနိုင်သော မောဟကို တိုက်ခိုက်ဖြိုဖျက် အောင်မြင်ခြင်း၌ တည်ရှိသည်။ထို့ကြောင့်လည်း သာသနာသည် စင်ကြယ်သည်။ မွန်မြတ်သည်။ သန့်ရှင်းသည်။ အသိခက်သည်။ နက်နဲသည်။ သိမ်မွေ့သည်။ တိကျသည်။ ပြတ်သားသည်။ စစ်မှန်သည်။ သာသနာတော်မြတ် အကြောင်းကို ထပ်လောင်း၍ သိချင်ကြပေလိမ့်ဦးမည်။ အနည်းငယ် အကျယ်ချဲ့ပါဦးမည်။

သာသနာတော်ဆိုသည်မှာ လူသာမန်တို့ မသက်ဆိုင်ချေ။ လောဘ၊ ဒေါသ၊ မောဟကြီးမားရိုင်းစိုင်းသူ တို့နှင့် လားလားမှ မအပ်စပ်ပေ။ တဏှာ မာန ဒိဋ္ဌိ လွှမ်းမိုးနေသူတို့နှင့် တခြားစီဖြစ်သည်။ အ၀ိဇ္ဇာ ကိလေသာ နိဝရဏ ထူပြောသော ပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်ခြင်း အလျဉ်းမရှိပေ။

သာသနာတော်သည် ထိုထိုသော ယုတ်ညံ့သည်တို့ကို ပယ်စွန့်သည်ဖြစ်၍ အမှန်မြင်နိုင်သော သတ္တိ မတည်ဆောက်ရသေးသည်ဖြစ်၍ အမှန်ကို ဖုံးလွှမ်းသော အညစ်အကြေးများကို ပယ်စွန့်တိုက်ဖျက် ချေမှုန်းအောင်မြင်ပြီးသော စွန်းရည်ရသော ဉာဏ်ပညာဖြင့်သာ ထို သာသနာတော်မြတ်ကြီး အကြောင်းကို ကောင်းစွာသိမြင်နားလည် သဘောပေါက် နိုင်ပေလိမ့်မည်။

ထို့ကြောင့် သာသနာတော်သည် နက်နဲသိမ်မွေ့သည်ဟု အဆိုပြုခဲ့ရခြင်းဖြစ်သည်။ သာသနာတော်ကို သိချင်လျှင် ကိုယ့်ကိလေသာကို ကိုယ်ပယ်ရမည်။ ကိုယ့်ကိလေသာကို ကိုယ်တိုင်မည်သို့ ပယ်မည်နည်း။ အတ္တနှင့် ယှဉ်သော ကိလေသာစိတ်ကို အနတ္တနှင့်ယှဉ်သော ဉာဏ်သတ္တိဖြင့် ရှုသတ်ပယ်စွန့်ရမည်။ ထိုသို့ အတ္တကို ပယ်စွန့်နိုင်စွမ်းရှိသော ဉာဏ်ပညာရှင်တို့သည်သာ  စင်ကြယ်သော သာသနာတော်၏ ငြိမ်းအေးကြည်လင်သော သစ္စာဓာတ်ကို မြတ်နိုးစွာ ဆင်ခြင်ဝင်စား နိုင်မည်ဖြစ်သည်။

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *